သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ယုံကြည်စိတ်ချမှုအရှိဆုံး တိုင်းပြည်ဖြစ်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၆ ဧပြီလတုန်းက နေပြည်တော်မှာတွေ့ဆုံစဉ်
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၆ ဧပြီလတုန်းက နေပြည်တော်မှာတွေ့ဆုံစဉ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်တဲ့ နေရာမှာ အကောင်းဆုံးနဲ့ ယုံကြည်စိတ်ချမှုအရှိဆုံး မိတ်ဖက်နိုင်ငံ ဖြစ်လိုတဲ့ ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က လာအိုနိုင်ငံ ဗီယံကျင်းမြို့တော်မှာ တနင်္ဂနွေနေ့က ပြောကြား လိုက်ပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ပြင်ပမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်မှာ Wang Yi က တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖေါ် ညီအကိုသဖွယ် မိတ်ဖက် ဆက်ဆံရေးကို ဆက်လက်ခိုင်မာအောင် ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အိမ်နီးချင်း နှစ်နိုင်ငံဟာ အမြဲတမ်း တဖက်နဲ့တဖက် အပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ ရိုင်းပင်းကူညီမှုတွေ ရှိခဲ့ကြပါတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

နှစ်နိုင်ငံကြားမှာ အပြန်အလှန် အဆင့်မြင့်ဆက်ဆံရေးတွေ၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာအောင်၊ ခေတ်သစ်ကာလမှာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို အားသစ်လောင်းဖို့အတွက် ယဉ်ကျေးမှုနဲ့ တရုတ်နဲ့ မြန်မာ ပြည်သူအချင်းချင်းကြား အပြန်အလှန် ထိတွေ့မှုတွေ ပိုးမို မြှင့်တင်ပေးဖို့ တရုတ်နိုင်ငံဘက်က အဆင်သင့် ရှိနေကြောင်းလည်း ပြောပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံကို မြန်မာနိုင်ငံအပေါ် စိတ်စေတနာကောင်းထားရှိတဲ့ အကြီးမားဆုံး အိမ်နီးချင်းနိုင်ငံအဖြစ် ခေါ်ဝေါ်သုံးနှုံးလိုက်ပြီး၊ နှစ်နိုင်ငံပြည်သူတွေဟာ အိမ်နည်းချင်းကောင်း မိတ်ဆွေတွေ ဖြစ်ကြတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်မှုတွေမှာ အားပေးကူညီခဲ့တာကို တန်ဖိုးထား အသိအမှတ်ပြုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ လက်တွဲကာပြီး အပေါင်းလက္ခဏာဆောင်တဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို ထားရှိဖို့ အသင့်ရှိပါကြောင်းနဲ့၊ အစဉ်လာမပျက် မိတ်ဆွေရင်းချာ ပူးပေါင်းဆောင်ရွက်မှုတွေကို မျိုးဆက်တခုကနေတခု လက်ဆင့်ကမ်း သွားနိုင်လိမ့်မယ်လို့ ယုံကြည် ထားပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ပထမဦးဆုံးအကြိမ်အဖြစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက် နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG