သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အထူးကိုယ်စားလှယ် မြန်မာမြောက်ပိုင်း လက်နက်ကိုင်တွေနဲ့ တွေ့ဆုံ


တရုတ်အထူးကိုယ်စားလှယ် မြန်မာမြောက်ပိုင်းလက်နက်ကိုင်တွေနဲ့ တွေ့ဆုံ (northern alliance - burma)
တရုတ်အထူးကိုယ်စားလှယ် မြန်မာမြောက်ပိုင်းလက်နက်ကိုင်တွေနဲ့ တွေ့ဆုံ (northern alliance - burma)

တရုတ် မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တရုတ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် သဘောထားတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ အစိုးရကြား ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေတွေကိုလည်း တရုတ် ကိုယ်စားလှယ်က ကမ်းလှမ်းခဲ့တာပါ။ မသိဂီ ၤထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် စွန်းကော်ရှမ်းနဲ့ တရုတ် မြန်မာ နယ်စပ် အခြေစိုက် မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ဝင် ကိုယ်စားလှယ်တွေ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။ လက်ရှိ လောက်ကိုင်ဒေသ တိုက်ပွဲတွေ အဆုံးသတ်ဖို့ အပါအဝင် ၂၁ ရာစု ပင်လုံညီလာခံ တက်ရေး မတက်ရေး၊ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA အပေါ် သဘောထား တို့ကို နှစ်ဘက်တို့ ဆွေးနွေး ခဲ့ကြတဲ့ အကြောင်း မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ဝင် ရခိုင်လက်နက်ကိုင်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် က အခုလို ပြောပါတယ်။

“အထူးသဖြင့်တော့ ဒီမတ်လ ၆ ရက်နေ့မှာ ကျနော်တို့ ဒီလောက်ကိုင် ကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ မလွဲမရှောင်သာတဲ့ အနေအထားတခုမှာ တိုက်ခိုက်ရတဲ့အနေအထားနဲ့ ပတ်သက်တဲ့အချက်ရယ်၊ ပြီးရင် ၂၁ ရာစုပင်လုံညီလာခံကို တက်မလား၊ မတက်ဘူးလား ၊ ၂၁ ရာစုပင်လုံညီလာခံရဲ့အခြေခံအပေါ်မှာ ဘယ်လို သဘောထားရှိသလဲဆိုတာရယ်။ နောက်တခုကတော့ NCA စာချုပ်ရယ်ပေါ့နော်။ ပြီးရင် ကျနော်တို့ ပန်ခမ်းက လွန်ခဲ့တဲ့သီတင်းပတ်တွေထဲက ကျင်းပပြုလုပ်ခဲ့တဲ့ ပန်ခမ်းညီလာခံ အပေါ်မှာ သဘောထားရယ် အချက်အလက်တော်တော်များများရယ်။”

KIA ကချင် လက်နက်ကိုင်တပ်၊ TNLA တအာင်း ပလောင် လက်နက်ကိုင်တပ်၊ AA ရခိုင်လက်နက်ကိုင်တပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင်တပ်တို့ စုဖွဲ့ထားတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ သီးသန့်တွေ့ဆုံခဲ့သလို UWSA ၀ လက်နက်ကိုင် အဖွဲ့နဲ့လည်း မြန်မာဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ် က တွေ့ဆုံ ဆွေးနွေး ခဲ့တာပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ၊ တပ်မတော် တို့ကြား ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စတွေကိုလည်း တရုတ်ကိုယ်စားလှယ်က ကမ်းလှမ်း ခဲ့တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

“ဆိုတော့ ပေါင်းကူးတံတားမျိုးအနေနဲ့လား ဆိုပြန်တော့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူပြောတဲ့အထဲမှာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ဒီအစိုးရဘက်ကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်ဆိုရင် ခင်ဗျားတို့ သူတို့နဲ့ ဆက်သွယ်တဲ့ အခြေအနေရှိသလား။ မရှိဘူးဆိုရင်လည်း Mr.ဆွန် တို့အနေနဲ့ ကူညီပေးရမလား၊ ကူညီပေးဖို့အတွက်လည်း သူတို့ဘက်က အဆင်သင့်ရှိသလို၊ တကယ်လို့ အစိုးရဘက်က ဆန္ဒရှိလို့ ကျနော်တို့ကို တွေ့ဆုံချင်တဲ့ စိတ်ဆန္ဒရှိမယ်ဆိုရင်လည်းသူတို့ဘက်က အဆင်သင့်ရှိသလို၊ တကယ်လို့ လိုအပ်လို့ ခင်ဗျားတို့ ဒီတရုတ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အဆင်ပြေသင့်တော်တဲ့နေရာတခုမှာ တွေ့ဆုံမယ်ဆိုရင်လည်း သူတို့ဘက်က ကူညီပေးဖို့အဆင်သင့်ရှိတယ်။ အဓိကတော့ မြန်မာပြည် လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့အတွက် လိုလိုလားလားရှိတဲ့ပုံစံမျိုးကို သူတို့ဖော်ပြပါတယ် ဆိုတော့ပေါင်းကူးတံတားမျိုးအနေနဲ့ ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်။” a

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ဘက်က ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် လာမယ့် အနေအထား ရှိနေတယ်လို့ မြန်မာ့ အရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“ဒေါ်စုက အခု ဘာပဲဖြစ်ဖြစ် တပ်မတော်နဲ့ ပြည်သူလူထုအကြား၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေအကြား သူက ဆက်သွယ်ပေးနေတာလေ၊ အဲဒီ အခွင့်ကောင်းကို ယူပြီးတော့ မိမိတို့ရဲ့ စစ်တန်းလျားတွေကို ပြန်သွားရင် သူတို့အတွက် ဂုဏ်သိက္ခာ အရှိဆုံး အကောင်းဆုံးအလုပ်ဖြစ်မှာပဲ။”

တရုတ် အစိုးရဘက် တရုတ် စစ်တပ် ပြုပြင်ပြောင်းလဲမှု ပုံစံတွေကို မြန်မာ ဘက်ကို တိုက်တွန်းနေတာတွေ ရှိနေတဲ့ အကြောင်းလည်း ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“တရုတ်ကလည်း သူကိုင်နိုင်သမျှ လမ်းတွေနဲ့ ဝင်ကိုင်မှာပဲနဲ့ တူပါတယ် ကြည့်ရတာ။ အဲဒီတော့ မြန်မာ့တပ်မတော်အနေနဲ့ကလည်း ဂုဏ်သိက္ခာရှိရှိ ဆုတ်နိုင်တဲ့လမ်းဟာ ဒီလမ်းပဲရှိတယ်လေ အဲဒါကို သဘောပေါက်လာဖို့တော့ တရုတ်လည်း ကြိုးစားနေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်တပ်မတော်မှာလည်း ပြဿနာက တပုံကြီးလေ။ သူက ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်ရတာလေ။ ဆိုတော့ အဲဒါတွေကို ဥပမာပေးတာနဲ့ ပြောနေတာကတော့ ရှိတယ် ။ မြန်မာစစ်တပ် ရဲ့ ပြုပြင်ပြောင်းလဲရေး ကိုလည်း ကျနော်တို့ တရုတ်တပ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စံနမူနာယူပြီး လုပ်သင့်ပါတယ်လို့တော့ ပြောနေတာတွေတော့ကြားရတယ်။”

တရုတ် မြန်မာ နယ်စပ် အခြေစိုက် လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ခုတို့ စုဖွဲ့ထားတဲ့ မြန်မာပြည် မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ဘက်ကတော့ မြန်မာနဲ့ နီးစပ်တဲ့ တရုတ်လို နိုင်ငံကြီး တနိုင်ငံ ပါဝင်လာမှုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ကောင်းမွန်တဲ့ လက္ခဏာ တရပ် ဖြစ်တယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG