သုံးရလွယ်ကူစေသည့် Link များ

ရှမ်းမြောက်အရေး အရေးကြီးအဆို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်အတည်ပြု


 ပြည်သူ့လွှတ်တော် (MOI)

ပြည်သူ့လွှတ်တော် (MOI)

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်တာတွေဟာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်သလို နိုင်ငံအချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေါ်လုပ်ငန်းစဉ်တွေကို ထိခိုက်စေတာကြောင့် လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုတရပ်တင်သွင်းခဲ့ပါတယ်။ ဒီတင်သွင်းတာကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး လာမယ့်ရက်တွေအတွင်းမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ ဒီလ ၂၀ရက်နေ့ အစောပိုင်းက စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့ထိလည်း တိုက်ခိုက်တာတွေက ဆက်လက်ဖြစ်ပွားနေတဲ့ အချိန်မှာ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတရပ်တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအရေးကြီးအဆိုကို မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက အခုလိုတင်ပြခဲ့ပါတယ်။

“ရှမ်းပြည်အရှေ့မြောက်ဒေသ သိန္နီ ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတို့တွင် KIA ၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ပျက်ဆီးမှု ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေခြင်း၊ ဒဏ်ရာရခြင်း ၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘ၀ ရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာတည်မြဲမှု ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆိုတင်သွင်းသွားမှာ ဖြစ်ပါတယ်။”

ဒေါက်တာမောင်သင်းရဲတင်ပြချက်မှာ ၉ရက်ကြာဖြစ်ပွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာ၊ အိုးအိမ်ပြောင်းရွှေ့ရတာ၊ လမ်းတံတားတွေပျက်ဆီးမှု စတာတွေကို ကိန်းဂဏန်းတွေ၊ ရုပ်ပုံတွေနဲ့ တကွ တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့် မဲခွဲရာမှာတော့ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သလို ပါဝင် ဆွေးနွေးမယ့်သူတွေဒီလ ၃၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဒီလို ဆွေးနွေးဆုံးဖြတ်လိုက်တဲ့အပေါ်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစဉ်တစိုက်ပါဝင်ခဲ့တဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) ဥက္ကဌ ဦးခက်ထိန်နန်က အခုလို သုံးသပ်ပါတယ်။

“ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်တိုင်းရင်းသားလူမျိုးမဆို ၊ ဘယ်ဘာသာမဆို၊ ဘယ် ဒေသမဆို မြန်မာနိုင်ငံမှာ အမြင်သဘောထားက တစ် သဘောထားခြင်းမရှိတာ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်တဲ့အတွက်ကြောင့် ဒါမတူညီတဲ့ အနေအထားကို ဒီနေ့ ငြိမ်းချမ်းရေးလုပ်ကြတယ်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ကြတယ်၊ တရားဥပဒေစိုးမိုးရေး ပြန်ပြီးလုပ်ကြတယ်ဆိုတာကတော့ ဒီသဘောထားတွေအားလုံး တူညီတဲ့လမ်းကြောင်းပေါ်ကိုရောက်အောင်ဆိုတဲ့ အနေအထားကို ကြိုးစားနေတာဖြစ်တယ်လို့ ဖြေလိုပါတယ်။”

တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကတော့ သူတို့ဒေသတွေကို တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဦးခက်ထိန်နန်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ နှစ်ဖက် အပေးအယူရှိဖို့လိုအပ်ကြောင်းသူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။

“လင်မယား ရန်ဖြစ်ရင်တောင်မှ ၂ ဘက်က ပြန်ပြီးဆွေးနွေးပြီးမှ ၂ ဘက်စလုံးက အပေးအယူအလျှော့အတင်းတွေလုပ်မှ ပြန်လည်ပေါင်းစပ်နိုင်တဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုးတိုင်းရေးပြည်ရေးနဲ့ ပတ်သက်တာ လူမျိုးရေးနဲ့ ဘာသာရေးနဲ့ သူ့ဒေသအရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ ဆွေးနွေးမှကို ရမှာ။ ဆွေးနွေးတဲ့နေရာမှာလည်း အပေးအယူအလျှော့အတင်း compromise အနေနဲ့ သွားဖို့ လိုအပ်တယ်လို့ ကျနော်က အဲဒီလို မြင်ပါတယ်။”

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသက လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် အစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို အမြန်လက်မှတ်ရေးထိုးပြီး တိုက်ခိုက်မှုတွေရပ်စဲရေးအတွက် ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီကြေညာချက်အပေါ်မှာတော့ TNLA ခေါ် ပလောင်တပ်ဖွဲ့က ၂၁ရာစုပင်လုံညီလာခံနဲ့ NCA ကိုပါဝင်ဖို့ ကမ်းလှမ်းပေမဲ့ တပ်မတော်က လက်မခံတာကြောင်း တုံပြန်ထားပါတယ်။

XS
SM
MD
LG