သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် - မြန်မာ ပထမဆုံးပူးတွဲရေတပ်လေ့ကျင့်မှုလုပ်


ပူးတွဲရေတပ်လေ့ကျင့်မှုအတွက် မြန်မာနိုင်ငံမှာရောက်နေတဲ့ တရုတ်ရေတပ်သင်္ဘော
ပူးတွဲရေတပ်လေ့ကျင့်မှုအတွက် မြန်မာနိုင်ငံမှာရောက်နေတဲ့ တရုတ်ရေတပ်သင်္ဘော
မြန်မာနိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေတဲ့ တရုတ်ရေတပ်ဟာ မြန်မာ့ရေတပ်နဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။
မြန်မာ့ ရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တဲ့ တရုတ် ရေတပ်အုပ်စုမှာ ဖျက်သင်္ဘော Changchun ၊ ဒုံးကျည်တပ် အမြန်မောင်းနှင်နိုင်တဲ့ အစောင့်စစ်သင်္ဘော Jingzhou နဲ့ ထောက်ပံ့ရေး ရေယာဉ် Chaohu စတဲ့ တရုတ်ပြည်တွင်းဖြစ် စစ်သင်္ဘော ၃ စီး ပါဝင်ပြီး အဲဒီ သင်္ဘောတွေဟာ တနင်္ဂနွေနေ့မှာပဲ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားကြပြီလို့ တရုတ်အစိုးရပိုင် Global Times သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်ရေတပ်က စစ်သင်္ဘောတွေဟာ နည်းပညာပိုင်းအရ ခေတ်မီပြီး စောင့်ရှောက်ရေး၊ စစ်ရေးလေ့ကျင့်မှုနဲ့ ကင်းလှည့်တဲ့နေရာတွေမှာ အသုံးဝင်ကြောင်းနဲ့ မြန်မာ့ရေတပ်က ဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တဲ့ F11 အောင်ဇေယျနဲ့ UMS အနော်ရထာ (771) တို့ဟာလည်း မြန်မာ့ရေတပ်ရဲ့ အထင်ကရ သင်္ဘောတွေ ဖြစ်တယ်လို့ ဘေဂျင်းမြို့ အခြေစိုက် ရေတပ်ဆိုင်ရာ ကျွမ်းကျင်သူ Li Jie ပြောတာကို ကိုးကားပြီး Global Times သတင်းမှာ ဖော်ပြထားပါတယ်။
ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွင်း ရေတပ်သင်္ဘောတွေ တန်းစီ ခုတ်မောင်းတာ၊ အချင်းချင်း ဆက်သွယ်တာနဲ့ ပူးတွဲ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်တာတွေ ပါဝင်မယ့်အကြောင်း တရုတ် အမျိုးသားကာကွယ်ရေးဌာန ပြောခွင့်ရ Wu Qian က စနေနေ့မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ တရုတ်ရေတပ်အနေနဲ့ Oceania လို့ခေါ်တဲ့ သမုဒ္ဒယာအတွင်းက ကျွန်းကြီး ကျွန်းငယ်တွေ အပြင် အာရှ၊ ဥရောပနဲ့ အာဖရိကတိုက်တို့မှာ ရှိတဲ့ တိုင်းပြည် ၂၀ ကို ရက်ပေါင်း ၁၈၀ ကြာ ချစ်ကြည်ရေး သွားရောက်တဲ့ ခရီးစဉ်ရဲ့ တစိတ်တဒေသလည်း ဖြစ်ပါတယ်။ တရုတ်ရေတပ် သင်္ဘောအုပ်စုဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပြီး မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်သွားနေတာပါ။
တရုတ်နိုင်ငံမှာ မေလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Belt and Road လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းအပြီး တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး သီတင်းတပတ်အကြာမှာ ဒီ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG