သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲ တရုတ်အင်အားဖြည့် စောင့်ကြည့်


တရုတ်မြန်မာနယ်စပ်က မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ
တရုတ်မြန်မာနယ်စပ်က မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်မှာ တရုတ်တပ်မတော်ဘက်က လုံခြုံရေး ကင်းလှည့်မှုနဲ့ အခြေအနေတွေ ပုံမှန်ဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ အလေးထားဆောင်ရွက်နေကြောင်း တရုတ် အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ရောက်ရှိနေပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရနဲ့ ဆွေးနွေးနေတာပါ။ အသေးစိတ်ကို မအင်ကြင်းနိုင် က တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေတဲ့အခြေအနေကြောင့် နယ်စပ်လုံခြုံရေးကို ထိခိုက်မှုတွေရှိတဲ့အပေါ် တရုတ်တပ်မတော်က လုံခြုံရေး စစ်အင်အားအပြည့်နဲ့ အသင့်အနေအထား ဆောင်ရွက်နေကြောင်း တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Yang Yujun က မနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“နယ်စပ်လုံခြုံရေး ခိုင်မာဖို့နဲ့ ထိန်းချုပ်ဖို့၊ လုံခြုံရေးအကာအကွယ်ကို မြှင့်တင်ဖို့နဲ့ အရေးပေါ် အခြေအနေ အားလုံးအတွက် အသင့်ပြင့်ထားဖို့ တရုတ်တပ်မတော်ဘက်က ဆောင်ရွက်နေပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာနဲ့ နယ်စပ်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေး၊ ပိုင်ဆိုင်မှုတွေကို တရုတ်ဘက်က ပြတ်ပြတ်သားသား အကာအကွယ်ပေးမှာဖြစ်ပါတယ်။”

ဒါ့အပြင် နယ်စပ်ဒေသမှာ ပုံမှန်အခြေအနေတွေဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့ တရုတ်တပ်မတော်အနေနဲ့ ပြည်နယ် အစိုးရဌာနတွေနဲ့ ပူးပေါင်းပြီး တရုတ်နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ မြန်မာဘက်က စစ်ပြေးဒုက္ခသည်တွေကို လိုအပ်တဲ့ အကူအညီတွေ ပေးနေကြောင်းလည်း Yang Yujun က ပြောသွားပါတယ်။

“မြန်မာနိုင်ငံ မြောက်ပိုင်းက တိုက်ပွဲတွေအပေါ်မှာ တရုတ်စစ်တပ်အနေနဲ့ အလွန်ပဲ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒါ့အပြင် ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တရုတ်ဘက်က လုံခြုံရေးစိုးရိမ်မကင်းဖြစ်မှုကို အလေးအနက်ထားဖို့ တိုက်တွန်းပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ စစ်ရေးထိန်းချုပ်မှု မြှင့်တင်ဖို့ မြန်မာဘက်က အဖွဲ့အစည်းတွေ ထိထိရောက်ရောက် ဆောင်ရွက်ပြီးတော့ နောက်တခါ ဒီလိုပဋိပက္ခမျိုး ထပ်မဖြစ်ဖို့ တားဆီးနိုင်မယ်လို့ တရုတ်ဘက်က မျှော်လင့်ပါတယ်။”

မြန်မာအဖွဲ့အစည်းတွေ ဆိုတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်အစိုးရက ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ အမေရိကန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun က အခုလို ပြောပါတယ်။

“အခုလို တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က မြန်မာအဖွဲ့အစည်းတွေလို့ ရည်ညွန်းပြောဆိုသွားပေမဲ့ ဘယ်အဖွဲ့အ စည်းကို ရည်ရွယ်ပြီး ပြောသလဲဆိုတာကိုတော့ အတိအကျ ပြောမသွားပါဘူး။ ဒါပေမဲ့ တရုတ်အစိုးရအနေနဲ့ ရည်ညွန်းချင်တာကတော့ ဒီတကြိမ် စတင်ပြီး တိုက်ခိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကို ပိုပြီး ဦးတည် ပြောသွားတာဖြစ်ပါတယ်။”

ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဘာအကြောင်းအရာတွေ အဓိက ဆွေးနွေးသလဲဆိုတာ အသေးစိတ်မသိရပေမဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်ဘက်က ပါဝင်ကူညီနိုင်မယ့် အခန်းကဏ္ဍကို ဆွေးနွေးနိုင်ကြောင်း Yun Sun က ပြောပါတယ်။

“အခုချိန်ထိတော့ တရုတ်အစိုးရဘက်က ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို လုပ်လာခဲ့ပြီး ဒီဆွေးနွေးပွဲတွေထဲမှာဆိုရင်လည်း ပူးပေါင်းဆောင် ရွက်ေ နေ ကြာင်း ပြသနေပါတယ်။ ဒီတော့ အခြေအနေတွေ အားလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ်ဆိုရင် နံပါတ် (၁) အချက်က မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တိုက်ပွဲတွေပြန်ပြီး စတင်တိုက်ခိုက်တဲ့အတွက် နယ်စပ်လုံခြုံရေးကို ထိခိုက်စေတဲ့ အခြေအနေကို တရုတ်အစိုးရက အလွန်အင်မတန်မှ စိတ်ပျက်မိတာ၊ နောက် နံပါတ် (၂) အချက်က တရုတ်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ သူတို့ရဲ့အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်မယ်ဆိုတာကို ပြတ်ပြတ်သားသား မီးစိမ်းပြလိုက်တာဖြစ်တယ်။”

ဒေါက်တာ တင်မျိုးဝင်းဦးဆောင်တဲ့ မြန်မာ့ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တပတ်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG