သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ဘာတွေ ဆွေးနွေးကြမလဲ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အာရှခရီးစဉ်စတင်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အာရှခရီးစဉ်စတင်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အခု စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တရုတ်နိုင်ငံမှာ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ၂ နိုင်ငံဆက်ဆံရေးအတွက် ဆူးညှောင့်တခုလိုဖြစ်နေတဲ့ ကုန်သွယ်ရေးကိစ္စက အဓိကဆွေးနွေးစရာဖြစ်ပါလိမ့်မယ်။ တရုတ်ရဲ့ ကုန်သွယ်ရေးလုပ်ပုံ ကိုင်ပုံတွေ၊ မူဝါဒတွေအပေါ် အမေရိကန်သမ္မတ Donald Trump ကပြင်းပြင်းထန်ထန် ဝေဖန်ထားတာကြောင့် ကွဲပြားနေတဲ့ အမြင်တွေကို လွယ်လွယ်နဲ့ ညှိနိုင်ကြပါ့မလား။ VOA သတင်းထောက် Bill Ide ဘေဂျင်းမြို့ကနေ ပေးပို့ထားတဲ့ သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ပထမဆုံး အာရှခရီးစဉ်ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ အဆုံးသတ်တာကို ကြည့်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံကြား ရှေ့လျှောက် ဆက်ဆံရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းလို့ မြင်နိုင်ပါတယ်။ ကုန်သွယ်ရေးနဲ့ တခြားအရေးကြီးတဲ့ကိစ္စတွေမှာ ဘယ်လိုနည်းနဲ့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက် သွားကြမလဲဆိုတာကို ဝန်ကြီး Tillerson က တရုတ်ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

Mr. Tillerson ရဲ့အာရှခရီးမစခင် အမေရိကန် ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Susan Thornton ကသတင်းထောက်တွေကို ခုလိုပြောခဲ့တာပါ။

"ပြဿနာရှိနေတဲ့ကိစ္စတွေ ပြေလည်စေပြီး ရှေ့ဆက်နိုင်အောင် တရုတ်နိုင်ငံနဲ့ ထိရောက်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ အမေရိကန်က လိုလားပါတယ်။"

သမ္မတ မဲဆွယ်စဉ်ကာလတလျှောက်လုံး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးလုပ်ပုံ လုပ်နည်းတွေကို Donald Trump က အကြိမ်ကြိမ် ဝေဖန်ပြောခဲ့တဲ့အပြင် သူသာ သမ္မတဖြစ်လာရင် တရုတ်သွင်းကုန်တွေကို အခွန်တိုးကောက်မယ်၊ တရုတ်ဟာ သူ့ရဲ့ငွေကြေးနဲ့ လိုသလိုအမြတ်ထုတ်နေတဲ့နိုင်ငံအဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။ အခုထိတော့ အဲဒါမျိုးတွေလက်တေ့ွမလုပ်သေးပါဘူး။ ဒါ့အပြင် သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ ပြီးခဲ့တဲ့လက တယ်လီဖုန်းပေါ်ကနေ ဆက်သွယ်ပြောခဲ့ပြီးနောက်မှာ ဆက်ဆံရေးဟာ ကောင်းတဲ့ဘက်ကို ဦးတည်နေပုံရပါတယ်။

တရုတ်အမေရိကန်ဆက်ဆံရေးနဲ့ပါတ်သက်လို့ တရုတ်ခေါင်းဆောင်တွေက အကောင်းဖက် အမြင်ရှိနေကြပြီး နိုင်ငံခြားကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ဖို့ ထပ်ဖွင့်ပေးပါမယ်လို့ ကတိအသစ်တွေပေးနေပေမဲ့ တရုတ်နိုင်ငံထဲမှာတော့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲတွေ၊ ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ တရုတ်ဝန်ကြီးချုပ် Li Keqiang ကတော့ အမေရိကန်နဲ့ ဆက်ဆံရေးတိုးတက်ရေးအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုခဲ့ပါတယ်။

"၂ နိုင်ငံကြားမှာ ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်လာမှာကို ကျွန်တော်တို့မလိုလားပါဘူး။ အဲဒီလိုဖြစ်လို့လည်း ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးက ပိုပြီးမျှတလာမှာ မဟုတ်ပါဘူး။ ဆက်ဆံရေးမှာ ဘယ်လို အဖုအထစ်တွေပဲရှိနေပါစေ၊ ကျွန်တော်တို့ တရုတ်နိုင်ငံဘက် ကတော့ အပြုသဘော လမ်းဘက်ကို ဆက်ပြီးသွားနိုင်ဖို့ကိုပဲ မျှော်လင့်ပါတယ်။"

တရုတ်နိုင်ငံ ဘေဂျင်းမြို့ပေါ်က ပြည်သူတချို့ကတော့ ၂ နိုင်ငံဆက်ဆံရေးသွားနေတဲ့ လမ်းကြောင်း အပေါ် စိုးရိမ်နေကြပါတယ်။ တချိန်ထဲမှာသဘောထားကွဲမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာနိုင်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

"၂ ဘက်အကျိုးအတွက် ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်မယ့်နည်းလမ်းတခုကို ရှာနိုင်မယ်ဆိုရင် ရှေ့ဆက်သွားနိုင်ကြမှာဖြစ်ပါတယ်။"

"၂ ဘက်လုံးမှာ နိုင်ငံရေးကိစ္စတွေရှိကြပါတယ်။ အမေရိကန်မှာ တချို့ကဘာပဲပြောနေနေ၊ သဘောထားကွဲမှုတွေကတော့ ရှိနေမှာပါ။ ဒါပေမဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်မယ်လို့တော့ မထင်ပါဘူး။"

ကုန်သွယ်ရေး၊ ဘဏ္ဍာရေးကိစ္စတွေမှာတော့ သဘောထားကွဲမှုတွေက ရှိနေမှာပါ။ ဒါကပုံမှန်ပါပဲလို့ ဒီဘေဂျင်းမြို့သားကလည်း ပြောသွားပါတယ်။ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကြီးမားတဲ့ စီးပွားရေးအကျိုးစီးပွားပမာဏကြောင့် သဘောထား ကွဲမှုတွေက ပုံမှန်ဖြစ်ပေမဲ့ သမ္မတ Trump က အမေရိကန်အကျိုး ရှေ့ရှုတဲ့ အစီအစဉ်တွေကို ဆောင်ရွက်နေချိန်မှာ တရုတ်နဲ့ ဆက်ဆံရေးကို မထိခိုက်အောင် လုပ်တဲ့နေရာမှာ မရေရာမှုတွေကတော့ ရှိနေမှာဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

ကန်-တရုတ် ဘာတွေ ဆွေးနွေးကြမလဲ
please wait

No media source currently available

0:00 0:03:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG