သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရှေ့မြောက်အရေး တရုတ် ကြားဝင်ညှိနှိုင်း


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ လက်ရှိဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ အစိုးရစစ်တပ်ကြား စစ်ရေးတင်းမာမှုအပေါ်မှာ အိမ်နီးချင်း တရုတ်နိုင်ငံဘက်က ကြားဝင်ညှိနှိုင်းမှုတွေ လုပ်နေသလို အခြေအနေပေါ်မှာ နှစ်ဖက်လုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။အခုလို စစ်ပွဲတွေဖြစ်ပွါးနေတာကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒုက္ခသည် ထောင် သောင်းချီရှိနေတာပါ။ အကြောင်းစုံကို ကိုအောင်အောင်က တင်ပြပေးမှာပါ။

မကြာသေးခင်းရက်ပိုင်းတွေအတွင်းမှာပဲ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်တပ်ဖွဲ့က တာဝန်ရှိသူတွေတွေ့ဆုံနိုင်ဖို့ တရုတ်နိုင်ငံဘက်က ကြားဝင် စေ့စပ်ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း တရုတ်နိုင်ငံအနေနဲ့ ဆက်လက် ဝင်ရောက်ညှိနှိုင်းပေးလိမ့်မယ်လို့ ထင်ကြောင်း တရုတ်မြန်မာဆက်ဆံရေး လေ့လာသူ ဒေါ်လှကျော်ဇောက ပြောပါတယ်။

“ဟိုတလောကတော့ ကြားဝင်တာပဲလေ ဝင်ပြီးတော့ စေ့စပ်ပေးတာပဲ ၂ ဘက်တွေ့ဖို့ အဲဒါ စေ့စပ်လို့ မရဘူးလေ သူတို့ အချက်အလက်တွေ တဘက်နဲ့ တဘက် တောင်းဆိုတာမတူလို့ အဲဒီဆွေးနွေးပွဲပျက်သွားတယ် နောက်ထပ်လည်း ဒီလိုပဲ လုပ်ဦးမယ်ထင်ပါတယ် တရုတ်က ဒါမျိုးသိပ်စိတ်ရှည်တယ်။ သူတို့ကိုယ်တိုင်လည်း အဲဒီလို စိတ်ရှည်လက်ရှည် အများကြီးဆွေးနွေးခဲ့ကြတာလေကို၊ ဒါကြောင့်ထပ်လုပ်မှာပါ။”

လွန်ခဲ့တဲ့ နိုဝင်ဘ ာ ၃၀ ရက်နေ့တုန်းကလည်း တရုတ်အမျုးိသားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး Yang Yujun က စစ်ရေးပဋိပက္ခဖြစ်စဉ်မှာ ပါဝင်သူတွေအနေနဲ့ တရုတ်မြန်မာနယ်စပ်က တိုက်ပွဲတွေဆက်လက် မဖြစ်ပါွးအောင် လုပ်ဆောင်ဖို့နဲ့ နောက်တကြိမ်ထပ်မံဖြစ်ပွါးတာမျိုး ရှောင်ကျဉ်ဖို့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုထားတာပါ။ မြန်မာပြည်မြောက်ပိုင်းနဲ့ဆက်စပ်နေတဲ့ တရုတ်နိုင်ဘက်ခြမ်းက လူထုဟာလည်း တရုတ်စစ်တပ်အနေနဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုထားတာကြောင့် စစ်အင်အား အလုံးအရင်းနဲ့ ချထားပါတယ်။ နယ်စပ်ကူးသန်းသွားလာမှုကို ပိတ်ထားသလို နယ်စပ်ဒေသကို မသွားရောက်ဖို့ တရုတ်ဒေသအာဏာပိုင်တွေက ကြေညာချက်ထုတ်ပြန်ထားပေမယ့် ဒုက္ခသည်တွေကိုတော့ အကူအညီပေးနေတယ်လို့ ဒေါ်လှကျော်ဇောက ပြောပါတယ်။

“မြန်မာပြည်က ပြေးလာသမျှလူတွေကို စစ်ပြေးဒုက္ခသည်တွေကို ကောင်းကောင်းထားတာပဲ စားရေးသောက်ရေး နေရေးထိုင်ရေး အကုန်လုံးအခု တဲကြီးတွေထိုးပြီးတော့ Tent တွေပေါ့နော် ရွက်ဖျဉ် တဲကြီးတွေထိုးပြီးတော့ ဒုက္ခသည်စခန်းတွေလုပ်ပြီးတော့ သေသေချာချာ ပြုစုထားတယ်။ တနိုင်ငံလုံးကိုလည်း တချို့အဖွဲ့တွေက လှုံ့ဆော်လို့ထင်တယ် တနိုင်ငံလုံးက အခုဆောင်းတွင်းလည်းဖြစ်တော့ အဝတ်အစားတွေ အစားအသောက်တွေ ဒုက္ခသည်စခန်းတွေကို ရောက်လာတယ်လို့ပြောတယ်။ အဲဒါကြောင့် ဒု က္ခသည်တွေကိုလည်း ခါတိုင်းလို ပိတ်ထားတာတို့ ဘာတို့မရှိပဲနဲ့ ကောင်းကောင်းမွန်မွန်ပြုစုထားတယ်။”

ဒီဇင်္ဘာ ၄ ရက်နေ့တုန်းကတော့မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ KIA TNLA MNDAA နဲ့ AA အဖွဲ့တို့ပူးပေါင်းပြီး နိုင်ငံရေးဆွေးနွေးမှုတွေ စတင်နိုင်ဖို့စစ်ရပ်စဲဖို့ အဆင်သင့်ဖြစ်နေကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ စစ်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးမှု မဖြစ်မနေ လိုအပ်တာကြောင့်စစ်ရေးအရှိန်တွေကို လျှော့ချပစ်လိုက်တယ်လို့ PSLF / TNLA ခေါ် တအာန်း ပလောင်အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးက တာ့ဖုန်းကျော်က ပြောပါတယ်။

“မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အဓိက ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရတာလည်း စစ်ရေးပူးပေါင်းမှုတွေကနေတဆင့် တွေ့ဆုံဆွေးနွေးမှုက ဘယ်လိုမှ ရှောင်လို့မရဘူး၊ တွေ့ဆုံဖို့အနေအထား လုပ်ဖို့လိုတယ်ဆိုတာ ပေါ်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ အခု တရုတ်နိုင်ငံဘက်ကလည်း ဖိအားတွေပေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရအနေနဲ့လည်း မဆွေးနွေးလို့မရဘူး၊ မတွေ့လို့မရဘူး၊ ရှောင်လွှဲလို့မရဘူးဆိုတာ သေသေချာချာ သိသွားလိမ့်မယ်လို့ မြင်ပါတယ်။”

KIA ကချင်အဖွဲ့ကလွဲလို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးခွင့် မပြုဘဲ လက်နက်ကိုလမ်းစဉ်ကို စွန့်လွှတ်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကြောင့် PSLF/TNLA ၊ MNDAAနဲ့ AA အဖွဲ့တို့ပူးပေါင်းပြီး အခုလို စစ်ရေးတိုက်ပွဲဖေါ်ဆောင်ရာကနေ စစ်ရေးအရှိန်မြင့်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG