သုံးရလွယ်ကူစေသည့် Link များ

ရှမ်းမြောက်အရေးဆွေးနွေးပွဲ အထမမြောက်


တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မူဆယ် (၁၀၅) မိုင်မြင်ကွင်း။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေ တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် တို့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်ပေး ခဲ့ပေမဲ့ နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ဒီကနေ့ ကျင်းပမယ့် ဆွေးနွေးပွဲ အစီအစဉ်ဟာ အထမမြောက်တော့ပါဘူး။ အဓိကကတော့ အစိုးရဖက်က တဖွဲ့ချင်းစီဆွေးနွေးဖို့ တောင်းဆိုတာကို လက်မခံနိုင်တာကြောင့်လို့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေဘက်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၂၀ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်၊ ပလောင်၊ ကိုးကန့်နဲ့ ရခိုင်တပ်ဖွဲ့တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရ တပ်မတော်အကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် တရုတ်မြန်မာနယ်စပ်ကုန်သွယ်မှုကို ထိခိုက်စေခဲ့သလို တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ဒေသလုံခြုံရေးအတွက် စစ်အင်အားတို့ တိုးမြှင့်ချထားခဲ့ပါတယ်။

ဒီကနေ့မှာတော့ လက်ရှိ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအစိုးရဲ့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံက စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲအစီအစဉ် ပျက်ပြားခဲ့တယ်လို့ မြောက်ပိုင်းမှာ မဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ PSLF/TNLAခေါ် ပလောင်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က အခုလို ပြောပါတယ်။

" ကျနော်တို့ကို တရုတ်အစိုးရက တွေ့ဖို့အတွက် ကူမင်းမြို့မှာ စီစဉ်ပေးပါတယ်။ ဟိုတယ်မှာ တွေ့ဖို့စီစဉ်ပေးပါတယ်။ ဒါပေမဲ့ ကျနော်တို့ မတွေ့ဖြစ်ဘူး။ အခု အကုန်လုံးက ပြန်ကြပြီ။ ကျနော်တို့လည်း ပြန်ပါပြီ။"

ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းကို တာ့ဘုန်းကျော်က အခုလို ဆက်ပြောပါတယ်။

" အဓိက ကတော့ ကျနော်တို့ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့စလုံးက ဒီမှာပဲရောက်နေတယ်။ ခေါ်လည်းခေါ်ထားတော့ ဒီမှာ အကုန်ရောက်နေတယ်။ ကျနော်တို့ ဆွေးနွေးတဲ့အခါမှာ ဒီ့ထက်ပိုပြီးဆောင်ရွက်လို့ရအောင် ကျနော်တို့ လေးဖွဲ့စလုံးပေါင်းပြီးတွေ့ချင်ပါတယ်။ ဒါကို မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်က MRPC ဘက်က တဖွဲ့ချင်းနဲ့ပဲ တွေ့ချင်တယ်။ အဲ့လိုပုံစံတွေကြောင့် ကျနော်တို့ မတွေ့ဖြစ်တာပါ။"

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇော်ဌေးကတော့ ဆွေးနွေးပွဲ ပျက်ပြားတဲ့သတင်းကို မရရှိသေးဘူးလို့ ပြောပါတယ်။

" ငြိမ်းချမ်းရေးကော်မရှင်က တရုတ်ကိုသွားနေတယ်။ အဲ့တာ သူတို့မေးကြည့်မှ သိမယ်။"

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း မိုင်းလားမြို့မှာငြိမ်းချမ်းရေးကော်မရှင်နဲ့ ပလောင်၊ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ရေးအတွက် ဆွေးနွေးခဲ့ဖူး ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့တွေ့ဆုံစဉ်မှာ နယ်စပ်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခကြီးထွားလာတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ အကြား အဆင့်မြင့် သံတမန်ရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်သင့်ကြောင်း ပြောဆိုထားပါတယ်။

ဒီကနေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီဇင်ဘာလ ၁ရက်နဲ့ ၂ရက်နေ့တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က သာလွန်အင်အားနဲ့ အကြိမ်ကြိမ် ကျားထိုးတိုက်ခိုက်တာ၊ နှောက်ယှက်ပစ်ခတ်တာတွေကြောင့် အစိုးရ တပ်မတော်ဘက်က လေကြောင်းကပါ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG