သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မိုင်းရှူးကျေးရွာ(၃)ရွာ ရွေးကောက်ပွဲရွှေ့ဖို့ NLD ကိုယ်စားလှယ်တောင်းဆို


 ကျေးသီးမြို့နယ်အတွက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားခေါင်းပါတီမဲဆွယ်စည်းရုံးစဉ်
ကျေးသီးမြို့နယ်အတွက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားခေါင်းပါတီမဲဆွယ်စည်းရုံးစဉ်

ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့နယ်က ကျေးရွာကြီး ၃ခုကိုလုံခြုံရေးအရရွေးကောက်ပွဲမကျင်းပဖို့ လက်ရှိအာဏာရပါတီ NLD ရဲ့ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးက စာတင်ထားပါတယ်။ ကော်မရှင်ဘက်ကတော့ ဒါကိုညှိုနှိုင်းဖို့ပြင် ဆင်နေဆဲပါ။ ဒီနယ်မြေတွေမှာလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့ကတော့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် အစိုး ရနဲ့အကောင်းဆုံးလက်တွဲလုပ် ဆောင်ဖို့ ကြိုးပမ်းမယ်လို့ပြောဆိုထားပေမယ့် ဒီလိုပူးပေါင်းမှုက တပ်မတော်အပေါ်မှာမူတည် တယ် လို့ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

လုံခြုံရေးလိုအပ်ချက်ရှိနေတာမို့ မိုင်းရှုးမြို့နယ်ရဲ့ကျေးရွာကြီး ၃ခုကို ရွေးကောက်ပွဲမကျင်းပဖို့ ကန့်ကွက်လွှာတင် ရတာဖြစ်တယ်လို့ ပြည်သူ့လွှတ် တော်အတွက် ရွေးကောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းနိုင်ကပြောပါတယ်။

“မဲရုံမှာ တပ်တို့ရဲတို့ လုံခြုံရေးမရတဲ့အခြေအနေရှိတယ်ပေါ့ အဲဒီမှာ အဲဒီအနေအထားတွေကြောင့်မို့လို့ ကျနော်တို့က တင်ထားတာပါ။ လုံခြုံရေးမရှိရင် မဲပေးရတာလည်း Free and fair ဖြစ်ဖို့ မလွယ်ဘူးလေ။

လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဖြစ်တဲ့ ဦးသန်းတင်ကတော့ တင်သွင်းလာတဲ့ ဒီကန့်ကွက်လွှာနဲ့ ပတ်သတ်ပြီး ကော်မရှင် ဘက်က ပြန်လည်ညှိုနှိုင်းဖို့ ပြင်ဆင်နေတယ်လို့ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ ရက်ပေါ့နော် ၁၉ ရက်လောက်က ကြေညာတယ်၊ အဲဒါကတော့ ကျနော်တို့အခု ၂၂ ရက်နေ့မှာ ကျနော်တို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရယ်၊ လွိုင်လင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရယ် နောက်မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲပြော့နော် ၊ အဲဒါတွေရယ် နောက်ပြီးတော့ အဲဒီမှာ အရွေးခံမယ့် ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာပါတီအားလုံးပေါ့နော် ၂၂ ရက်နေ့မှာ မိုင်းရှူးမှာ အစည်းအဝေးလုပ်ဖို့ လုပ်ထားတယ် ။ မနက်ဖြန်တော့ အစည်းအဝေးလုပ်မှာပေါ့ လုပ်ပြီးတော့မှ သူကနေပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အဖြေတွေကိုရလာမှာပေါ့။”

လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဖြစ်တဲ့ ဦးသန်းတင် ပြောပြတဲ့ အချက်တွေအရဆိုရင် ကန့်ကွက်လွှာ တင်ခံရတဲ့ နေရာတွေက နောက်အက် ကျေးရွာအုပ်စု၊ ကွန်ကျောင်း ကျေးရွာအုပ်စုနဲ့ မော်မေ့ကျေးရွာအုပ်စုတွေပါ။ ဒီအုပ်စု ၃ခုမှာ မဲပေးနိုင် မယ့် မဲဆန္ဒရှင် ဦးရေဟာ ၅၀၀၀ နီးပါးရှိပြီး မိုင်းရှုးမြို့နယ်တခုလုံးကမဲပေးနိုင်သူ မဲဆန္ဒရှင်အရေအတွက်ရဲ့ ၁၀ရာခိုင်နှုန်းလောက် ပမာဏရှိနေတာပါ။

၂၀၁၅ရွေးကောက်ပွဲမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ဖြစ်ခဲ့ရတဲ့ မိုင်းရှုး၊ ကျေးသီးနေရာ ၂ခုက ပြည်သူတွေကို ဒီတ ခေါက်မှာ မဲပေးနိုင်ဖို့ အစွမ်းကုန်လုပ်ဆောင်နေချိန်မှာ ဒီလို ကန့်ကွက်လွှာတင်သွင်းခံရတာဖြစ်ပါတယ်။

ဒီနယ်မြေနှစ်ခုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ SSPP/ SSA ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့က လာမယ့် ၂၀၁၇ ရွေးကောက်ပွဲကို ဒီနေရာတွေ မှာ အကောင်းဆုံးကျင်းပနိုင်မယ်လို့ သုံးသပ်ထားပါတယ်။ ဒီရွေးကောက်ပွဲအပေါ်မှာ ဝင်ရောက်စွက်ဖက်တာမျိုးနဲ့ ရွေးကောက်ပွဲလုံခြုံရေးကိစ္စတွေမှာ ပါဝင်ကန့်သတ်တာတွေ လုပ်မှာမဟုတ်ပေမယ့် အစိုးရပိုင်းဘက်က ရိုးသားစွာပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်နေတယ်လို့ SSPP/ SSA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးစိုင်းဆုက ပြောပါတယ်။

“ကျနော်တို့လည်းမသွားဘူး။ ဘယ်လုံခြုံမူက မလိုဘူးပေါ့နော် ၊ လုံခြုံမှုက ကအစိုးရဘက်က ရှိနေပြီးသား ကျနော်တို့ကလည်း ငြိမ်းချမ်းရေး ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် လက်မှတ်ထိုးထားပြီးအဆင့်ဖြစ်တဲ့အဖွဲ့တွေဖြစ်တာမို့လို့ တက်မတော်က အရင်လာပြီးတော့ ရန်လာမစရင်တော့ ဘာမှပြဿနာမှရှိဘူးပေါ့နော် ။ ကျနော်တို့ကတော့ ထိန်းသိမ်းသွားမှာပါပဲ၊ အစိုးရနဲ့ ပတ်သက်ပြီး အစိုးရဆက်သွယ်ပြီးတော့ ဘာလုပ်ပေးရမလဲ အစိုးရက တာဝန်ပေးလာရင်တော့ ကျနော်တို့က အတတ်နိုင်ဆုံးပါဝင်ဆောင်ရွက်သွားမှာပေါ့။ တကယ်လို့ တာဝန်ပေးချက်မရှိပဲနဲ့ ဘာမှ ဝင်ပြီးတော့ ပတ်သက်မှာမဟုတ်ဘူး။”

ကျေးသီးဘက်မှာတော့ မဲဆွယ်တဲ့အပိုင်းနဲ့ လုံခြုံရေးအပိုင်းတို့မှာ အဆင်ပြေနေသလို တပ်မတော်၊ ရဲ၊ တိုင်းရင်းသားလက်နက် ကိုင်တွေဘက်က နားလည်မှုရှိရှိနဲ့ လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့်ပေးထားတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းအောင်ကျော်က ပြောပါတယ်။

ကျေးသီးဘက်က ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ရွေးကောက်ပွဲနေ့မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် လုံခြုံရေးပိုင်းဆိုင်ရာနဲ့ပတ်သတ်လို့ တပ်မတော်၊ ရဲ စတဲ့အဖွဲ့တွေက တာဝန်ယူပေးတာမျိုးတွေ လုပ်ပေး စရာမလိုဘဲ၊ မိမိတို့ဘာသာဘဲတာဝန်ယူဖို့ ကော်မရှင်အဖွဲ့ခွဲတွေကိုတင်ပြထားတယ်လို့ အဲဒေသက ကျေးသီးမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဘက်က ပြောပါတယ်။ ဒီအပိုင်းကိုလည်း အာဏာပိုင်တွေက လက်ခံထားပါတယ်။

မိုင်းရှုးမြို့နယ်က ကျေးရွာကြီး ၃ခုကိုလုံခြုံရေးအရရွေးကောက်ပွဲမကျင်းပဖို့ NLD လွှတ်တော်ကိုယ်စားလှယ် လောင်းတွေဘက်က စာတင်ထားတဲ့အပေါ် ကျင်းပဖြစ်လားမကျင်းပဖြစ်ဘူးလားဆိုတာ မနက်ဖြန်အဖြေသိရမှာပါ။ လက်ရှိ မိုင်းရှုးတမြို့နယ်လုံးဆိုရင် မဲရုံ အရေအတွက် ၅၀နီးပါးရှိပြီး မဲပေးနိုင်တဲ့ မဲဆန္ဒရှင်အရေအတွက်ကတော့ ၅သောင်းနီးပါး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG