သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်စာရင်း UEC ထုတ်ပြန်


UEC နှင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း များ တွေ့ဆုံ
UEC နှင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း များ တွေ့ဆုံ

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေပူးတွဲရေးဆွဲထားတဲ့ စည်းမျဉ်းတွေနဲ့ လိုက်နာကျင့်သုံးခဲ့တဲ့ နည်းဥပဒေတွေအတိုင်းသာ ဆက်လက်လိုက်နာဖို့ နိုင်ငံရေး ပါတီတွေနဲ့ ကော်မရှင်တို့ ဒီကနေ့ သဘောတူလိုက်ပါတယ်။ ဖြေလျော့မှုတခုအနေနဲ့ မဲဆွယ်စည်း ရုံးရေးကာလမှာ ကိုယ်စား လှယ်လောင်းတွေဟာ အရင်ကလို သွားမယ့်နေရာအတိအကျအစီအစဉ်ကို မြို့နယ်ကော်မရှင်ခွဲတွေတင်ပြရမယ်ဆိုတဲ့ အချက် ကိုဖြေလျော့လိုက်တာမို့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ တင်ပြစရာမလိုတော့ပါဘူး။မဲပေးနိုင်တဲ့ လူဦးရေစာရင်းကို လည်း လာမယ့် ဖေဖော်ဝါရီလမှာထုတ်ပြန်ပေးမယ်လို့ ကော်မရှင်ကပြောဆိုလိုက်ပြီး တိကျတဲ့မဲ စာရင်း ဖြစ်ဖို့ မဲစာရင်း ထုတ်ပြန်ချိန်မှာ ပြည်သူတွေကပူးပေါင်းပါဝင်စစ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စား လှယ်လောင်း တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလောင်း အယောက် ၉၀ကျော်ရဲ့ အမည်စာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အတည်ပြုထုတ်ပြန်လိုက်အပြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီကို ကော်မရှင်က ဒီကနေ့မှာ ခေါ်ယူတွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့တွေ့ဆုံမှု နဲ့ ပတ်သတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ညွှန်ကြားရေးမှုးချုပ် ဦးတင်ထွန်း ကခုလိုပြော ပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားဖို့အတွက်ကို ဘယ်လိုမျိုးများအကြံပြုကြမလဲ။ ဘယ်လိုလမ်းစဉ်တွေရေးဆွဲကြမလဲဆိုတာကို ၂ ဘက် ညှိနှိုင်းရေးဆွဲပါတယ်။ အဆင်ပြေပါတယ် တော်တော်လေးလည်း အကြံပြုကြပြီးတော့ သဘောတူညီချက်တွေလည်း ရရှိပါတယ်။ အခုဒီမှာတော့ အဓိကကျတဲ့အချက်ကတော့ နံပတ်၁ ကတော့ ဒီနိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများ လိုက်နာရမယ့်ကျင့်ဝတ်ပေါ့ Code of conduct ကိုလည်း ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာလိုက်နာသွားဖို့အတွက် ပါတီအားလုံးက သဘောတူတယ် လက်မှတ်ရေးထိုးခဲ့ကြတယ်။ နောက်တခါ မနှစ်ကဖွဲ့စည်းသလိုပဲ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်ကိုလည်း မပြေလည်မှုဖြစ်လို့ရှိရင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကနေ ဒါကို ညှိနှိုင်းဖြေရှင်းသွားဖို့အတွက်ကိုလည်း သဘောတူညီကြတယ်။”

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေပူးတွဲရေးဆွဲထားတဲ့ စည်း မျဉ်းတွေနဲ့ လိုက်နာကျင့်သုံးခဲ့တဲ့ နည်းဥပဒေတွေအတိုင်းသာ ဆက်လက်လိုက်နာဖို့ နိုင်ငံရေး ပါတီတွေနဲ့ ကော်မရှင်တို့ ဒီကနေ့ သဘောတူညီကြောင်းလက်မှတ်ရေးထိုးခဲ့တယ်လို့ ဦးတင်ထွန်းကပြောပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီဝင် ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ ထုတ်ပြန်ထားပြီးဖြစ်တဲ့ အချက် ၈ချက်ပါ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို ဆက်လက်ကျင့်ကြံလိုက်နာရမှာပါ။ ဒီပြင် စည်းကမ်းတွေအတိုင်း လိုက်နာ မှုရှိမရှိကို အရင်ကအတိုင်းစောင့်ကြည့်လေ့လာမှုတွေ လုပ်သွားမယ်လို့ ဦးတင်ထွန်းက ပြောပြပါတယ်။ အရင်တုန်းက ထုတ်ပြန်ခဲ့တဲ့ စည်း မျဉ်းတွေနဲ့ လိုက်နာကျင့်သုံးခဲ့တဲ့ နည်းဥပဒေတွေအတိုင်းသာဆက်လက်လိုက်နာဖို့ သဘောတူညီခဲ့တယ်ဆိုပေမယ့် ဖြေလျှော့လိုက်တဲ့အချက်တွေလည်းရှိပါတယ်။ ဖြေလျှော့လိုက်တဲ့အချက်နဲ့ ပတ်သက်လို့ ဦးတင်ထွန်းက အခုလို ပြောပြပါတယ်။

“နောက်တခါ ဒီကြားဖြတ်မှာပိုပြီးထူးခြားချက်ကတော့ ယခင်တုန်းက မနှစ်တုန်းက ဆိုရင် ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးတဲ့အခါမှာ သူတို့အစီအစဉ်ကို ကော်မရှင်အဖွဲ့ခွဲကို ကြိုတင်တင်ပြပြီးမှ စည်းရုံးမှု့လှည့်လည်ရတာပေါ့နော်။ အခုက ကော်မရှင်အဖွဲ့ခွဲကို တင်ပြဖို့မဟုတ်ပဲနဲ့ ပါတီကိုယ်စားလှယ်တွေပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေးကော်မရှင်ကို တင်ပြပြီးတော့ စေ့စပ်ညှိနှိုင်းရေးကော်မရှင်ကမှ မဲဆွယ်စည်းရှုံးလှှုပ်ရှားမှုတွေကို ညှိနှိုင်းပေးသွားဖို့ အားလုံးသဘောတူညီကြတယ်။ ဒါကတော်တော်ကောင်းတယ် မနှစ်ကထက်စာရင်ထူးခြားတဲ့အချက် ၁ ချက်ဖြစ်ပါတယ်။”

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၁၄ရက်ထိ ကြားဖြတ်ရွှေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ လူဦးရေစာရင်းကို လည်း ထုတ်ပြန်ပေးသွားဖို့စီစဉ် ထားပါတယ်။ လူဦးရေမဲစာရင်းမှန်ကန်မှုပိုင်းနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ ကော်မရှင်လက်ထက်ကတော်တော်လေးဝေဖန် မှုတွေရှိခဲ့ပါတယ်။ ခုအသစ်ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်က မဲစာရင်းတွေပိုတိကျဖို့ အိမ်တိုင်ရာရောက်ကောက်ခံတဲ့ စနစ် ကို လုပ်ဆောင်နေတယ်လို့ ကော်မရှင်ကပြောပါတယ်။ အရင်က ထပ်ပိုပြီး မှန်ကန်တိကျနိုင်မလားဆိုတဲ့အပေါ်မှာတော့ ရာခိုင်နှုန်းအနေနဲ့ ပြောဖို့ ဦးတင်ထွန်းကပြောပါတယ်။မဲစာရင်းမှန်ကန်တိကျဖို့အတွက် ပူးပေါင်းပါဝင် စစ်ဆေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ တွေ့ဆုံမှုနဲ့ပတ်သတ်ပြီး သွားရောက်တွေ့ဆုံခဲ့တဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)က ပါတီ ဥက္ကဌ ခူးရယ်ကတော့ လက်ရှိကော်မရှင်ပေါ်မှာ ခုလိုလည်းသုံးသပ်ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့အခုထိလက်တွေ့ကော်မရှင်ကတော့ ဟိုတုန်းကထက်တော့ ဆွေးနွေးနေတာမျိုးတို့ အများကြီးရှိပါတယ်။ အရင်ကထက်စာရင်ပေါ့နော်၊ ဒါပေမယ့်လို့ သူတို့ရဲ့ လုပ်ကိုင်ချက်က အတွေ့အကြုံနည်းလို့လားမသိဘူး၊ သိပ်ပြီးတော့ အားမရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဟိုတုန်းကထက်တော့ ပိုကောင်းမယ်လို့တော့ ကျနော်တို့ ယုံကြည်တယ်ပေါ့နော်။”

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၉ ခုအတွက် ကိုယ်စားလှယ် ၄၉ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ၃ ခုအတွက် ၁၅ ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် မဲန္ဒနယ်မြေ ၇ ခုအတွက် ၃၀ ဦး တို့က လစ်လပ်မဲဆန္ဒနယ် ၁၉ ခုအတွက်ဝင်ရွေးခံကြမှာ ပါ။

ဒီကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ်နေရာတွေကနေ ရွေးချယ်ခံရမယ့် ကိုယ်စားလှယ်တွေရဲ့အရေအတွက်ဟာ မြန်မာ့ နိုင်ငံရေးကို ပြောင်းလဲသွားစေမယ့် လွှမ်းမိုးနိုင်မယ့် အခြေအနေတွေ မရှိပေမယ့် လက်ရှိနိုင်ငံရေးပါတီတွေအတွက် နောက်လာမယ့် ရွေးကောက်ပွဲအတွက် အကြိုဆန်းစစ်မှုတခုတော့ဖြစ်နိုင်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါ တယ်။ကြားဖြတ်ရွေးကောက်ပွဲကိုလာမယ့် ဧပြီလမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG