သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်အခြေအနေ တည်ငြိမ်စပြု


မူဆယ်မြို့မြင်ကွင်း (ဓါတ်ပုံ- အားရှန်)
မူဆယ်မြို့မြင်ကွင်း (ဓါတ်ပုံ- အားရှန်)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲအရှိန်လျော့ကျလာနေပြီး မူဆယ်နဲ့ ကွတ်ခိုင်မြို့မှာ အခြေအနေဟာ ပြန်လည်တည်ငြိမ်စပြုလာနေပြီဖြစ်ပါတယ်။ ပြီးတဲ့ရက်က မူဆယ်ကနေ တရုတ်နိုင်ငံကို တိမ်းရှောင်သွားသူ အချို့ ပြန်လာနေပြီဖြစ်ပေမဲ့ မူဆယ်မြို့ပေါ်ကို လာရောက်ခိုလှုံသူတွေ ကတော့ နေရပ်မပြန်နိုင်သေးပါဘူး။ မူဆယ်နဲ့ ကွတ်ခိုင်မြို့က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်း တိုက်ခိုက်တာတွေဟာ အင်္ဂါနေ့ညပိုင်းမှာတော့ တိုက်ပွဲအရှိန်လျော့ကျလာသလို ဒီကနေ့မှာတော့ မူဆယ်နဲ့ ကွတ်ခိုင်မြို့တွင်းအခြေအနေဟာ ပြန်လည်တည်ငြိမ်စပြုလာပြီ ဖြစ်ပါတယ်။

ဒီကနေ့ ကွတ်ခိုင်မြို့က အခြေအနေကို မြို့ခံတဦးက အခုလို ပြောပါတယ်။

“ဒီနေ့အခြေအနေကတော့ ကောင်းပါတယ်ခင်ဗျ။ ဒီမှာ ဈေးတွေဖွင့်ပြီးသွားလာလှုပ်ရှားနေကြပါပြီ။ ဖွင့်တဲ့လူလည်းဖွင့်၊ ပိတ်တဲ့လူလည်းပတ်ကြတယ်ခင်ဗျ။ အရှိန်က မသေသေးဘူး ပေါ့ဗျာ။ တရုတ်ပြည်ကနေ ဘာမှမဖြစ်တော့ ဒီတိုင်းပြန်လာကြတဲ့လူတွေလည်းရှိတယ်ခင်ဗျ။ တချို့တဝက်တော့ပြန်လာကြတယ်ခင်ဗျ။ ဘာမှမဖြစ်တော့ ပြန်လာကြတယ် ၊ ဆိုင်ကယ်တွေ ကားတွေပုံမှန် နည်းနည်းသွားလာနေကြပြီပေါ့ဗျာ။ အရင်လိုတော့ အစည်ကြီးတော့မဟုတ်ဘူးခင်ဗျ။”

ဒေသခံသတင်းထောက် တဦးဖြစ်တဲ့ ဦးမောင်က ဒီကနေ့ မနက် ၂နာရီလောက်မှာ ပစ်ခတ်သံကြားတာရှိပေမယ့် မနက်လင်းပိုင်းကစ မူဆယ်မြို့ အခြေအနေက တည်ငြိမ်လာပြီဖြစ်ကြောင်း ပြောပါတယ်။

“မနက် ၂ နာရီကျော်ကျော်လောက်မှာ ပစ်ခတ်တဲ့အသံကို ကြားရတယ်၊ ကျနော်တို့ ၁၂ ချက် ၁၃ ချက်လောက်ကြားရတယ်၊ ၁၀ ချက်ကျော်ပေါ့အဲဒီလောက်ကြားရတယ်။ တရုတ်ဘက်ပိုင်းလို့ယူဆတယ်။ တခြား ဒီမြန်မာနိုင်ငံ မူဆယ်မြို့အတွင်းမှာတော့ အေးအေးဆေးဆေးပါပဲ။ တည်တည်ငြိမ်ငြိမ်ပဲ။ ဒီနေ့ ပုံမှန်အတိုင်း ဟိုးအရင်တုန်းကလို ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ။”

တရုတ်ပြည်ဖက် တိမ်းရှောင်သူတချို့ကတော့ စိုးရိမ်တာတွေ ရှိနေတာကြောင့် ပြန်မလာသေးပါဘူး။ ဒီအပေါ်မှာတော့ မူဆယ်ဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်က အခုလို သုံးသပ်ပါတယ်။

“ပြန်မလာရဲသေးဘူးဆိုတာ ပြန်လာခဲ့ရင် တော်ကြာနေ တဘက် သို့မဟုတ် တဘက်က အထိနာလိုက်လို့ အရမ်းလုပ်လာမှာစိုးရိမ်လို့ သူတို့ပြန်မလာရဲတာပါ။”

လောလောဆည်မှာ မူဆယ်မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင်ဒုက္ခသည် ၃ထောင်ကျော်လောက်ရှိနေပြီး သူတို့တွေကတော့ နေရပ်မပြန်နိုင်သေးပါဘူး။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှုးရုံးကတော့ မြို့နေပြည်သူတွေရဲ့ လုံခြုံရေးအတွက် တပ်မတော်၊ရဲနဲ့ ပြည်သူ့စစ်တွေက တာဝန်ယူပူးပေါင်း ဆောင်ရွက်နေကြောင်းနဲ့ နေအိမ်တွေကို စွန့်ခွာမသွားကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အင်္ဂါနေ့ကတော့ ကွတ်ခိုင်-မူဆယ်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ကွတ်ခိုင်မြို့ပေါ်မှာ ဈေးတွေ ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။ ဒီကနေ့မှာတော့ အခြေအနေဟာ ပုံမှန်နီးပါး ပြန်ဖြစ်လာပြီလို့ ကွတ်ခိုင်မြို့ခံတယောက်က ပြောပါတယ်။

“ဒီနေ့တော့ ဈေးတွေလည်းပြန်ဖွင့်တယ်။ ကျောင်းတချို့တော့ ပိတ်ထားတယ်ပေါ့နော်။ ဒီနေ့တော့ ကွတ်ခိုင်ဈေး နေ့ဆိုတော့ ပတ်ဝန်းကျင်ကရွာတွေလည်း ကွတ်ခိုင်ဈေးနေ့ဆိုတော့ လာကြတယ်။ မနေ့ညတော့ သေနတ်သံတွေ နည်းနည်းကြားတယ်။ ဒီနေ့တော့ ဘာမှ ထူးခြားချက်မရှိဘူး။ မနေ့ညတော့ ည ၉ နာရီ ၅၅ ပေါ့ အဲဒီလောက်မှာကြားတယ်။ ပထမဦးဆုံးတော့ ဗုံးကွဲသံပေါ့နော် ပြီးလို့ရှိရင် သေနတ်အသေးလေးတွေ ခဏလေးပါပဲ။”

လားရှိုးနဲ့ကွတ်ခိုင်အကြားမှာတော့ ကားတွေ ပုံမှန်သွားလာမှုရှိနေကြောင်းလည်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်တာတွေ ပြင်းထန်နေချိန်မှာ ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်းမှာလည်း အင်္ဂါနေ့က အစိုးရတပ်မတော်နဲ့ ကချင်တပ်ဖွဲ့အကြား တိုက်ခိုက်တာတွေဖြစ်ပွားခဲ့ပါတယ်။ ဖားကန့်ဒေသက အခြေအနေကိုတော့ အဲဒီဒေသမှ အခြေစိုက်တဲ့ KIA တပ်ရင်း ၆ ရဲ့ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး တန်ဆန်းက အခုလို ပြောပါတယ်။

“ဖားကန့်ဒေသဘက်မှာတော့ ကျနော်တို့အဖွဲ့တွေက လမ်းဘက်မှာ နည်းနည်းထပ်လှုပ်ရှားတာရှိတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တာတော့မရှိဘူး ဒါပေမယ့် တပ်မတော်ဘက်က လက်နက်ကြီး ၆ ချက် ၇ ချက်လောက်တော့ ထုတယ်ခင်ဗျ။ ဒီနေ့တော့ တိုက်ပွဲမဖြစ်ဘူးခင်ဗျ။ မနေ့ကပဲ တိုက်ပွဲဖြစ်တယ်။ ရှောင်တခင်တွေ့ပြီးတော့မှ ရင်ဆိုင် တိုက်ပွဲဖြစ်တဲ့ အပိုင်းမှာ ၄၅ မိနစ်လောက်ပဲ ကြာပါတယ်။ သူတို့လှုပ်ရှားမှုက ခါတိုင်းထက် နည်းနည်းထူးခြားပြီးမှ အင်အားဖြည့်တာတွေရှိတယ်ဆိုတော့ ကျနော်တို့ ဒီဘက်မှာလည်း ရင်ဆိုင်တိုက်ပွဲတွေကတော့ ရှေ့ဆက်ပြီးတော့ ဖြစ်လာမယ့် အကြောင်းရှိပါတယ်ခင်ဗျ။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်၊ ပလောင်၊ ကိုးကန့်နဲ့ AAခေါ် ရခိုင်တပ်ဖွဲတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စစ်ရေးအရ ဖိအားပေးခံနေရတာကြောင့် တုံပြန်တဲ့အနေနဲ့ ကန့်သတ်စစ်ပွဲဆင်နွဲတာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒီစစ်ပွဲဟာ အရပ်သားပြည်သူတွေအကျိုးစီးပွားကို မထိခိုက်အောင် သတိထားဆောင်ရွက်မှာဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေဖို့လည်း မရည်ရွယ်ကြောင်း သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းမြောက်အခြေအနေ တည်ငြိမ်စပြု
please wait

No media source currently available

0:00 0:04:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG