သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအပြီး ပထမဆုံးကျင်းပတဲ့ NLD ဗဟိုကော်မတီအစည်းအဝေး


NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်က က ျင်းပစဉ်
NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်က က ျင်းပစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြည်သူ့အကျိုးအတွက် တိုင်းပြည်ကို ဦးဆောင်မယ့် ပါတီကြီးတရပ်အဖြစ်နဲ့ ဆက်လက် ရပ်တည် လိုတယ်ဆိုရင် ပါတီ ဝင်တိုင်းက ပါတီစည်းမျည်း စည်းကမ်းတွေကို အတိအကျ လေးစားလိုက်နာဖို့ လိုတယ်လို့ ပါတီအကြီးအကဲ တဦးက ပြော ဆိုလိုက်ပါတယ်။ NLD ပါတီ အာဏာ ရလာပြီး ၅ လတာအတွင်း ၂၁ ပင်လုံ-တိုင်းရင်းသားညီလာခံကြီး ကျင်းပနိုင်ခဲ့ သလို ပြည်သူတွေကြား အကြောက်တရား နည်းလာတာတွေကို မြင်ရကြောင်း NLD ခေါင်းဆောင်ပိုင်းက သုံးသပ်ပါတယ်။ ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ပါတီ ဗဟိုဌာန ချုပ်မှာ ဒီကနေ့ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးအပြီး ပြောဆို လိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

NLD ပါတီရဲ့ပထမအကြိမ်ဗဟိုကော်မတီ ဆဋ္ဌမမြောက်အစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီ ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ပြီး ပြည်နယ်နဲ့တိုင်းအသီးသီးက ဝန်ကြီးချုပ်တွေပါ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ NLD ပါတီက ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး အစိုးရဆိုင်ရာ အုပ်ချုပ်ရေးတာဝန်တွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ပါတီရဲ့ဗဟိုကော်မတီအစည်းအဝေးကို တနှစ်လောက်အကြာ အခုလိုအချိန်မှာမှ ကျင်းပနိုင်တာဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီတနှစ်တာအတွင်း လုပ်ခဲ့တဲ့ ပါတီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ကျင်းပတဲ့ ဆဋ္ဌမမြောက်အစည်းအဝေးမှာ ချပြဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ကိစ္စတွေမှာရော၊ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပိုင်း ပြည်နယ်တချို့က ဒေသဆိုင်ရာ ပါတီခေါင်းဆောင်တွေကို တာဝန်က ရပ်စဲပစ်တာမျိုးတွေအထိ လုပ်ဆောင်ခဲ့တဲ့အပေါ် ပါတီဝင်ထုကြား စိတ်ဝမ်းကွဲပြားမှုတွေ ထွက်ပေါ်နေတာပါ။ NLD ပါတီအတွင်း စည်းကမ်းနည်းလမ်းနဲ့ မညီညွတ်ပဲ လုပ်ဆောင်မှုမျိုးတွေ ရှိနေတာကြောင့် လာမယ့်အနာဂတ်မှာ ပြည်သူကိုအကျိုးပြုမယ့် ဦးဆောင်ပါတီကြီးတရပ်ဖြစ်ဖို့ဆိုရင် NLD ပါတီဝင်တိုင်းက ပါတီစည်းမျည်း စည်းကမ်းတွေကို အတိအကျ လိုက်နာဖို့လိုတယ်လို့ NLD ပါတီအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က ဒီကာလမှာဗျာ ၊ ကျနော်တို့ စည်းကမ်း နည်းလမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတဲ့ဟာတွေရှိတာတွေကို အနာဂတ်မှာ ပါတီရဲ့ ညီညွတ်ရေးတည်ဆောက်ဖို့ဆိုရင်၊ လုပ်ထုံးလုပ်နည်းတွေ၊ တနည်းအားဖြင့်ပြောရင် ဒါဥပဒေပါပဲ။ လုပ်ထုံးလုပ်နည်းကို လျှော့လျှော့ပေါ့ပေါ့ လက်ခံကျင့်သုံးရင် အဲဒီအဖွဲ့အစည်း အားနည်းသွားမယ်၊ ပျက်စီးရာပျက်စီးကြောင်းဖြစ်မယ်။ အခြေခံကတော့ အဲဒါပါပဲ။ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားကြဖို့ ၊ အာလုံးက လုပ်ထုံးလုပ်နည်းတွေကို လေးစားလိုက်နာဖို့ အဲဒါအဓိကပါ။ ကျနော်တို့ ပါတီမှာလည်း ပါတီဥပဒေတွေရှိတာကိုး။ အဲဒီတော့ အဲဒါတွေကို လိုက်နာဖို့ ၊ မဖောက်ဖျက်ဖို့ အဲဒါပါ”

မေး။ ။ NLD ပါတီက အာဏာရလာပြီးနောက်ပိုင်း တိုင်းပြည်မှာ ဘယ်လိုထင်ရှားတဲ့ ကိစ္စမျိုးတွေ လုပ်ဆောင် နိုင်ခဲ့ပါသလဲ။

ဖြေ။ ။ NLD ပါတီအစိုးရဖွဲ့လာနိုင်တဲ့အခါမှာ ၊ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနိုင်တာ အဓိကအပြောင်းအလဲနဲ့ အထင်ရှားဆုံးကိစ္စလို့မြင်ပါတယ်။ ဒီကိစ္စက အရေးကြီးဆုံးပြဿနာပါ ဒါကျနော်အမြင့်ပေါ့။ ကျနော်တို့ တိုင်းပြည်ဒီမိုကရေစီရဖို့ ၊ တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် ငြိမ်းချမ်းရေးက မရှိမဖြစ်လိုအပ်တဲ့အတွက် အားလုံးပါဝင်နိုင်ဖို့က အရေးကြီးတာပါပဲ။ ကျနော်တို့တိုင်းရင်းသားအဖွဲ့လေးတွေ၊ အကြီးရော၊ အသေးရော အာဏာရှိတာရော၊ လက်နက်ပြည့်စုံတာ မပြည့်စုံတာ အားလုံးပါဝင်မှသာ ငြိမ်းချမ်းရေးခိုင်မာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

မေး။ ။ ၂၀၁၇ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ဘယ်လိုရည်မှန်းထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ ကြိုးစားမယ်၊ အားလုံးရအောင်ပဲ ကြိုးစားမယ်။ နေရာတိုင်း ဝင်ပြိုင်မယ်။

မေး။ ။ NLD အစိုးရတက်လာပြီးနောက်မှာ ပြည်သူ လိုလားတောင့်တတဲ့ အရာတွေ ကြေနပ်အားရလောက်အောင် ဖြည့်ဆည်းပေးနိုင် နေပြီလား ခင်ဗျ။

ဖြေ။ ။ ကျနော်တို့ တိုးတက်မှုတွေတော့ရှိတယ်။ ကျေနပ်လောက်အောင်တော့ မဟုတ်ဘူး။ သို့သော် ဆက်လက်ကြိုးစားဖို့ အင်အားတရပ်အနေနဲ့တော့ ရှိပါတယ်။

ပြောခွင့်ရ ဦးဉာဏ်ဝင်းပြောသွားတာပါ။ NLD ပါတီ အာဏာရလာပြီးနောက် ပြည်သူတွေကြား အကြောက်တရားနည်းလာတယ်လို့ မြင်မိ ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

“ ပြည်သူတွေ အခု အခုလိုအကြောက်တရားတွေ ဘာတွေ ပစ်ပြီးတော့ အကုန်လုံး ကျနော်တို့ နဲ့ ဆိုရင် ၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံလာကြတယ်။ ဝန်ထမ်းတွေအားလုံး ဆက်ဆံတဲ့ပုံမှာ ကျနော်တို့ အမြင်ကတော့ သူတို့ ကျေနပ်တယ်လို့ ထင်တာပဲလေ။ တော်တော်များများ ပြောင်းလဲနိုင်ခဲ့ပြီးလို့ တွက်တာပဲလေ။ လိုအပ်ချက်တွေ ပြင်ရမှာတွေက အခုလတ်တလောပြင် အခုရတမှာ မဟုတ်တာကိုး။ ၅ နှစ်တာဝန်မပြီး၊ ၁၀ နှစ်တောင်လုပ်ရမှာ။ ဒီမိုကရေစီနိုင်ငံထူထောင်တယ်ဆိုတာ အချိန်တွေ အများကြီးယူရတာပဲလေ ”

NLD အစိုးရတက်လာပြီးပြီးချင်းမှာပဲ နိုင်ငံရေးအကျဉ်းသား အမြောက်အများ လွှတ်ပေးခဲ့သလို နိုင်ငံရေးလှုပ်ရှားသူတွေပေါ် ကန့်သတ်ဖိနှိပ်တဲ့ ဥပဒေတချို့ကိုလည်း လွှတ်တော်မှာ ပြောင်းလဲပြုပြင်ခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးရဖို့ လက်နက်ကိုင်တိုင်းရင်းသား ပဋိပက္ခဖြေရှင်းရေး ကိစ္စမှာတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG