သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာစာချုပ်လက်မှတ်ထိုးရုံနဲ့ ကလေးစစ်သားပပျောက်မည် မဟုတ်


ကလေးစစ်သားအသုံးပြုမှုကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ ပဲရစ်ကတိကဝတ်နဲ့ ကျင့်ဝတ် သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်ထိုး လိုက်ပေမဲ့ - ပြည်တွင်းစစ်ရှိနေသမျှ ကာလပတ်လုံး ကလေးစစ်သား အသုံးပြုမှုတွေက ပပျောက်သွားမှာမဟုတ်ဘူးလို့ ကိုယ်တိုင် ကလေးစစ်သား ဖြစ်ခဲ့ဖူးသူတဦးက ပြောဆိုလိုက်ပါတယ်။ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရ အုပ်ချုပ်တဲ့ခေတ်ဆိုပေမဲ့လည်း ပဲရစ်သဘောတူညီချက်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်အောင် ဘယ်လိုဆောင်ရွက်နိုင်မှာပါလဲဆိုတာကိုဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကလေးစစ်သား အသုံးပြုမှု တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပဲရစ်ကတိကဝတ်နဲ့ ကျင့်ဝတ်တွေ စတင် အတည်ပြုခဲ့တဲ့ ၁၀ နှစ်ပြည့် ညီလာခံကို မြန်မာနိုင်ငံကိုယ်စား တက်ရောက်ခဲ့သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက - ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဲရစ် သဘောတူညီချက်ကို မြန်မာနိုင်ငံက သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း တချိန်က ကလေးစစ်သား ဖြစ်ခဲ့ဖူးသူ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ဦးမျိုးမြင့် ကတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု ပပျောက်ဖို့ဆိုတာ အလှမ်းဝေးဆဲလို့ ဆိုပါတယ်။

“ပထမတချက်ကဗျာ ဘာသဘောတူညီချက်၊ ညာသဘောတူညီချက်ပေါ့ဗျာ အဲဒါမျိုးတွေ လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ အစိုးရတိုင်းက ချိုးဖောက်ခွင့်ရှိတယ်။ ချိုးလည်းချိုးဖောက်နေတယ်။ ဥပမာတခု ပြောပြမယ်ဗျာ ကျနော် စစ်တပ်ထဲ ဝင်တဲ့အချိန်က ကျနော့်အသက်က ၁၇ နှစ်ပဲ ရှိသေး တယ်ဗျ။ အဲတော့ ကျနော်က ကလေးစစ်သားဗျ။ အစိုးရက သတ်မှတ်ထားတာကတော့ အသက် ၁၈ နှစ်ပြည့်မှ စစ်တပ်ထဲ ဝင်ခွင့်ရှိမယ်ဆိုပေမဲ့ ကျနော့်ထက် ငယ်တဲ့ စစ်သားလေးတွေလည်း အများကြီးပဲလေ။ ကျနော့်ထက် အသက်ငယ်တဲ့ စစ်သားလေးတွေနဲ့ လေ့ကျင့်ရေးမှာ၊ စစ်အင်ဂျင်နီယာ သင်တန်းမှာ အတူတူ သင်တန်းတက်ပြီး ဆင်းခဲ့ကြတာပဲဗျ။ အဲတော့ ကျနော်တို့က ပြောမယ်ဆိုရင် ကလေးစစ်သားဆိုတဲ့ကိစ္စက အစိုးရကိုတင် ပြောလို့မရဘူးဗျ။ တဘက်က အစိုးရကို ပြန်ပြီး တော်လှန်ဆန့်ကျင်နေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နောက်တခါ လက်နက်ကိုင် အင်အားစုတွေ၊ အဲဒါတွေအားလုံးကို ပြောရမှာဗျ။”

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား ပြည်တွင်းစစ်ဖြစ်ပွားနေတာ ဆယ်စုနှစ် ၅ ခု ကျော်ခဲ့ပါပြီ။ ဒီပြည်တွင်းစစ်မီး မငြိမ်းသေးသမျှ - ကလေးစစ်သားစုဆောင်း အသုံးပြုမှုတွေကလည်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ မြင်ကြသူတွေ ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD အစိုးရ အာဏာရလာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးပမ်းနေတာပါ။ ဒါပေမဲ့လည်း စစ်တပ်ကို မထိန်းချုပ်နိုင်တဲ့အတွက် - ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့ သဘောတူညီချက်တွေကို မြန်မာနိုင်ငံက လက်မှတ်ထိုးထားပေမဲ့ စာချုပ်ပါ အချက်အလက်တွေအတိုင်း လက်တွေ့ အကောင် အထည်ဖော်နိုင်လိမ့်မယ်လို့ မယုံကြည်ကြောင်းလည်း ဦးမျိုးမြင့်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရဆိုတာ နာမည်ခံပါ။ တကယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရက စစ်တပ်ကို နာခံနေရတာပါ။ ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရဆိုတာ စစ်တပ်က လုပ်ချင်ရာလုပ်နေတာ။ ဘာမှ သူတို့ ပြောခွင့်မရှိပါဘူး။ တခုတော့ရှိပါ တယ်။ အရင်တုန်းကဆိုရင်တော့ဗျာ နိုင်ငံတကာ အဖွဲ့အစည်းတွေပေါ့ဗျာ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ဘာတွေ လာရင် မလာနဲ့လို့ ပြောခွင့်ရှိတယ်ပေါ့ ဗျာ။ အခုကတော့ မလာနဲ့လို့ ပြောခွင့်မရှိတော့ဘူး။ အရင်တုန်းက မလာနဲ့လို့ ပြောခွင့်ရှိတဲ့အချိန်တုန်းက စစ်သားပေါက်စ ကလေးစစ်သားလေးတွေကို ဖွက်ထားစရာ မလိုဘူးပေါ့ဗျာ။ အခုတော့ မလာလို့မရတဲ့အချိန်၊ လာတဲ့အချိန်ကျရင် စစ်သားပေါက်စလေးတွေကို ဖွက်ထားပြီး အစစ်ဆေး ခံမယ်ပေါ့ဗျာ။ အဲ့လောက်ပါပဲ။”

မေး - ဟုတ်ကဲ့ရှင့်။ ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ကလေးစစ်သား အမှန်တကယ် ပပျောက်အောင်လို့ ဘယ်လိုလုပ်ဆောင်သင့်တယ်လို့ ဦးမျိုးမြင့် အကြံပြု ချင်လဲ။

ဖြေ - “တိုင်းပြည်ချမ်းသာအောင် လုပ်ဖို့လိုပါတယ်။ လူတိုင်း ပညာတတ်ဖို့လိုပါတယ်။ အဲဒီ နှစ်ချက်ပါပဲ။”

ကလေးစစ်သားအသုံးပြုမှု တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ ပဲရစ်ကတိကဝတ်နဲ့ ကျင့်ဝတ် သဘောတူညီချက်ကို မြန်မာအစိုးရက လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က - ကြိုဆိုလိုက်ပြီး၊ မြန်မာအစိုးရအနေနဲ့ ဒီအဆင့်မှာတင် ရပ်မနေဘဲ ကလေးစစ်သား စုဆောင်းအသုံးပြုမှုတွေကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ကလေးသူငယ်များ ဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲ ဖို့နဲ့ ကုလသမဂ္ဂ ကလေးအခွင့်အရေး သဘောတူညီချက်ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်စာတမ်းကိုပါ လက်မှတ်ရေးထိုးတွေကို တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးသူငယ်တွေ ပါဝင်ပတ်သက်နေတဲ့ကိစ္စ ဆွေးနွေးချိန် - မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းအသုံးပြုမှုတွေ သိသိသာသာ ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG