သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပြန်ပေးဆွဲခဲ့သူ မြန်မာပြည် ပြန်ရေးခက်


ကိုသန်းစိုး (ခေါ်) ရဲရင့်။
ကိုသန်းစိုး (ခေါ်) ရဲရင့်။

ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားပြီး အခုချိန်ထိ နေထိုင်ခွင့်မရရှိသေးတဲ့ ကိုသန်းစိုးကို ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေပါတဲ့ကိစ္စကို ကန့်ကွက်ကြောင်း BSDO မြန်မာကျောင်းသားများ ဒီမိုကရက်တစ်အဖွဲ့ (ကနေဒါ) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တရားဥပဒေ စိုးမိုးမှု အပြည့်အ၀ မရှိသေးတဲ့ လက်ရှိအခြေအနေမှာ ကိုသန်းစိုးကို မြန်မာနိုင်ငံပြန်ပို့လိုက်ရင် သူ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကိုသန်းစိုးဟာ ရဲရင့်အမည်နဲ့ ၁၉၈၉ ခုနှစ်တုန်းက မြန်မာနိုင်ငံ မြိတ်မြို့ကနေ ထိုင်းနိုင်ငံကို လေယာဉ်ပျံ ပြန်ပေးဆွဲသွားခဲ့တဲ့ ၂ ဦးထဲက ၁ ဦး ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် နိုဝင်လာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ အပြတ်အသတ် အနိုင် ရပြီးတဲ့နောက် အရပ်သားအစိုးရ တက်လာပြီး ဒီမိုကရေစီ အသွင် ဆောင်တဲ့ ပြောင်းလဲ မှုတွေ ဖြစ်ပေါ်လာနေတာ၊ ပြည်ပမှာ ရောက်နေကြတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတချို့ မြန်မာနိုင်ငံထဲကို ပြန်ဝင်ခွင့် ရနေတာတွေကို ကြည့်ခြင်းအားဖြင့် ကိုသန်းစိုးအနေနဲ့လည်း မြန်မာနိုင်ငံကို ပြန်လို့ ရနိုင်ကြောင်း ကနေဒါ လူဝင်မှု ကြီးကြပ်ရေး၊ ဒုက္ခသည်အရေးနဲ့ နိုင်ငံသားအရေးဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည် သုံးသပ်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကနေဒါအစိုးရက ကိုသန်းစိုးကို ပြန်ပို့ဖို့ စဉ်းစားတဲ့ နေရာမှာ မြန်မာနိုင်ငံ အတွင်းက လက်ရှိ ပကတိအခြေအနေတွေနဲ့ ကွာခြားတဲ့ သုံးသပ်ချက်တွေအပေါ် အခြေခံ လုပ်ဆောင်တာဖြစ်ပြီး လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိတာကို တွေ့မြင်နေရတာကြောင့် အခုချိန်မှာ သူ့ကို ပြန်ပို့လိုက်ရင် အင်မတန် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့အတွက် သူ့ကို ပြန်မပို့ဖို့ BSDO မြန်မာကျောင်းသားများ ဒီမိုကရက်တစ်အဖွဲ့ (ကနေဒါ) က တောင်းဆိုရခြင်း ဖြစ်ကြောင်း BSDO အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညွန့်လှက ပြောပါတယ်။

“ကိုသန်းစိုးအတွက် ကြေညာချက် ထုတ်တာက လက်ရှိ ကနေဒါ Immigration (လူဝင်မှုကြီးကြပ်ရေးဌာန) က သူ့ကို တရားစွဲထားတယ်။ နောက်တခါ အဲဒီ တရားစွဲချက်အပေါ်မှာ သူတို့ သက်သေပြတဲ့ နိုင်ငံတကာက UNHCR က၊ လူ့အခွင့်အရေး အဖွဲ့တွေက၊ သတင်းဌာနတွေက ပြောတဲ့ ပြောကြားချက်တွေကို ကိုးကား ပြီးတော့ ကောင်းမြင် ဝါဒတွေဘဲ သတင်း ဌာနတွေပိုင်း က ပြောကြားချက်တွေ အရ မြန်မာပြည်ရဲ့ အခြေအနေဟာ အင်မတန် ကောင်းနေပြီ၊ တချို့ ပုဂ္ဂိုလ်တွေလည်း ပြန်လို့ရတယ်၊ အဲဒီလို ရတယ်ဆိုတာတွေ အထောက် အထား ပြပြီးတော့ သူ့ကိုလည်း ပြန်လို့ရတယ်ဆိုပြီးတော့ ပြန်ပို့မယ့် အနေအထားမျိုး ဖြစ်နေတယ်။ အဲဒီ အနေအထားက ကျနော်တို့ လက်ခံနိုင်တဲ့ အနေအထား မဟုတ်ဘူး။ ကျနော်တို့ သိနေတာက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အပြင်မှာ ထွက်ပေါ်နေတဲ့ သတင်းဌာနတွေနဲ့ UNHCR ပြောတာတွေနဲ့ လက်တွေ့ မြေပြင်မှာ ကွာခြားတာတွေ အများကြီး ရှိတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မှုခင်းအခြေအနေတွေ၊ တရားဥပဒေ စိုးမိုးမှု မရှိတာတွေ၊ လက်ရှိ အစိုးရကလည်း ဒီပြည်ထဲရေး ဝန်ကြီးဌာနအပေါ်မှာ သြဇာ သက်ရောက်မှု မရှိတာတွေ အပေါ်မှာ ကိုရဲရင့်ကို ပြန်ပို့မယ်ဆိုရင် အင်မတန် ဆိုးရွားတဲ့ အခြေအနေနဲ့ အသက် အန္တရာယ်ပါ စိုးရိမ်ရတယ် ဆိုတာကို ကျနော်တို့ နားလည်ထားတယ်။ အဲဒီအပေါ်မှာ ဒါကြောင့်မို့လို့ ကိုသန်းစိုးကို မြန်မာပြည် ပြန်ပို့မယ့် ကိစ္စကို ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ ဖြစ်ပါတယ်။”

ကိုသန်းစိုးဟာ ၁၉၉၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို USIA ရဲ့ ပညာတော်သင် အဖြစ်နဲ့ ရောက်လာခဲ့ပေမယ့်လည်း ရဲရင့်ဆိုတဲ့အမည်နဲ့ ရဲသီဟနဲ့အတူ တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းမယ့် မြန်မာ့လေကြောင်းပိုင် လေယာဉ်ပျံ တစင်းကို ၁၉၈၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံကို ပြန်ပေးဆွဲသွားခဲ့သူ တဦး ဖြစ်နေတာကြောင့် အမေရိကန်အစိုးရက သူ့ကို တရားဝင် နေထိုင်ခွင့် မပေးခဲ့တဲ့အပြင် ၁၉၉၆ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်အကြား သူ့ကို ၂ ကြိမ်တိုင်တိုက် ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က 9/11 လို့ခေါ်တဲ့ အကြမ်းဖက်သမားတွေက နယူးယောက်မြို့က World Trade Tower ၂ ခုကို လေယာဉ်ပျံ ပြန်ပေးဆွဲပြီး အကြမ်းဖက် တိုက်ခိုက်ပြီးတဲ့နောက် ပြောင်းလဲလာတဲ့ အမေရိကန်အစိုးရရဲ့ ပေါ်လစီတွေအရ ကိုသန်းစိုး အပေါ်မှာလည်း အမေရိကန် အစိုးရဘက်က တင်းကြပ်မှုတွေ တိုးမြင့် ချမှတ်လာပါတယ်။

၂၀၀၂ ခုနှစ်မှာ ဒုတိယအကြိမ် အဖမ်းခံရပြီးတဲ့နောက် သူ့အနေနဲ့ အစိုးရထံမှာ အပတ်စဉ် လက်မှတ်သွားထိုးရတာ၊ ကိုယ်နေထိုင်တဲ့ ပြည်နယ်ကလွဲလို့ သူတို့ ခွင့်ပြုချက်မပါပဲ ခရီးထွက်ခွင့်မရှိတာတွေ ဖြစ်လာတာကြောင့် နောက်ဆုံး ကနေဒါနိုင်ငံ ကို ပြောင်းရွေ့ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ကိုသန်းစိုးက ဗွီအိုအေကို ရှင်းပြခဲ့ဘူးပါတယ်။

ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရောက်သွားပြီး နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့ပေမယ့်လည်း သူ့ကို တရားဝင် နေထိုင်ခွင့်မပေးပဲ အခုချိန်ထိ နားလည်မှုနဲ့သာ နေခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် ၁၉၈၈ ခုနှစ်ကတည်းက တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်ခဲ့တဲ့သူ ရဲဘော် ရဲဘက် တဦးဖြစ်တာကြောင့် သူ့ဆန္ဒမပါဘဲ အခုချိန်မှာ ပြန်မပို့ဖို့ ကနေဒါမှာရောက်နေကြတဲ့ မြန်မာနွယ်ဖွားတွေအကြား တူညီတဲ့ သဘောထား ရှိကြတယ်လို့ BSDO အဖွဲ့က ဦးညွန့်လှက ပြောပါတယ်။

“ကိုသန်းစိုးဟာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံအတွက်၊ ဒီမိုကရေစီ တိုက်ပွဲ ဝင်ခဲ့တဲ့၊ မြန်မာနိုင်ငံ အာဏာရှင် စစ်အစိုးရအောက်က လွတ်မြောက်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ကျနော်တို့ရဲ့ ရဲဘော် ရဲဘက် တယောက်ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အားလုံးက တသွေးထဲ၊ တသားထဲ၊ တသံထဲနဲ့ ကိုသန်းစိုးအပေါ်မှာ ပူပင် သောကရောက်ပြီးတော့ ဒီလို အဖြစ်မျိုး မဖြစ်စေချင်ဘူး။ မြန်မာပြည်ကို အခု လောလောဆယ် အခြေအနေမှာ ပြန်ပို့ရမယ့် အနေအထား မရှိဘူး ဆိုတာကို အားလုံးက သဘောတူတယ်။ စိုးလည်း စိုးရိမ်ကြတယ်။ လက်ရှိ အရပ်သား အစိုးရရဲ့ သြဇာ သက်ရောက်မှုကလည်း ပြည်ထဲရေး ဝန်ကြီးဌာနအပေါ်မှာ မရှိကြောင်းလည်း ထင်ရှားတယ်။”

အခုချိန်ထိတော့ ကိုသန်းစိုးကို မြန်မာနိုင်ငံ ပြန်ပို့ရေးအတွက် ကနေဒါအစိုးရက Pre-Removal Risk Assessment လို့ခေါ်တဲ့ နောက်ဆုံးအဆင့် စီစစ်မှုတွေကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

BSDO အဖွဲ့က အခုထုတ်ပြန်တဲ့ ကြေညာချက်ကို ကနေဒါ ဝန်ကြီးချုပ်နဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနတို့အပါအဝင် ကနေဒါ အစိုးရအဖွဲ့အတွင်းက တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေထံ ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေ ကလည်း ကနေဒါ အစိုးရအနေနဲ့ ကိုသန်းစိုးကို ပြန်မပို့ရေးအတွက် ကနေဒါ အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေထံ လက်မှတ်ထိုး တောင်းဆိုမှုတွေ လုပ်ဆောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG