သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်းကိုးတိုက်ပွဲ ပြင်းထန်ဆဲ


မုန်းကိုး တိုက်ပွဲမြေပုံ (MOI)
မုန်းကိုး တိုက်ပွဲမြေပုံ (MOI)

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေဆဲဖြစ်သလို တိုက်ပွဲကြောင့် မုန်းကိုးဒေသခံတွေရဲ့အိမ်ခြေတွေ မီးလောင်ပျက်စီးမှု တွေဖြစ်ပွါးနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲနောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီးအခုလိုသတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေ(၂)ပတ်လောက်ဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့အတွင်း မြန်မာ့တပ်မတော်ကနေ ဒီကနေ့ မှာ လေကြောင်းအကူနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးမြင့်လုပ်ဆောင်လာသလို တိုက်ပွဲအတွင်းအိမ်ခြေတွေ မီးလောင် ပျက်စီးမှုတွေရှိတွေရှိနေတယ်လို့ ဒေသခံသိက္ခာတော်ရ ဆရာ တော် ဦးဇင်ဟန်လကပြောပါတယ်။

“အခုလောလောဆယ်တော့ မုန်းကိုးရဲ့ လွယ်ကြုံတောင်၊ ပန်လုံးတောင် တွေမှာ ရွာတွေမှာလည်း လေယာဉ်နဲ့ အကုန်လုံးမီးရို့ပြီး ရွာတွေမီးလောင်ကုန်ပြီခင်ဗျ။ ကျနော်တို့အခုလှမ်းမြင်နေရတယ်။ လေယာဉ်က ၃၊ ၄၊ ၅ စီးကို တစီးကနေတိုက်လိုက်၊ ဗုံးကျဲလိုက် နဲ့ အသားကုန်တိုက်နေတာတွေ့ရတယ်ခင်ဗျ အခုကျနော်တို့ကြည့်နေတာ။ နမ်ဆူရွာ တရွာလုံးမီးလောင်နေပြီခင်ဗျ ကျနော်တို့ ဒီကနေ အခိုးတွေ တထောင်းထောင်းနဲ့တွေ့နေရတာ လေယာဉ်ကတော့ အဆက်မပျက် ပစ်နေတယ်ခင်ဗျ၊ ပစ်လိုက်၊ ဗုံးကျဲလိုက်နဲ့ မီးခိုးတွေကြီးပဲ။”

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေနေရာယူထားတဲ့ လွယ်ကြုံတောင် ပန်လုံးတောင်ဘက်မှာ လေယာဉ်နဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေသလို မြို့အတွင်းမှာလဲ တိုက်ခိုက်မှုတွေရှိနေပြီး နမ်ဆူရွာအပါအဝင် ကျေးရွာတချို့ မီးရှို့ဖျက်စီးခံနေရတယ်လို့ ဦးဇင်ဟန်လကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဘက်က မုန်းကိုးမြို့ ဗျူဟာကုန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပေမဲ့ နေရာအနှံ့မှာ ပစ်ခတ် တိုက်ခိုက်မှုတွေဆက်လက်ရှိနေတယ်လို့ တပ်ပါင်းစုရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါ တယ်။

“၁ ရက်နေ့နဲ့ ၂ ရက်နေ့အထိ ကျနော်တို့ ဗျူဟာကုန်းကိုသိမ်းပြီးရှင်းတယ် ။ အဲဒီမှာ ဓါးစာခံအနေနဲ့ ဖမ်းထားတဲ့ အရပ်သားတွေကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်ပေါ့နော်။ အဲဒီဝန်းကျင်မှာလည်း မြန်မာ့တပ်မတော်က ရှိသေးတယ်။ သူတို့နဲ့ တိုက်ပွဲက တောက်လျှောက်ဖြစ်တယ်လို့ပြောရမှာပဲ။ နိုဝင်ဘာ ၂၀ ရက်နေ့ကနေစပြီးတော့မှ ဒီနေ့အထိ မပစ်တဲ့ရက်ကို မရှိဘူး။ မုန်းကိုးမြို့ထဲကို တပ်မတော်က ဗုံးနဲ့ လာကြဲတယ်။ အိမ်ခြေကတော်တော်များများ ထိခိုက်ပျက်စီးတယ် တချို့က မီးလောင်တယ်။”

ဒီပစ်ခတ်မှုနဲ့ပက်သက်ပြီး မြန်မာ့တပ်မတော်ဘက်ကတော့ တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ မုန်းကိုးမြို့အတွင်း အိမ်တွေ အဆောက်အအုံတွေကို အကာအကွယ်ယူချဉ်းကပ်တိုက်ခိုက်လာလို့ တပ်မတော်အနေနဲ့ မလွှဲမရှောင်သာအနီးကပ် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရခြင်းနှင့် အနီးကပ်ပစ်ကူပေးရလို့ အရပ်သားနဲ့နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဘက်က မုန်းကိုးမြို့ကိုစတင်တိုက်ခိုက်ချိန်ကစလို့ မြန်မာ့တပ်မတော်ကနေ ဓါးစာခံ အဖြစ်ဖမ်းဆီးထားတဲ့ ရွာသား(၇၀)ကျော်ဟာ လဲပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ဒေသခံသိက္ခာတော်ရဆရာတော်ဦးဇင်ဟန်လက ပြောပါတယ်။

“သူတို့ အင်တာဗျူးတွေတောင်လုပ်နေကြပြီ။ အားလုံးနီးပါးလွတ်လာပြီ သူတို့ကို ဓါးစာခံ ပုံစံမျိုးပဲခင်ဗျ မင်္ဂလာဆောင်လာတဲ့လူတွေကို အကုန်လုံးဖမ်းထားတယ်။ တရုတ်ပြည်ကလူတွေရော ဖမ်းထားတယ်၊ တရုတ်ပြည်ကလူတွေကိုတော့ ပြန်လွှတ်ပြီးတော့မှ ကျန်တဲ့လူတွေကို ဖမ်းတယ်။ အခုလွှတ်လာတဲ့ လူတွေပြောတာ တအားနှိတ်စက်တယ်တဲ့ ခြံစည်းရိုးတွေမှာကြိုးချည်ထားပြီးမှ အဲဒီလိုမျိုးပြောကြတယ်ခင်ဗျ။ အဲဒါ ထွက်ပြေးလွှတ်မြောက်လာတဲ့လူတွေ လာပြောပြတာပေါ့လေ။”

ဒီရွာသားတွေကိုဖမ်းဆီးထားမှုနဲ့ပက်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကိုမေးမြန်းရာမှာ ဖမ်းဆီးတာမရှိဘူးဆိုတဲ့ပြန်ကြားချက်ရရှိထားကြောင်းနဲ့ အခြေ အနေအသေးစိတ်ကို ထပ်မံစစ်ဆေးနေကြောင်း ဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာလဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ နန်းဖက်ကာအကြားမှာ မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲ(၅)နေရာဖြစ်ပွါးခဲ့တယ်လို့ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါ တယ်။

“ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားတိုက်ပွဲက ၅ နေရာလောက်ဖြစ်တယ်။ တိုက်ပွဲကတော့ မနက်ပိုင်း ၄ နာရီနဲ့ ၅ နာရီ နောက် ၉ နာရီကျော်လည်းရှိတယ်။ တိုက်ပွဲကတော့ ၁ နေရာကို နာရီဝက် ၁ နာရီနီးပါး လောက်ကြာတယ်။”

ပြီးခဲ့တဲ့နိုဝင်ဘာလ(၂၀)ရက်နေ့ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်အဖွဲ့စတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ မြန်မာ့တပ် မတော်တို့အကြား တရုတ် – မြန်မာနယ်စပ်မူစယ် ကြူကုတ်-ပန်ဆိုင်း မုန်းကိုး ဒေသအတွင်း တိုက်ပွဲတွေ ဆက် တိုက်ဖြစ်ပွါးလာခဲ့တာပါ။

မုန်းကိုးဒေသတိုက်ပွဲနဲ့ပက်သက်လို့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့အနေနဲ့ အချက်ချကျတဲ့ ဗျူဟာကုန်းအပါ အဝင် နေရာတော်တော်များများကိုထိမ်းချုပ်နိုင်ခဲ့ပြီးလို့ပြောဆိုခဲ့ပေမဲ့ မြန်မာ့တပ်မတော်ဘက်ကတော့ တပ်ပေါင်းစုအဖွဲ့ တွေမုန်းကိုးစခမ်းကို တတိယအကြိမ်ချဉ်းကပ်တိုက်ခိုက်ခဲ့လို့ တပ်မတော်ဘက်ကပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ချဉ်းကပ်မှု ရပ်တန့်သွားခဲ့သလို ရန်သူ့ထံမှ အလောင်း ၅လောင်း နှင့် သေနတ် ၅လက် ထပ်မံသိမ်းဆည်းရမိပြီး တပ်မ တော်ဘက်ကလည်း အရာရှိစစ်သည်အချို့ကျ၊ ဒဏ်ရာရရှိခဲ့တယ်လို့ မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်းတိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်လို့ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင် စုငြိမ်းချမ်းကော်မရှင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့အတွက် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA ၊ TNLA ၊AA အဖွဲ့တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကူမင်းမြို့ကို ဖိတ်ခေါ်ခဲ့ပေမယ့် ကော်မရှင်ဖက်က တစ်ဖွဲ့ချင်းစီနဲ့သာ သီးခြားတွေ့ဆုံလိုပြီး အစုအဖဲ့ွလိုက်တွေ့ဆုံဖို့ဆိုရင် MNDAA, AA , TNLA တပ်ဖွဲ့ ၃ ဖွဲ့နဲ့သာ တွေ့ဆုံမှာဖြစ်တဲ့အတွက် ညှိနှိုင်းမှုအဆင်မပြေဘဲ တွေ့ဆုံပွဲ အောင်မြင်မှုမရရှိခဲ့ပါဘူး။

အခုလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် မုန်းကိုး ဖေါင်းဆိုင်ဒေသက သောင်းနဲ့ချီတဲ့ဒေသခံရွာသားတွေဟာ စစ်ဘေးလွတ် ရာ တရုတ်နိုင်ငံထဲကို စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ခိုလှုံနေရပါတယ်။

မုန်းကိုးတိုက်ပွဲ ပြင်းထန်ဆဲ
please wait

No media source currently available

0:00 0:04:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG