သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton အီးမေးလ်ကိစ္စ အရေးယူမှု Trump စိတ်ပြောင်း


အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတသစ် Donald Trump ဟာ ဒီမိုကရက်တစ်ပါတီက သူ့ရဲ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ Hillary Clinton ကို သူမ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က ရုံးလုပ်ငန်းတွေကို ကိုယ်ပိုင်အီးမေးလ်ဆာဗာ အသုံးပြုခဲ့တာနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီးလုပ်ဖို့ ရည်ရွယ်ချက်မရှိတော့ဘူးလို့ မရည်ရွယ်တော့ပါဘူးလို့ Donald Trump ရဲ့ ထိပ်တန်း အဓိက လက်ထောက်တဦးက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

Trump ဟာ မဲဆွယ်စည်းရုံးစဉ်ကာလတုန်းက သူသာအနိုင်ရခဲ့မယ်ဆိုရင် Hillary Clinton ရုံးလုပ်ငန်းအတွက် ကိုယ်ပိုင်အီးမေးလ် ဆာဗာ အသုံးပြုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူပြီး ထောင်ထဲအထိ ပို့ပစ်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အပြည့်အစုံကို ရှားဖောင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတသစ် Donald Trump ဟာ ဒီမိုကရက်တစ်ပါတီက Hillary Clinton ကိုယ်ပိုင်အီးမေးလ် အသုံးပြုခဲ့တာနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီး လုပ်ဖို့ မရည်ရွယ်တော့ပါဘူးလို့ Trump ရဲ့ အကြံပေးတဦးဖြစ်တဲ့ Kellyanne Conway က MSNBC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ မစ္စစ် Conway ဟာ အရင်တုန်းက Trump ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး မန်နေဂျာတဦး ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို ထင်ဟပ်တဲ့ အစဉ်အလာတရပ် ဖြစ်တယ်လို့ ရွေးကောက်ခံသမ္မတသစ် Trump ကို ထောက်ခံတဲ့ နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani က ပြောပါတယ်။ မစ္စတာ Trump ရဲ့ အစိုးရ ဝန်ကြီးအဖွဲ့ဝင်တဦး ဖြစ်လာနိုင်ဖွယ်ရှိတဲ့ Giuliani က အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက်ပိုင်းမှာ ကိုယ်လုပ်မယ်လို့ ပြောဆိုခဲ့တဲ့အရာတွေကို မလုပ်တော့ဘဲ အတိတ်ကိုအတိတ်မှာပဲ ထားလိုက်တာဟာ အမေရိကန် နိုင်ငံရေးလောကရဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။ တကယ်လို့များ Trump အနေနဲ့ ဒီအစဉ်အလာအတိုင်း ဆုံးဖြတ်ချက် ချနိုင်မယ်ဆိုရင် သမိုင်းအစဉ်အလာနဲ့လည်း ကိုက်ညီပါတယ်။ ကိုယ်က ဖြစ်လာနိုင်ဖွယ်ရှိတဲ့ မကောင်းတဲ့အရာတွေ အပါအဝင် အမျိုးမျိုး ပြောဆိုတာတွေ ရှိခဲ့ပေမဲ့လည်း နိုင်ငံသွေးစည်းညီညွတ်ဖို့အတွက် ဖြစ်ခဲ့တာတွေကို အတိတ်မှာပဲ ထားလိုက်ကြပါတယ်။”

မစ္စစ် ကလင်တန် အီးမေးလ်ကိစ္စနဲ့ ပတ်သက်တဲ့ Trump ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို သူ့အနေနဲ့ ထောက်ခံသွားမှာ ဖြစ်တယ်လို့လည်း Giuliani က ပြောပါတယ်။ မဲဆွယ်စည်းရုံးရေးကာလတုန်းက ဗဟိုအချက်အချာ နေရာတခုဖြစ်ခဲ့တဲ့ နယူးယောက်မြို့နေအိမ်က ပုဂ္ဂလိက အီးမေးလ် ဆာဗာကို မစ္စစ် ကလင်တန် အသုံးပြုခဲ့တာဖြစ်ပါတယ်။

အီးမေးလ်ပေါင်းသောင်းနဲ့ချီကို ပို့ဆောင် လက်ခံခဲ့တာနဲ့ ပတ်သက်ပြီး Hillary Clinton ရဲ့ ဖြေရှင်းချက်ကို မဲဆန္ဒရှင်အတော်များများ သံသယဖြစ်နေခဲ့ကြတာကို လူထုဆန္ဒစစ်တမ်း ကောက်ယူမှုတွေမှာ တွေ့ခဲ့ကြရပါတယ်။ နိုင်ငံရဲ့ ထိပ်တန်းသံတမန်တဦးအနေနဲ့ ယုံကြည်ဖွယ်ရာ ရှိ မရှိနဲ့ ရိုးသားမှု ရှိ မရှိဆိုတဲ့အပေါ်မှာ မဲဆန္ဒရှင်တွေက သူမကို မေးခွန်းထုတ်နေခဲ့ကြတာ ဖြစ်ပါတယ်။

လပေါင်းများစွာပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေး ကာလတုန်းက ရီပတ်ဘလစ်က သမ္မတလောင်းဖြစ်ခဲ့တဲ့ Donald Trump ဟာ မစ္စစ် ကလင်တန် နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ကိုယ်တွယ်ရာမှာ သူမရဲ့ကိုယ်ပိုင် အီးမေးလ် အသုံးပြုခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးသွားမယ်ဆိုတဲ့ Trump ရဲ့ပြောဆိုမြှောက်ပင့်မှုကြောင့် Trump ကို ထောက်ခံသူတွေက ကလင်တန်ကို ဖမ်းဆီးဖို့ အော်ဟစ်ကြွေးကြော်ခဲ့ကြတာကို Trump ကလည်း သဘောကျခဲ့ပါတယ်။

ဒါပေမဲ့လည်း အမေရိကန်အများစုက သူမအပေါ် အယုံအကြည်မရှိတဲ့ အချက်ကိုတော့ ဟေလာရီ ကလင်တန်အနေနဲ့ ရင်ဆိုင်ရမယ်လို့ ထင်မြင်ကြောင်း မစ္စစ် Conway က တွေ့ဆုံမေးမြန်းခန်းအတွင်းမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ခုလို Trump က Hillary Clinton ကို အီးမေးလ် ကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ကလင်တန်အတွက် စိတ်အနှောက်အယှက် ဖြစ်မှုတွေ သက်သာစေမှာဖြစ်တယ်လို့ Kellyanne Conway က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG