သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာငြိမ်းချမ်းရေး ဖေါ်ဆောင်မှု တရုတ်ရဲ့ အခန်းကဏ္ဍ


တရုတ်အထူးကိုယ်စားလှယ် မြန်မာမြောက်ပိုင်းလက်နက်ကိုင်တွေနဲ့ တွေ့ဆုံ (northern alliance - burma)
တရုတ်အထူးကိုယ်စားလှယ် မြန်မာမြောက်ပိုင်းလက်နက်ကိုင်တွေနဲ့ တွေ့ဆုံ (northern alliance - burma)

ကိုးကန့်ဒေသအပါအဝင် တရုတ်-မြန်မာနယ်စပ်တလျောက်မှာ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးရရှိဖို့ တရုတ်အစိုးရဘက် ကြားဝင်ညှိုနှိုင်းဆောင်ရွက်မှုဟာ နယ်စပ်တည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ဦးစားပေးတာကြောင့် ဖြစ်တယ်လို့ တရုတ်သုတေသီက ပြောပါတယ်။

အင်္ဂါနေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် Kumming မြို့မှာ တရုတ်အစိုးရ အထူးကိုယ်စားလှယ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့နဲ့ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang ဆွန်ကောရှန်းဦးဆောင်တဲ့ အဖွဲ့နဲ့ KIA ကချင်လွတ်လပ်ရေး အဖွဲ့၊ AA ရခိုင်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ MNDAA ကိုးကန့် အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မတ်လ (၁၄)ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီမတိုင်ခင် တရုတ်အထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့နဲ့လည်း နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

အခုလို တရုတ်အစိုးရဘက်က အဆက်မပြတ် ကြားဝင်ညှိုနှိုင်းဆောင်ရွက်မှုဟာ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတဦး မကြာသေးခင်ကပဲ သေဆုံးခဲ့ပြီး နောက်ထပ် ဒုက္ခသည်တွေဟာလည်း တရုတ်နိုင်ငံထဲကို ဝင်ရောက်တိမ်းရှောင်လာတဲ့အတွက် တရုတ်ဟာ သူတို့နယ်စပ် တည်ငြိမ်မှုရှိစေဖို့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ အမေရိကန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun ကပြောပါတယ်။

“မတ်လ (၁၄) ရက်နေ့က ကူမင်းမြို့မှာ တရုတ်အစိုးရ အထူးကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကြည့်မယ်ဆိုရင် ကိုးကန့်ဒေသမှာ မကြာသေးခင်က စတင်ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတိုက်ပွဲတွေကို အဓိက အာရုံစိုက်တယ်ဆိုတာကို ကျမတို့ သိပါတယ်။ တိုက်ပွဲကြောင့် တရုတ်နိုင်ငံသားတဦးသေဆုံးခဲ့ပါတယ်။ နောက်ပြီး စစ်ပြေးဒုက္ခသည်တွေဟာ တရုတ်ပိုင်နက်ထဲကို ထွက်ပြေးလာနေကြပါတယ်။ ဒါကြောင့် တရုတ်မှာ အဓိက ဦးစားပေး ဆောင်ရွက်ရမယ့် အပိုင်းရှိနေပါတယ်။ တရုတ်က အပစ်အခတ်ရပ်စဲရေးကို လိုလားကြောင်း ပြောတယ်ဆိုတာက အဆက်မပြတ်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ် လုံခြုံရေးကို ထိခိုက်နေပြီး အဲဒီဒေသမှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေလို့ဖြစ်ပါတယ်။”

တရုတ် အထူးကိုယ်စားလှယ်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ တွေ့ဆုံပွဲမှာ မြန်မာအစိုးရနဲ့ ုဆွေးနွေးနိုင်မယ့် အလားအလာအပါအဝင် (၂၁)ရာစုပင်လုံညီလာခံတက်ရေးမတက်ရေးနဲ့ NCA အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုး မထိုး စတဲ့အပေါ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ Yun Sun က အခုလို သုံးသပ်ပါတယ်။

“တရုတ်-မြန်မာ နယ်စပ်တလျောက်မှာ အပစ်အခတ်ရပ်စဲရေးကို လိုလားတယ်ဆိုတာ တရုတ်ဘက်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ။ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်လာမလားဆိုတာကတော့ နယ်စပ်မှာရှိနေတဲ့ ဥပမာ MNDAA လိုမျိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပေါ်မှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ဘယ်လောက်ထိရှိမလဲ။ ကျမတို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။”

တရုတ်အစိုးရ အထူးကိုယ်စားလှယ်အဖွဲ့ဟာ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်တွေနဲ့လည်း တဆက်တည်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုလို တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲဖြစ်နေတဲ့အပေါ်မှာ တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ဝါရှင်တန် ဒီစီ အခြေစိုက် Carnegie Endowment for International Peace အဖွဲ့က မြန်မာ့ အရေး ကျွမ်းကျင်သူ Vikram Nehru ရဲ့ သုံးသပ်ချက်ကတော့

“မြန်မာနိုင်ငံ တည်ငြိမ်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ တရုတ်အစိုးရဟာယူနန်ပြည်နယ်အပါအဝင် နယ်စပ်ခြင်း ကပ်နေတဲ့ မြန်မာနိုင်ငံမှာ ဖွံဖြိုးတိုးတက်ပြီး သာယာဝပြောရေးလိုလားတဲ့အတွက် တည်ငြိမ်မှုရှိမှဖြစ်မယ်လို့ မြင်ထားပါတယ်။ နောက် မြန်မာနိုင်ငံထဲမှာလည်း တရုတ်ရဲ့ အကျိုးစီးပွားတွေရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ တကယ့်အခြေအနေမှာ တရုတ်-မြန်မာ နယ်စပ်မှာ ယိုပေါက်တွေရှိနေပါတယ်။

နယ်စပ်မှာ တရားမဝင်မှောင်ခို လုပ်ဆောင်မှုတွေ အရမ်းများနေသလို၊ ထိန်းချုပ်ဖို့ ခက်နေပြီး မြန်မာဘက်ခြမ်းမှာလည်း တိုက်ပွဲတွေဆက်ပြီး ဖြစ်နေပါတယ်။ တရုတ်အစိုးရက အဲဒီဒေသတဝိုက်မှာ တည်ငြိမ်စေချင်တာပါ။ လက်နက်ကိုင်အဖွဲ့တွေနဲ့၊ မြန်မာစစ်တပ်ကတော့ သူတို့ အကျိုးစီးပွားအတွက် အဲဒီဒေသကို တည်ငြိမ်မှု မဖြစ်စေချင်ပါဘူး။”

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ပတ်သက်လို့ သီးခြားစုံစမ်းစစ်ဆေးဖို့ မတ်လ (၁၃)ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ အပါအဝင် နိုင်ငံအတော်များများက တိုက်တွန်းခဲ့တာတွေရှိပေမဲ့ တရုတ်ကိုယ်စားလှယ်ကတော့ ဒါဟာ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ ကန့်ကွက်ပြေဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လိုသလို တချိန်တည်းမှာပဲ နယ်စပ်ရှိ ဝနဲ့ ကိုးကန့် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် လွှမ်းမိုးမှု ဆက်ထိန်းထားချင်တဲ့ သဘောထားရှိတာတွေ့ရတယ်လို့ အကဲခပ်တွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နဲ့ အခြေတင်အငြင်းပွားပြီး ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံဆည်စီမံကိန်းအပါဝင် ရေနံနဲ့ သဘာ၀ ဓါတ်ငွေပိုက်လိုင်းတွေ တည်ဆောက်ထားပြီး၊ ဘင်္ဂလားပင်လယ်အော်မှာ တရုတ်ရဲ့ ထွက်ပေါက်ရစေမယ့် စစ်တွေနဲ့ ယူနန်ကြား ဆက်သွယ်ရေးလမ်းမဖေါက်ဖို့လည်း တရုတ်က လိုလားနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG