သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်


မူဆယ်စစ်ပြေးဒုက္ခသည်များ။
မူဆယ်စစ်ပြေးဒုက္ခသည်များ။

တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းမှာ ဒီသီတင်းပတ်ထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စီးနင်းတိုက်ခိုက်မှုတွေ ကြုံခဲ့ရတဲ့အတွက် အစိုးရက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ် လာနေပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပဖို့ NLD အစိုးရက ကြိုးပမ်းနေချိန်မှာ ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုတွေအပေါ် နိုင်ငံရေး၊ တိုင်းရင်းသားအရေး အကဲခတ် သုံးသပ်သူတွေရဲ့ သဘောထား အမြင်တွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။

မြန်မာနဲ့ တရုတ်နိုင်ငံကြားက အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်တဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန် အပါအဝင် နေရာတော်တော်များများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး အလားအလာတွေ မှေးမှိန်လာပြီလားလို့ စိုးရိမ်မှုတွေ ထွက်ပေါ် လာနေတာ ဖြစ် ပါတယ်။ အရပ်သားတွေ အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံး ပြီး၊ ၃၀ ကျော် ဒဏ်ရာရခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ စီးနင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကတော့၊ သူတို့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်မထားသလို၊ အစိုးရစစ်တပ်က စစ်ရေးအရ ဖိအားပေးမှုတွေကြောင့် တုံ့ပြန်ခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အခုလို စီးနင်းတိုက်ခိုက်တဲ့ အထိ ဖြစ်လာရတဲ့ အခြေခံ အကြောင်းရင်းတွေ ရှိနိုင်တယ်လို့ ယူဆပါတယ်။

"ဒီဟာနဲ့ပတ်သက်ပြီးတော့ မှန်တယ် မှားတယ်ပြောဖို့ကတော့ နည်းနည်းခက်တယ်။ လူဆိုတာ ရွေးချယ်စရာမရှိရင်တော့သူ ရှိတဲ့ဟာ ရွေးချယ်ရလေ့ရှိတယ်လို့ပဲ ေြ ကျနော်မြင်ပါတယ်။"

ရှမ်းပြည်နယ်တွင်းက တိုက်ခိုက်မှုတွေမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးမထားသေးတဲ့ KIA ကချင်လွတ်မြောက်ရေးအဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တွေ ပါဝင်နေတာကြောင့်၊ အားလုံးပါဝင်နိုင်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ဖို့ အလားအလာတွေအပေါ် စိုးရိမ်သူတွေလည်း ရှိကြပါတယ်။

တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တယောက်ဖြစ်တဲ့ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ နာယက ခွန်ဥက္ကာ ကတော့ အစိုးရနဲ့ စစ်တပ် အနေနဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို နားလည်ဖို့ လိုအပ်နေတုန်းပဲလို့ သုံးသပ်ပါတယ်။

"ဦးသိန်းစိန်အစိုးရတုန်းကလို ဒီဆွေးနွေးရေး အဖွဲ့တွေမှာ တပ်မတော်က အစိတ်အပိုင်း အဖြစ်နဲ့ အင်တိုက်အားတိုက် ပါတာ နည်းသွားတယ်။ အားလျော့သွားတယ်။ လျော့သွားတဲ့အခါကျတော့ တပ်မတော်က သီးခြားခေါင်းစဉ် သီးခြားအစုအဖွဲ့ဖြစ်ပြီးတော့ ပြသနာတချို့ကို သီးခြား သူ့နည်းသူ့ဟန်နဲ့ ရှင်းနေတာမျိုးကို သွားတွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ အစိုးရက စေ့စပ် ညှိနှိုင်းရေး အဖွဲ့ဝင်တွေက တပ်မတော်နဲ့ က သူတို့အချင်းချင်း ညှိနှိုင်းဖို့ဆိုတာတွေက အားနည်းတာတွေ တချို့ရှိတာတွေ့ရတယ်။"

လက်နက်ကိုင်တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ တုန်းကတော့ ပြဿနာတွေကို လက်နက်ကိုင် လမ်းစဉ်နဲ့ အဖြေမရှာဘဲ နိုင်ငံရေးနည်းနဲ့သာ အဖြေရှာဖို့၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကတိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရုံနဲ့ ပြေလည်မှု ရနိုင်ပါ့မလားဆိုတာ မသေချာဘူး လို့ နိုင်ငံရေးအကဲခတ် ဦးမောင်မောင်စိုး က သုံးသပ်ပါတယ်။

" မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ဆိုလို့ရှိရင် ဒီလက်နက်ကိုင် ပဋိပက္ခအဖွဲ့ထဲမှာ ပါဝင်နေတဲ့အဖွဲ့အားလုံး ပါဝင်ရေးသည် အခြေခံမူဖြစ်တယ်။ ဒီအခြေခံမူကို ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့သူ အားလုံးရော ဝိုင်းဝန်းနေတဲ့သူ အားလုံးရော ဆုပ်ကိုင်ဖို့လိုတယ်လို့ထင်တယ်။ အဲ့တာကို အနှေးနဲ့အမြန် ဆုပ်ကိုင်နိုင်ရင် ဒါငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှာပဲ။ အဲ့တာကို မဆုပ်ကိုင်နိုင်သရွေ့ အခက်အခဲရှိနေမှာပဲ။"

နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြတဲ့ ဒေသခံထောင်ပေါင်းများစွာကို ယာယီလက်ခံထားတဲ့ တရုတ်နိုင်ငံကတော့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းဖို့နဲ့ နယ်ခြားဒေသ တည်ငြိမ်အေးချမ်းရေအတွက် လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေသူတွေ အားလုံးအနေနဲ့လည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်း ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG