သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ရေးထိုးဖို့ အစိုးရတိုက်တွန်းချက် တုံ့ပြန်မှုတွေထွက်ပေါ်


ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ပဋိပက္ခတွေ အမြန်ဆုံး ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ရေးတို့အတွက် NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးကြဖို့ တိုက်တွန်းထားတဲ့ ကြေညာချက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တိုင်းရင်းသား အင်အားစုတွေ အပါအဝင် မြန်မာနိုင်ငံရေးအကဲခတ်တွေက တုံ့ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်အတွင်းက မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေ အတွင်းမှာရှိတဲ့ တပ်စခန်း၊ ရဲစခန်းနဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့က တိုက်ခိုက်ပြီးတဲ့နောက် အဲဒီ ဒေသတွေမှာ နောက်ဆက်တွဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

NCA အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လက်မှတ် ထိုးနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်မှုတွေ အရင် လုပ်ဆောင်ခြင်းမရှိပဲ လက်မှတ်ထိုးခိုင်းသလို ဖြစ်တဲ့အတွက် ဒီကြေညာချက်ဟာ တဘက်သတ်ဆန်တဲ့ ကြေညာချက်ဖြစ်မျိုး ဖြစ်နေတယ်လို့ KNO ကချင်အမျိုးသားအစည်းရုံးက ဗြိတိန်နိုင်ငံ၊ လန်ဒန်ရုံးခွဲရဲ့ အတွင်းရေးမှူး ခန်းဖာတူးက ပြောပါတယ်။

"ဒါက တဘက်သတ်ဆန်တဲ့ လိမ်ညာလှည့်စားတဲ့ ကြေညာချက်ဆိုတာ ကျနော်တို့က အဲ့လိုမျိုး ခံယူထားတယ်ခင်ဗျ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ တိုင်းရင်းသားနဲ့ မြန်မာပြည်သူတွေအားလုံးရဲ့ မျှော်လင့်ချက်အကြီးမားဆုံး ဆိုပြီးမှ ကျနော်တို့က အရင်တုန်းက ကျနော်တို့ ကချင်တွေအားလုံး အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ကျနော်တို့အားလုံး ဆုတောင်းခဲ့တယ်ခင်ဗျ။ ဒါပေမဲ့ အခုက ဒေါ်အောင်ဆန်းစုကြည်က ဗမာ့တပ်မတော်ဘက်ကို ပါသွားပြီ။ ကျနော်တို့ ကချင်လူမျိုးတွေက အဲဒါမျိုး ခံစားမိတယ်ပေါ့နော်။ အခု ဒီ ကြေညာချက်ထွက်လာတော့။ ဒီကြေညာချက်ကို ကြည့်လို့ရှိရင် ဗမာ့တပ်မတော်အနေနဲ့ လိုင်ဇာကို လေယာဉ်နဲ့ တိုက်တာတို့၊ နေ့စဉ် အမြောက်ကျည်ဆံနဲ့ ထုနေတာ တခုမှ မပါဘူး။ အခု မူဆယ်ကို ကျနော်တို့က ခံစစ်အနေနဲ့ တိုက်တဲ့အခါကျတော့ ကျနော်တို့ကပဲ စစ်လိုလားသလို အဲ့ဒါမျိုး ရေးထားတဲ့ဟာကိုလည်း ကျနော်တို့ တွေ့ရှိရတယ်ခင်ဗျ။"

ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်တဲ့ ကြေညာချက်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် ၂ ဖက်စလုံးကို ထောက်ပြ ပြောဆိုထားတဲ့အချက် အားနည်းနေတာကို တွေ့ရတယ်လို့လည်း မြန်မာ့နိုင်ငံရေး အကဲခတ် ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်စလုံးကိုပေါ့ မီးမောင်းထိုး တိုက်တွန်းတဲ့အပိုင်းမှာ အားနည်းတာကိုတော့ တွေ့ရတယ်။ အဲတော့ တကယ်တမ်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကနေတဆင့် အပစ်အခတ်ရပ်စဲရေး တည်ဆောက်ဖို့ဆိုတာ လတ်တလောအခြေအနေမှာ လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို နှစ်ဘက်စလုံးက နားလည်ပြီးသားလို့ ကျနော်လည်းပဲ ယုံကြည်တယ်။ အဲဒီအခါကျတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သွားရမယ့်ခရီးက ဆွေးနွေးရမယ့် ဖြေရှင်းရမယ့် ပြဿနာတွေက ရှိနေဆဲ အခြေအနေမှာပဲ ရောက်နေတယ်လို့ ကျနော်က မြင်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်မယ့် အနေအထားမျိုးရောက်အောင် နိုင်ငံရေးအရ လွတ်လပ်ပွင့်လင်းပြီးတော့ ထိရောက် အလုပ်ဖြစ်တဲ့ ဆွေးနွေးမှုတွေကို အမြန်ဆုံးလုပ်ဖို့ လိုအပ်တယ်လို့ ကျနော်က မြင်တယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆုံးအဖြတ်ပေးနိုင်မယ့် လူတွေကိုယ်တိုင် ပါဝင်တဲ့ ထိရောက် အလုပ်ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အမြန်ဆုံး စတင်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်တဲ့ ပြည်ပရောက် NLD ပါတီ ပံပိုးရေးအဖွဲ့ဝင် ဒေါက်တာ ဝင်းနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်အပေါ် သူ့ရဲ့ အမြင်သဘောထားကို အခုလို ပြောပြပါတယ်။

"အမဒေါ်စုပြောတာကတော့ NCA က သဘောတူ လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသားတွေရော၊ မထိုးရသေးတဲ့ တိုင်းရင်းသားတွေရော၊ စုံစုံညီညီလေးနဲ့ ထပ်ပြီးတော့ တွေ့ပြီးတော့ ၂၁ ရာစုပင်လုံမှာ လာမယ့် ပင်လုံမှာ အားလုံး စုစုစည်းစည်းနဲ့ လုပ်ကြဖို့ဆိုတာ အဓိက အဲ့လိုရေးတာလို့ပဲ ကျနော် ထင်တယ်လေ။ တခုရှိတာက ဒီ နှစ်ဘက်ကို ညှိရတဲ့အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မင်းလည်းရပ်၊ မင်းလည်းရပ် ဆိုတာမျိုးကတော့ ဘယ်ပြောလို့ရမလဲ။ လူကြီးကတော့ ဒီလောက်ပဲ ပြောရမှာပဲပေ့ါ။ ဒီထက် ပိုပြောလို့လည်း မဖြစ်ဘူးလေ။ ခုနပြောသလိုပေါ့ အရေးကြီးတာက နားလည်မှုရှိရှိ၊ စုံစုံညီညီလေးနဲ့ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးဖို့က အရေးကြီးဆုံးလို့ ထင်ပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ် ၊ MNDAA ကိုးကန့် ၊ TNLA ပလောင်နဲ့ AA ခေါ် ရခိုင့်တပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးအရ ဖိအားပေးခံနေရတာကြောင့် တုံပြန်တဲ့အနေနဲ့ ကန့်သတ်စစ်ပွဲ ဆင်နွဲတာဖြစ်ကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေဖို့ ရည်ရွယ်ခြင်းမဟုတ်ကြောင်း KIO ကချင်လွတ်မြောက်ရေး အဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး မူဆယ်၊ ကွတ်ခိုင်နဲ့ သိန်းနီမြို့နယ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အရပ်သား သေဆုံးသူပေါင်း ၉ ဦးခန့် ရှိသွားပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကတော့ ၂၅ ဦးလောက် ရှိသွားပြီ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ဘက်က သေဆုံး ဒဏ်ရာရတဲ့ စာရင်းတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG