သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူလျှိုမှုနဲ့ ဖမ်းထားတဲ့ ကန်အမျိုးသမီး တရုတ်ပြန်လွတ်


တရုတ်အစိုးရက ပြန်လွတ်ပေးလိုက်သည့် Sandy Phan-Gillis.
တရုတ်အစိုးရက ပြန်လွတ်ပေးလိုက်သည့် Sandy Phan-Gillis.

သူလျှိုလုပ်မှုနဲ့ ၂ နှစ်လောက် ရုံးမတင်ပဲ အထိမ်းသိမ်း ခံနေရတဲ့ အမေရိကန် အမျိုးသမီး Sandy Phan-Gillis ကို တရုတ် အစိုးရက ပြန်ပို့ ပေးခဲ့ပါတယ်။ သူမဟာ သောကြာနေ့က တရုတ်နိုင်ငံကနေ ထွက်ခွါလာပြီး နေ့တွင်းချင်းပဲ ကာလီဖိုးနီးယား ပြည်နယ်၊ Los Angeles မြို့ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်းနဲ့ အခုလို လွှတ်ပေးလိုက် တာဟာ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှု ဖြစ်စေတဲ့ အကြောင်းရင်း တခုကို ဖယ်ရှား ပေးလိုက်တာ ဖြစ်ကြောင်း သူမရဲ့ ခင်ပွန်းဖြစ်သူ Jeff Gillis က ပြောပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန် သမ္မတ Donald Trump တို့ ဖလော်ရီဒါ မှာ တွေ့ဆုံအပြီး သီတင်း ၃ ပတ်လောက်မှာပဲ သူမ ပြန်လွတ် လာတာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang ကတော့ ခေါင်းဆောင် ၂ ဦး တွေ့ဆုံခဲ့ချိန်က စပြီး အဆက်သွယ် မပြတ်ကြဘူးလို့ ပြောပါတယ်။

သူမကို သူလျှိုမှုနဲ့ ထောင်ဒဏ် ၃ နှစ်ခွဲ ချခဲ့ပြီး နောက်ပိုင်း အင်္ဂါနေ့က သူမကိုနေရပ်ရင်း ပြန်ပို့ဖို့ တရားရုံးက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ အမှုှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်လက်ကို တရုတ်အစိုးရက မထုတ်ပြန်ခဲ့ သလို သူမရဲ့ ရှေ့နေကလည်း နိုင်ငံတော် လျှို့ဝှက်ချက်တွေ ပါဝင်မှု ရှိနေတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက် မပေးနိုင်ဘူးလို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အမေရိကန် အခြေစိုက် တရုတ်သူလျှို ၂ ဦးကို ဖမ်းဖို့နဲ့ သူတို့ကို ၂ ဖက်သူလျှိုလုပ်စေဖို့ အတွက် အမေရိကန် ထောက်လှန်းရေး FBI နဲ့ သူမ ပူးပေါင်း လုပ်ဆောင်နေသလို ၁၉၉၆ ခုနှစ်မှာ သူလျှိုလုပ်ဖို့ တရုတ်နိုင်ငံထဲ ၂ ကြိမ်တိုင်တိုင် လာရောက်ခဲ့ တယ်လို့ တရုတ်အစိုးရက စွပ်စွဲကြောင်း သူမရဲ့ ခင်ပွန်းက ပြောပါတယ်။

Phan-Gillis ဟာ ၂၀၁၅ မတ်လမှာ တရုတ် ပြည်မကြီးကို သွားခဲ့ပြီးတဲ့ နောက်မှာ တရုတ်တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Macau နယ်စပ်အရောက် အဖမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အဖမ်းခံရချိန်က သူမဟာ Texas ပြည်နယ် Houston မြို့က ကုန်သွယ်ရေး ကိုယ်စားလှယ် အသင်းနဲ့ လိုက်ပါလာသူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG