သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်စစ်ရေးပြင်းထန် ဒေသခံတွေ စစ်ဘေးရှောင်နေရဆဲ


မူဆယ်မြို့ဒေသခံများ စစ်ရှောင်နေပုံ
မူဆယ်မြို့ဒေသခံများ စစ်ရှောင်နေပုံ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တို့အကြား ဒေသအနှံ့မှာတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့်ဒေသခံကျေးရွာသားတွေကလဲ စစ်ဘေး လွတ်ရာကိုဒုက္ခသည်အဖြစ်နဲ့တိမ်းရှောင်နေကြရပါတယ်။ ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွါးနေတဲ့ မုန်းကိုးဒေသရဲ့ ဒီကနေ့တိုက်ပွဲအခြေအနေကို တော့ မုန်းကိုးမြို့ခံ ဦးတီတီနောင်လတ်က အခုလိုပြောပါတယ်။

“ဒီနေ့က မုန်းကိုးမြို့ထဲမှာ တိုက်ပွဲကြီးဖြစ်နေတယ်။ တဘက်က ဗျူဟာကုန်းမှာလည်း အကြီးအကျယ်တိုက်နေပါတယ်။ လေယာဉ်ပျံနဲ့ ဗုံးကျဲ ၊ ကွတ်ခိုင်ဘက်မှာလည်း အကြီးအကျယ်တိုက်ပွဲဖြစ်နေတယ်၊ နောက် ဗျူဟာကုန်းမှာလည်း တိုက်ပွဲဖြစ်နေတယ်။”

မုန်းကိုးမြို့ ဗျူဟာကုန်းအပါအဝင် နေရာအနှံ့မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တွေကြားမှာ တိုက်ပွဲဖြစ်ပွါးနေတာပါ။

ဒီကနေ့တိုက်ပွဲမှာ ဒေသခံအရပ်သားတဦးလက်နက်ထိမှန်ခဲ့သလို တိုက်ပွဲစတင်ဖြစ်ပွါးချိန်ကနေ ယနေ့အထိ သောင်းနဲ့ ချီတဲ့ ဒေသခံတွေတရုတ်နိုင်ငံထဲ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဦးတီတီနောင်လတ်က အခုလိုပြောပါတယ်။

“မနောကွင်းနားမှာ အရပ်သားတယောက်ပေါ့ ပစ်တဲ့သေနတ်နဲ့ မှန်ထားတာ။ မုန်းကိုးမြို့က အရပ်သား ၈၀ ရာခိုင်နှုန်းလောက်ကတော့ တဘက်နိုင်ငံမှာရောက်နေပါတယ်။ ရွာအသီးသီးမှာရောက်နေတယ်။ ဦးရေက ၁ သောင်းကျော်မယ်။ ၁ သောင်းနဲ့ ၅၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ရွာမှာ သူတို့နေလို့မရဘူး အစိုးရလေယာဉ်ပျံနဲ့ ဗုံးကျဲတာ ၊ သူတို့ ခန့်မှန်းပြီးတော့ နေရာတကာ လျှောက်ကျဲတယ်လေ အဲဒါနဲ့ ဒုက္ခရောက်နေတာ။”

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နဲ့နမ္မတူမြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ တွေကြား တိုက်ပွဲတွေဖြစ်ပွါးနေတာကြောင့် နမ္မတူမြို့အတွင်းရွာသား(၈၀၀)ခန့် စစ်ဘေးတိမ်းရှောင်ရောက်ရှိနေတယ် လို့ နမ္မတူမြို့ ဒုက္ခသည် အကူညီပေးရေးကော်မီတီ ဒုဥက္ကဌဦးစိုင်းဘဉာဏ်ကပြောပါတယ်။

“စုစုပေါင်း ၇၀၀-၈၀၀ လောက်ရှိနေပါပြီ အခုဒီနေ့ ထပ်လာတာနဲ့ဆိုရင်။ အမှတ်(၁)စခန်းကရွှေမြင်သာဘုန်ကြီးကျောင်းမှာခင်ဗျ။ကျား (၂၂၁) မ (၂၉၀) ပေါ့ စုစုပေါင်း (၅၁၁) လောက်ရှိတယ်။ အမှတ်(၂)မှာက ၂၀၃ ဦးလောက်ရှိတယ် ဒီလီဆူးလူမျိုးတွေပေါ့နော်။ အဲဒီဒေသမှာTNLA တပ်ပေါင်းစုနဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတာပေါ့။ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ အဲဒါကိုကြောက်တာနဲ့ အကုန်လုံးရှောင်နေကြတာပေါ့နော်။”

ဒီစစ်ပြေးဒုက္ခသည်တွေဟာ နမ္မတူမြို့နယ် နမ့်ပါလင် မိုင်းဆင် မိုင်းတပ် ပန်ဝါနဲ့မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာသားတွေ ဖြစ်ကြပြီးတော့ နမ္မတူမြို့အမှတ်(၁) ဒုက္ခသည် စခန်းရွှေမြင်သာဘုန်ကြီးကျောင်းနဲ့ အမှတ်(၂) ဒုက္ခသည်စခမ်းလီဆူး ခရစ်ယာန်ကျောင်းမှာ နေရာချထားပေးတယ်လို့သူကဆိုပါတယ်။

ဒီစစ်ဘေးရှောင်တွေကိုဒေသခံလူမှူအဖွဲ့အစည်းတွေကနေ ကူညီထောက်ပံ့ကျွေးမွေးနေတာဖြစ်ပြီး ရေရှည်မှာတိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေမယ်ဆိုရင် ကူညီရေးအတွက် အခက်တွေ့ နေမယ်လို့လဲဦးစိုင်းဘဉာဏ်ကပြောပါတယ်။

လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းဒေသအနှံ့အပြားမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့မြန်မာ့တပ်မတော်တို့တိုက်ပွဲ တွေ ဖြစ်ပွါးနေတယ်လို့မဟာမိတ်တပ်ဖွဲ့ဝင် တအာင်းပလောင်တပ်ဖွဲ့TNLA နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ တာပန်းလှက ဆိုပါတယ်။

“မုန်းကိုးဘက်မှာလည်း ဒီကနေ့မနက်က တိုက်ပွဲထပ်ဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်တာ ပါဝင်တယ်လို့ သိရတယ်။ အထူးသဖြင့်တော့ ပွဲက တောက်လျှောက်ပဲ မန်ဝိန်းကြီး၊ နမ့်ခမ်း ၊ ကွတ်ခိုင်ကနေ လားရိုးအထိကတော့ တောက်လျှောက်တိုက်ပွဲကတော့ ဖြစ်နေတယ်ပေါ့လေ။”

ဒီကနေ့မနက်ပိုင်းမှာလဲ မန်တုံမြို့နယ်၊ ကုန်းမုံ-ကုန်းညောင်ရွာ အနီးမှာ TNLA တပ်ရင်း ၇၇၃/၉၉၉ နှင့်မြန်မာ့တပ်မ တော်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လဲ TNLAပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွါးနေတာနဲ့ပက်သက်လို့ မြန်မာ့တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့ကနေ ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသ၊ ကွတ်ခိုင် မြို့အထွက်ရှိ အိုရီယမ်တယ်တိုးဂိတ်ကို KIA/TNLA ပုူးပေါင်းအဖွဲ့ကနေ မနေ့ကလက်နက်ကြီး နဲ့ပစ်ခတ်ခဲ့တဲ့အကြောင်းနဲ့ နိုဝင်ဘာ ၂၉ ရက် ည မှာ မုံးကိုးမြို့ရှိ မုံးကိုးကာကင်းစခန်းကို KIA အဖွဲ့ အင်အား ၃၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ် ဖြစ်စဉ်မှာ တပ်မတော်စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် လက်နက် ကိုင် တပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG