သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေး အဓိကထားဆောင်ရွက်


အရပ်သား အစိုးရသစ်လက်ထက်မှာ ပထမဆုံး အကြိမ် ကျင်းပပေးမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲစာရင်း မှန်ကန်ဖို့ ရှိရေးက ရွေးကောက်ပွဲ ကော်မရှင် အတွက် အဓိက စိန်ခေါ်ချက် ဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ဒီကြားဖြတ်ရွေးကောက်ပွဲ မှာပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ အတွင်း လုံခြုံရေးအခြေအနေကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိတဲ့ မိုင်းရှူး နဲ့ ကျေးသီးဒေသ တို့မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ကော်မရှင် တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြု ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ပြီးတဲ့နောက် ပြည်သူ့လွတ်တော် အမျိုးသား လွတ်တော်နဲ့ တိုင်းဒေသကြီး လွတ်တော် စတဲ့ လွတ်တော် ၃ ရပ်တို့မှာ လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာ ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို လာမယ့် ဧပြီလ ၁ ရက်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီတစ်ခေါက် ကြားဖြတ်ရွေးကောက်ပွဲကို တိုင်းဒေသကြီး နဲ့ ပြည်နယ် ၈ ခုအတွင်း မြို့နယ် ၂၂ မြို့ နယ် မှာ ကျင်းပဖို့ ရှိနေတာပါ။ လက်ရှိ အရပ်သား အစိုးရသစ်လက်ထက်မှာမှ ကော်မရှင် ဥက္ကဌအဖြစ် တာဝန် ယူခဲ့တဲ့ ဦးလှသိန်းကတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ မဲစာရင်း မှန်ကန်မှု ရှိရေးက ကော်မရှင်အတွက် အဓိက စိန်ခေါ်ချက် တစ်ရပ်ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဆရာတို့က မဲစာရင်းမှန်ကန်ရေးက အဓိကပေါ့နော်၊ မဲစာရင်းမှန်ကန်ရေးအတွက် အဓိကဖြစ်နေတော့ ယခင်ထက်ပိုပြီးတော့ တိကျလာအောင်ဆိုပြီးတော့ ဆရာတို့အခု တအိမ်တက်ဆင်းပေါ့နော် Door To Door စနစ်နဲ့ မဲစာရင်းကောက်နေပါတယ်။ Result ကတော့ ရွေးကောက်ပွဲပြီးရင်တော့ အဖြေသိလာမှာပေါ့ အဲဒီအဖြေ က ကောင်းမွန်တဲ့အခြေအနေဆိုရင် ကျနော်တို ဆက်လက်ကျင့်သုံးမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ပြင်ဆင်ဖို့လိုအပ်တယ်ဆိုရင်လည်း ပြင်ဆင်သွားမှာပါ။”

မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုပြီးနောက် ပထမဆုံကျင်းပတဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကစလို့ ဒီနောက် ရွေးကောက်ပွဲတိုင်းမှာ မဲစာရင်း မမှန်ကန်မှုတွေ ကြုံခဲ့ရပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ကော်မရှင် သစ် တာဝန်ယူပြီးနောက်ပိုင်းကတည်းက မဲဆန္ဒရှင်စာရင်း ကောက်ခံစုဆောင်းမှုတွေ အလေးထားလုပ်ဆောင်နေတာတွေ့ရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲစာရင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကပ်ထားခဲ့ပေမယ့်လို့ လူထုက စိတ်ဝင်တစား လာရောက်ကြည့်ရှု့မှု အားနည်းနေသေးတယ်လို့လည်း သူက ဆိုပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ကေ်ာမရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေတစ်ချို့ တွေ့ဆုံပြီး အားလုံး ပါဝင်တဲ့ မဲဆန္ဒရှင် အသိပေး ပညာပေးခြင်းဆိုင်ရာ ပူးပေါင်း ညိုနှိုင်းဆောင်ရွက်မှု အစည်းအဝေးကိုလည်း ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်သာ လိုတော့ပေမယ့်လို့ အခုလို လူထုရဲ့ စိတ်ဝင်စားမှု နည်းနေသေးတဲ့ အကြောင်းကိုတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ ဒါနရှေ့ဆောင် မြန်မာရဲ့ ဥက္ကဌ ကိုချမ်းငြိမ်းအောင်က အခုလို ပြောပါတယ်။

“အရင် ၂၀၁၂ တုန်းကကျတော့ အတိုက်အခံပါတီဖြစ်တဲ့ NLD က ပါဝင်မယ်ဆိုတော့ နိုင်ငံတနိုင်ငံလုံးက စိတ်ဝင်စားကြတယ်။ အဲဒီမှာပဲ အတိုက်အခံ ပါတီရှိတော့ အနိုင်ရပါတီကလည်း အတတ်နိုင်ဆုံးသူက စည်းရုံးမှုတွေလုပ်တယ် အခုအချိန်အခါကကျတော့ အနိုင်ရပါတီ ဖြစ်တဲ့ လက်ရှိပါတီကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှုက သိပ်မရှိဘူး။ အတိုက်အခံပါတီက တိုင်းရင်းသားပါတီတွေကတော့ အရမ်းစိတ်ဝင်စားတယ်။ ဒါပေမယ့် ပါတီကြီးတွေ ကျတော့ အဲဒီလောက်အထိ စိတ်ဝင်စားမှုက သိပ်မတွေ့ရဘူး။ မီဒီယာကလည်း ၂၀၁၂ တုန်းက လုံးဝကို အတိုက်အခံနဲ့ အပြိုင်အဆိုင်ဖြစ်မယ့်ဟာကို တကယ်ချိန်ထိုးပြတယ်။ အခုဟာကကျတော့ ပြည်တွင်းမီဒီယာတွေမှာလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတ်ငးအချက်အလက်က ဖော်ပြတာ အရမ်းအားနည်းတယ်ပေါ့နော်။”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေမှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုးချုပ် ဦးတင်ထွန်းက ပြောပါတယ်။

“ကျေးသီးနဲ့ မိုင်းရှူးမှာရှိတဲ့ မဲရုံတွေအားလုံးမှာ မဲပေးဖို့ အခုအချိန်အထိ အဆင်ပြေပါတယ်။ မဲပေးဖို့လည်း ရှိနေပါပြီ။”

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီ့မြို့နယ် ၂ မြို့နယ်ကို စောင့်ကြည့်လေ့လာသွားမယ့် အဖွဲ့တွေအနေနဲ့လည်း အခက်အခဲ တစ်ချို့ ရင်ဆိုင်နိုင်ရတယ်လို့ ကိုချမ်းငြိမ်းအောင်က သုံးသပ်ပါတယ်။

“ကျနော်တို့စိန်ခေါ်ချက်ကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ communication ပိုင်းက နည်းနည်းစိုးရိမ်တယ်ပေါ့နော်။ နောက်တခုက နည်းပညာနဲ့ စွမ်းရည်က မလုံလောက်ဘူးလို့ ပြောရမှာပေါ့နော် ၊ အဲဒီမှာ ရှိတဲ့ ကော်မရှင်ကို ကျနော်တို့ မထိတွေ့ဘူးသေးဘူး နောက်တချက်က လုံခြုံရေးပိုင်း security ပေါ့နော်။”

ဒီတစ်ခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ကာလကို ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားမှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကကတော့ နေရာ ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။ ပြည်ထောာာင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကတော့ လစ်လပ်နေရာ အားလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိသလို ပါတီပေါင်း ၂၄ ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ စုစုပေါင်း ၉၅ ယောက် ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG