သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်သောင်းချီတဲ့ မူဆယ်ဒေသခံတွေ တရုတ်ပြည်ဘက်တိမ်းရှောင်


မူဆယ်ဒေသခံတွေ တရုတ်ပြည်ဘက်တိမ်းရှောင်
မူဆယ်ဒေသခံတွေ တရုတ်ပြည်ဘက်တိမ်းရှောင်

လက်နက်ကိုင်တပ်ဖွဲ့တွေက မူဆယ်မြို့ကို နေ့ခင်း ၁၂နာရီနောက်ပိုင်း ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတဲ့နောက် သောင်းနဲ့ ချီတဲ့ မူဆယ်ဒေသခံတွေက တရုတ်နိုင်ငံဖက်ကို ထွက်ပြေးခိုလှုံနေကြပါတယ်။ ၁၂နာရီနောက်ပိုင်းအိမ်ထဲက အိမ်ပြင်မထွက်ဖို့၊ ဈေးဆိုင်တွေပိတ်ဖို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဒီလို တားမြစ်တာမရှိဘူးလို့ မူဆယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းပဋိပက္ခဖြစ်ပွားရာဒေသက အခြေအနေကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တနင်္ဂနွေနေ့က စတင်ဖြစ်ပွားတဲ့တိုက်ခိုက်မှုတွေဟာ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး မူဆယ်မြို့မှာတော့ ဒီနေ့ မွန်းလွဲပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် ဒေသခံတွေဟာ တရုတ်နိုင်ငံဖက်ကို တိမ်းရှောင်နေကြပါတယ်။

ဒီလို တိမ်းရှောင်နေတဲ့အခြေအနေကို ရွှေလီမြို့ကို ရောက်ရှိနေတဲ့သူတဦးက အခုလို ပြောပါတယ်။

“မူဆယ်ကို ဒီကနေပြီးတော့ တရုတ်ဘက်ကို ကူးမယ်ဆိုရင် ဂိတ် ၃ ဂိတ်ရှိတယ်။ ရွှေလီဂိတ်ရယ်၊ မန်ဝင်းဂိတ်ရယ်၊ နမ်တော် ဂိတ်ဆိုတာရှိတယ်။ အခုအဲဒီဂိတ်တွေအကုန်လုံးက လူတွေ ပြည့်ကျပ်နေတယ်။ အကုန်လုံးတရုတ်ဘက်ခြမ်းကို အကုန်လုံးကူးကုန်ကြတာ။ ခန့်မှန်းခြေကတော့ သောင်းချီမယ်ဗျာ။ ၁ သောင်းခွဲ- ၂ သောင်းလောက်တော့ ရှိမယ်နဲ့တူတယ်။”

ဒီလို တိမ်းရှောင်ရတာဟာ ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရလို့ သတင်းတွေ ထွက်ပေါ်လာလို့ဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

“နေ့လည် ၁၂ နာရီကနေစပြီးတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဘူးဆိုပြီးတော့ အဲဒီသတင်းတွေ ထွက်လာတယ် လူထုကလည်း ကြောက်နေတယ် ။ ဆိုင်တွေလည်း အကုန်ပိတ်သိမ်း ကုန်တယ်။ လူထုတွေက ချောက်ချားကြတာပေါ့ဗျာ။ ဘဏ်တွေ ဘာတွေရောကအစ အကုန်လုံးက ပိတ်ကုန်ရော ၊ မူဆယ်မြို့ ခြောက်ကပ်နေပြီအခု။”

မူဆယ်မြို့ခံတဦးကလည်း မြို့တွင်းမှာ ပျံနှံနေခဲ့တဲ့သတင်းကို အခုလို ပြောပါတယ်။

“မူဆယ်မြို့အခြေအနေကတော့ ၁၂ နာရီ ဆိုင်တွေအကုန်လုံးကိုပိတ်ခိုင်းလိုက်တာပေါ့ဗျာ။ ရဲကပိတ်ခိုင်းလိုက်တာခင်ဗျ။ ရဲက ၁ ဆိုင်ထဲကိုသွားပြီးတော့ ပြောတော့ ကျန်တဲ့ဆိုင်တွေအားလုံးပိတ်ကြကုန်တာပေါ့။ ကြားတာကတော့ ၁၂ နာရီ နောက်ပိုင်း မူဆယ်မြို့မှာ အခြေအနေ ဝင်စီးမယ်လို့ ကြားရတယ်။ ကျောင်းတွေလည်းပိတ်တယ်ခင်ဗျ။ ကျောင်းတို့၊ ဘဏ်တို့၊ ဈေးတို့အားလုံးပိတ်တယ်ခင်ဗျ။”

မူဆယ်မြို့ မြို့မရဲစခန်းက တာဝန်ကျဝန်ထမ်းတဦးကတော့ ရဲတပ်ဖွဲ့က ပိတ်ခိုင်းတာမရှိကြောင်း ပြောပါတယ်။

“ကျန်တော်တို့ဆီက အမိန့်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အဲလိုလုပ်ခိုင်းတာမရှိပါဘူး။ ဒါသူတို့ ရပ်ကွက်အစီအစဉ်ထင်တယ်။ ထွေအုပ်မေးကြည့်မှ သိမှာခင်ဗျ။”

မူဆယ်မြို့က ဒေသခံသတင်းထောက်တဦးဖြစ်တဲ့ ဦးမောင်ကတော့ အမိန့်တစုံတရာ ထုတ်ပြန်တာမရှိကြောင်း အခုလို ပြောပါတယ်။

“အဲဒီ ၁၁ နာရီခွဲမှာ ခရိုင်အုပ်ချုပ်ရေးမှူးက ကျနော်ကို တရားဝင်ပြောတာကတော့ သူတို့အနေနဲ့ ၁၄၄ မထုတ်ပါဘူးတဲ့။ ဒီ ၁၄၄ မထုတ်ဘူးဆိုတဲ့အကြောင်းကို ရပ်ကွက်ဥက္ကဋ္ဌတွေအကုန်လုံး ကို၁၁ နာရီခွဲအချိန်မှာ ထပ်မံကြေညာခိုင်တယ်။ ၁၄၄ မထုတ်ဘူးဆိုတဲ့အကြောင်း ။ စိုးရိမ်မူတွေမဖြစ်ဖို့ ဆိုတဲ့ အကြောင်း ။ မြို့ခံတွေတော်တော်များများကတော့ ရွှေလီဘက်ကို ၊ အထူးသဖြင့် စာအုပ်ရှိတဲ့လူ တော်တော်များများကတော့ ဟိုဘက်ကမ်းကို ရောက်သွားကြပြီ၊ ရွှေလီကို ရောက်သွားကြပြီ။

နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကတော့ တနင်္ဂနွေနေ့က မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းက တပ်စခန်း၊ ရဲစခန်းနဲ့ ၁၀၅မိုင်ကုန်သွယ်ရေးစခန်းတွေကို တိုက်ခိုက်ခံရပြီးတဲ့နောက် မူဆယ်မြို့ပေါ်ကို ပြည်သူ ၂၆၀၀ ရောက်လာ ရောက်ခိုလှုံ ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့သလို တရုတ်နိုင်ငံက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူ၃၀၀၀လောက် သူတို့ နိုင်ငံအတွင်းကို ခိုလှုံလာကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တနင်္လာနေ့ ညပိုင်းက မူဆယ်မြို့ မြို့မရဲစခန်းကို ကချင်နဲ့ ပလောင်အဖွဲ့က လာရောက်ပစ်ခတ်ကြောင်းနဲ့ အင်္ဂါနေ့ မနက်ပိုင်းမှာတော့ လားရှိုးမူဆယ်လမ်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ရွာနဲ့ ဟိုနောင်ရွာအကြား တိုက်ခိုက်မှုမှာ အရပ်သားတဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG