သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလထုတ်ပြန်မယ့် ရခိုင်အရေးကြေညာချက် တရုတ် ရုရှားသဘောမတူ


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်နဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ် နိုင်ငံတွေက ကန့်ကွက်လိုက်ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်တွင်း ၂၀၁၆ အောက်တိုဘာလ အကြမ်းဖက်မှုဖြစ်ပွါးခဲ့ပြီး နောက်ပိုင်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ ပါတ်သက်တဲ့ အခြေနေတွေကို သောကြာနေ့က ဆွေးနွေးခဲ့တာ ဖြစ်ပြီး ဆွေးနွေးပွဲ အပြီးမှာ အခုလို ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အောက်တိုဘာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ရိုဟင်ဂျာတွေရဲ့ ရွာတွေကို မီးရှို့တာတွေ၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု မြောက်နိုင်တဲ့ လုပ်ရပ်တွေ ဖြစ်ပွါးခဲ့တယ်လို့ ပြီးခဲ့တဲ့ လထဲမှာပဲ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ တံခါးပိတ်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ Jeffrey Feltman က ဒီကိစ္စကို ရှင်းလင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက ပန်ကြားခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲမှာ သဘောတူညီမှု မရခဲ့ဘူးလို့ လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိ ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Matthew Rycroft က အစည်းဝေးအပြီး သတင်းထောက်တွေကို ပြောပါတယ်။

ဒီလို ကြေညာချက်မျိုးအတွက် အားလုံး တခဲနက် သဘောတူညီဖို့ လိုအပ်တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်က ရုရှားနဲ့ ထောက်ခံမှုနဲ့ အတူ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ တိုတောင်းတဲ့ ကြေညာချက် မူကြမ်းထဲမှာတော့ မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွါးနေတာအတွက် စိုးရိမ် စိတ်ပူကြောင်းနဲ့ တိုက်ပွဲ ဖြစ်ပွါးနေတဲ့ နေရာအားလုံးမှာ လူသားချင်းစာနာမှု အကူညီတွေ အရောက်ပေးနိုင်ဖို့ အရေးကြီးကြောင်း ဖေါ်ပြထားပါတယ်။

ရခိုင်ဘက်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးကြသူ ပေါင်း ၇ သောင်းခွဲလောက် ရှိနိုင်တာမို့ EU ဥရောပ သမဂ္ဂကလည်း မြန်မာနိုင်ငံ တွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေအတွက် နိုင်ငံတကာ ပါဝင်တဲ့ အချက်လက် စုံစမ်းရေး အဖွဲ့တဖွဲ့ စေလွှတ်ပေးဖို့ ကုလသမဂ္ဂကို ကြာသပတေးနေ့တုန်းကပဲ တောင်းဆိုခဲ့တာပါ။

နိုဝင်ဘာလ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းဝေး နောက်ပိုင်း၊ ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ မမျှမတ ဆက်ဆံမှုကို ခံနေရတယ်လို့ နေပြည်တော်မှာ သံတမန်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG