ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump ဟာ ရုရှားနိုင်ငံရဲ့ ပေါ်လစီ ရည်မှန်းချက်တွေကို သစ္စာခံထားသူဖြစ်ကြောင်း ဒီမိုကရက်ပါတီသမ္မတလောင်း Hillary Clinton က တနင်္ဂနွေနေ့မှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။ တကယ်လို့ သူသာ သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရမယ်ဆိုရင် ယူကရိန်းနိုင်ငံပိုင် Crimea ဒေသကို ရုရှားအစိုးရက ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်လိုက်တဲ့ကိစ္စကို လက်ခံကောင်း လက်ခံမယ်လို့ Trump က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံနဲ့ သမ္မတ Vladimir Putin ကို ဘယ်လိုသဘောထား ဆက်ဆံကြမယ်ဆိုတဲ့ ကိစ္စရပ်နဲ့ပတ်သက်လို့ ကိုယ်စားလှယ်လောင်း ၂ ဦးအကြား ရုပ်မြင်သံကြားဌာနတွေနဲ့ တနင်္ဂနွေနေ့က သီးခြားစီ ပြုလုပ်ခဲ့ကြတဲ့ မေးမြန်းခန်းတွေမှာ အချင်းချင်း အနိုင်လု ပြောကြားခဲ့ကြတာပါ။
တနင်္ဂနွေနေ့က Fox သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Clinton က - ရုရှားအပေါ်ထားတဲ့ Trump ရဲ့ အမြင်သဘောထားဟာ အမျိုးသားလုံခြုံရေးကို စိုးရိမ်စရာ ဖြစ်စေကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်စစ်သေနာပတိချုပ် ဖြစ်လာမယ့်သူတဦးရဲ့ စိတ်နေသဘောထားကို မေးခွန်းထုတ်လိုက်ပါတယ်။
Donald Trump ကတော့ သူ့အနေနဲ့ သမ္မတ ပူတင်နဲ့ ဆက်ဆံမှုမရှိကြောင်း၊ လူချင်းလည်း မတွေ့ဆုံဘူးသလို တယ်လီဖုန်းနဲ့လည်း စကား မပြောဘူးကြောင်း ABC ရုပ်မြင်သံကြာဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံနဲ့ ရုရှားတို့ အလျဉ်းသင့်ကြမယ်ဆိုရင်တော့ ဒါဟာ အင်မတန် ကောင်းမွန်တဲ့ကိစ္စဖြစ်မယ်လို့ ပြောပါတယ်။
Crimea ဒေသခံတွေအနေနဲ့လည်း ရုရှားနိုင်ငံအတွင်းမှာ ရှိနေတာကိုပဲ လိုလားကြမှာ ဖြစ်ကြောင်း ပြောကြားလိုက်တဲ့အတွက် အဲဒီ ပြောဆိုမှုဟာ အမေရိကန်အစိုးရရဲ့ ပေါ်လစီတွေနဲ့ ဆန့်ကျင်နေတာလည်း ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံအတွင်း နယ်နိမိတ်တွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရုရှားနိုင်ငံအပေါ် သမ္မတ Barack Obama က စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားတာ အခုချိန်ထိ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။