သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်သွယ်မှု ပုံမှန်အနေအထား မရောက်သေး


မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်
မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်

မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားတပ်ပေါင်းစု တို့အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် တပတ်ကြာ ရပ်နားထားရတဲ့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို အခုဆိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ကုန်သွယ်မှုအခြေအနေဟာ ပုံမှန်အနေအထားကိုမရောက်သေးဘူးလို့ မူဆယ်ခရိုင်အာဏာပိုင်တွေကပြောပါတယ်။

တိုက်ပွဲကာလအတွင်း လမ်းတံတားယိုယွင်းမှုနဲ့ လမ်းလုံခြုံမှု မရေရာသေးတဲ့ အခြေအနေကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်နေတယ်လို့ လည်းဆိုပါတယ်။ မူဆယ်မြို့နယ်ဟာအခြေအနေတည်ငြိမ်လာပြီးလို့ဆိုပေမယ့် ဗုံးပေါက်ကွဲမှုနဲ့ ကြိုကြားပစ်ခတ်မှု တွေရှိနေသေးတာကြောင့် ဒေသခံတွေအတွက်စိုးရိမ်နေရဆဲလို့ဒေသခံတွေကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ မူဆယ်ခရိုင် မူဆယ်မြို့မှာ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေ ငြိမ်သက်သွားလို့မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဆိုပေမဲ့ ပုံမှန်အနေအထားကို မရောက်သေးဘူးလို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ ၂၆ ရက်နေ့ကနေ စပြီးတော့မှာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပုံမှန် သွားရောက်နေပါတယ်ခင်ဗျ။ အခုလက်ရှိအခြေအနေမှာက ၂၇ ရက်နေ့မှာက အမေရိကန်ဒေါ်လာ ကုန်သွယ်မှု တန်ဖိုးဟာ ၃ သန်းကျော်ပဲ ရှိတာပေါ့နော် ၊ အခုမနေ့ကတော့ ၂ သန်းကျော်ကျော် ပဲရှိတယ်ခင်ဗျ။ ၂.၉၇၇ ဆိုတော့ ၃ သန်း လောက်ပဲရှိတာပေါ့။ ပုံမှန်ကုန်သွယ်မှုရဲ့ လေးပုံ ၁ ပုံ လောက်ပဲ ဖြစ်တာပေါ့နော်။”

ယခင်က မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ကုန်သွယ်မူပမာဏ အားဖြင့် တရက်ကိုဒေါ်လာ ၁၃ သန်းမှ ၁၅ သန်း ဝန်းကျင်အထိရရှိခဲ့ပေမဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးပြီးနောက် အခုဆို ၃သန်းနီးပါးလောက်သာရှိနေတယ်လို့ ဦးဇော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ(၂၀)ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့ တွေဖြစ်တဲ့ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုး သားများဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်တပ်ဖွဲ့စတဲ့ အဖွဲ့တွေကနေ ဝင်ရောက်ပစ်ခတ် တိုက် ခိုက်ခဲ့လို့ ကုန်သွယ်ရေးဇုန်ကြီးနဲ့ ယာဉ်ငယ်စစ်ဆေးရေး ဂိတ်တွေကို ခေတ္တပိတ်ထားရပြီး ကုန်သွယ်မှုရပ်ဆိုင်းနေရာ ကနေ နိုဝင်ဘာ(၂၆)ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့တာပါ။

လက်ရှိကုန်သွယ်ရေးအတွက်လမ်းတံတားတွေယိုယွင်းနေတဲ့အခြေအနေကြောင့် ကုန်စည်စီးဆင်းမှုနှေးကွေးနေတယ် လို့ ဦးဇော်မင်းက ပြောပါတယ်။

“ဒီလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ တံတားတွေ ကို သူတို့ မိုင်းခွဲထားတဲ့အတွက် တံတားကြံ့ခိုင်မှု အခြေအနေကြောင့် ပုံမှန်လာနေတဲ့ ပွဲစားတွေ ၊ ၁၂ ဘီးယာဉ်တွေက ဖြတ်သန်းလို့မရတဲ့အတွက်ကြောင့် သူတို့က ပစ္စည်းတွေကို ပြန်ထည့်ပြီးတော့ သွားလာနေတဲ့အတွက်ကြောင့် ကုန်သွယ်မှုကတော့ နည်းနည်းလေး ကြန့်ကြာနေတဲ့တယ်၊ အချိန်ပိုပြီးတော့ ကုန်တာပေါ့နော် ၊ ပြီးရင် ကုန်ကျစာရိတ်လည်းပိုများတယ် အဲလိုဖြစ်တယ်။ အဲလိုအခြေအနေလေးတွေက ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကုန်သွယ်မှုကတော့ ပုံမှန်ပြန်ဖြစ်ဖို့က နည်းနည်းလေး ခက်ခဲပါတယ်။”

ကုန်သည်တွေအနေနဲ့လဲ လမ်းလုံခြုံရေးအနေအထားကြောင့် ကုန်စည်ပို့ဆောင်မှု ရပ်တန့်နေတယ်လို့ ရွှေလမင်း ပဲခွဲစက်ရုံပိုင်ရှင် ကိုဝင်းသိန်းကပြောပါတယ်။

“မန္တလေး - မူဆယ်သွားလာရေးကတော့ မန္တလေးကုန်သည်အနေနဲ့ကတော့ ကားတွေသိပ်မတင်ရဲကြဘူ။ လောလောဆယ်ရပ်သလောက်နီးပါးဖြစ်နေတယ်ပေါ့နော်။ စွန့်စွန်းစားစားသွားတဲ့ ကားသမားတွေတော့ရှိတယ်လို့ ကြားတယ်။”

ကုန်သွယ်မှုအတွက် ငွေသွင်းငွေထုတ်ကိစ္စရပ်တွေဆောင်ရွက်နိုင်ဖို့ ဘဏ်တွေကလဲ လုံခြုံရေးအရ အချိန်ပိုင်းသာ ဖွင့်လှစ်နိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ရဲ့ကုန်သွယ်မှူဟာ မြန်မာနိုင်ငံက ပို့ကုန်တွေဖြစ်တဲ့လယ်ယာ ထွက်ပစ္စည်း ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ သကြားနှင့် သစ်သီးဝလံတွေကို တရုတ်နိုင်ငံကိုတင်ပို့ပြီး သွင်းကုန်အဖြစ်ဓာတ်မြေသြဇာ၊ လူသုံး ကုန်၊ အိမ်သုံးပစ္စည်း၊ စက်ယ္တရားပစွည်းတွေ ကိုတင်သွင်းရာမှာအခုဆို ကားအစီးရေ(၂၀၀)ခန့်သာ အတက်အဆင်း ရှိနေတယ်လို့ ကိုဝင်းသိန်းကပြောပါတယ်။

လက်ရှိမူဆယ်မြို့မှာ အခြေအနေတည်ငြိမ်နေပြီးလို့ဆိုပေမဲ့ မနေ့ညဘက်မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက အခုလိုပြောပါတယ်။

“ညက ဖြစ်တယ် နေရာ ၃ နေရာလောက်မှာ ဖြစ်သွားတာပေါ့နော်၊ ၃ နေရာလောက်မှာ ပေါက်ကွဲမှုဖြစ်တာပေါေ့နာ်။ ကျနော်တို့ ၆ နာရီ ၄၀ လောက်မှာ တကြိမ်၊ နောက်ပြီးတော့ ၉ နာရီ ၄၀ လောက်မှာ တကြိမ်၊ နောက်ပြီးတော့မှ ၁၀ နာရီ ၅ မိနစ်မှာ တကြိမ် ပေါ့နော်။ ကျနော်တို့ မြို့နဲ့ ဆက်စပ်တဲ့အစွန်အဖားျ ရပ်ကွက်တွေ ၊ အဲဒီလမ်းဆုံတွေမှာ ပေါက်ကွဲမူဖြစ်တာပေါ့နော်၊ ထိခိုက်မူကတော့ မရှိဘူးခင်ဗျ။”

လုံခြုံရေးအရအပြည့်အဝစိတ်မချနိုင်သေးတဲ့အခြေအနေတွေကြောင့် မူဆယ်ဒေသခံပြည်သူ တွေအတွက် စိုးရိမ် ထိတ် လန့်မှုတွေရှိနေဆဲလို့ မူဆယ်မြို့ခံ ဂရုဏာပရဟိတအသင်း ဥက္ကဌ ဦးသောင်းထွန်းကဆိုပါတယ်။

“အခုတော့ ညပိုင်းဆိုရင်တော့ ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေတော့ ညပိုင်းမှာ ကြားကြားနေရပါတယ်။ အဲဒီလို ပစ်ခတ်သံတွေကြားနေရတဲ့အတွက် ကျနော်တို့ ဒေသခံတွေ ကတော့ ညပိုင်းဆိုရင် လမ်းပေါ်မှာ လူနည်း သွားပါတယ်ခင်ဗျ။ စိုးရိမ်ထိတ်လန့်ပြီးတော့ အပြင်သိပ်မထွက်ကြပါဘူးခင်ဗျ။”

ပြီးခဲ့တဲ့နိုဝင်ဘာ(၂၀)ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီး ပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ပစ်ခတ် တိုက် ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့်ဒေသခံ(၄၀၀၀)ခန့်ဟာလဲ မူဆယ်မြို့ပေါ်က ဒုက္ခသည်စခမ်း(၉)ခုမှာ ထွက်ပြေးတိမ်း ရှောင်နေခဲ့ရပါတယ်။

လက်ရှိမှာ မူဆယ်မြို့ဘက်မှာ စစ်ရေးအခြေအနေ အတော်တန်ငြိမ်သက်သွားတာကြောင့် ဒုက္ခသည်တွေနေရပ်ပြန် နိုင်ပြီးဖြစ်သလို တပတ်ခန့်ပိတ်ပင်ထားခဲ့ရတဲ့၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုံကိုလဲပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ဖေါင်းဆိုင်ဒေသ အတွင်းမှာတော့မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း မဟာ မိတ်တိုင်းရင်းသားတပ်ပေါင်းစု တို့ အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG