သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton အီးမေးလ်အမှု မူလအတိုင်း ပြောင်းလဲမှုမရှိကြောင်း FBI ပြော


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း Hillary Clinton ရဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က ရုံးကိစ္စတွေကို ကိုယ်ပိုင် အီးမေးလ်ဆာဗာမှာ အသုံးပြုခဲ့ တာနဲ့ ပတ်သက်ပြီး နောက်ထပ် စစ်ဆေးမှုတွေမှာ ရာဇဝတ်မှု မြောက်တဲ့ အနေထားမျိုး မတွေ့ခဲ့ရတဲ့အတွက် သူဇူလိုင်လတုန်းက ပြောဆိုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဘာမှာ ပြောင်းလဲမှာမဟုတ်ဖူးလို့ FBI ဒါရိုက်တာ James Comey က သူ့ရဲ့တွေ့ရှိချက်ကို လွှတ်တော်ကို ပေးပို့ခဲ့ပါတယ်။

မစ္စက်ကလင်တန်ရဲ့ လက်ထောက် ဖြစ်သူ Huma Abedin ရဲ့ ခင်ပွန်းဖြစ်သူ အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်း Anthony Weiner နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ အီးမေးလ် အသစ်တွေကို FBI က ပြန်လည် စစ်ဆေးပြီး တဲ့နောက်မှာ ဒါရိုက်တာ James Comey က တနင်္ဂနွေနေ့ ညနေပိုင်းမှာ အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ကို ပေးပို့တဲ့ စာလွှာထဲမှာ မစ္စတာ Comey က အဲဒီအချိန်က မစ္စက်ကလင်တန် ပေးပို့တာနဲ့ သူ့ဆီဝင်လာတဲ့ အီးမေးလ်စာတွေနဲ့ ပါတ်သက်ပြီး စုံစမ်းစစ်ဆေးသူတွေက မရပ်မနား စစ်ဆေးခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်ပေါ်မှာ မူတည်ပြီး အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Clinton နဲ့ ပါတ်သက်ပြီး သူတို့ ဇူလိုင်လတုန်းက တင်ပြထားချက်တွေကို ဘာမှ ပြန်လည် ပြင်ဆင်စရာ မရှိဘူးလို့လည်း ပြောပါတယ်။

ဇူလိုင်လတုန်းက ဆုံးဖြတ်ချက်ထဲမှာ မစ္စက် Clinton ဟာ ကန့်သတ် အချက်အလက်တွေကို ကိုင်တွယ်ရာမှာ အင်မတန် ပေါ့လျော့မှု ရှိတာ တွေ့ရပေမယ့် ရာဇဝတ်မှု မြောက်စေတဲ့ ရည်ရွယ်ချက်မျိုး မရှိဘူးဆိုတာ တွေ့ရကြောင်းနဲ့ ဒါကြောင့်လည်း အလားတူ ဆုံးဖြတ်ချက် ချခဲ့ကြတာ ဖြစ်ကြောင်း မစ္စတာ Comey က ပြောပါတယ်။

မစ္စတာ Comey အနေနဲ့ ဇူလိုင်လတုန်းက တွေ့ရှိချက်အတိုင်းပဲ ထပ်ပြီး တွေ့ရမှာ ဖြစ်ကြောင်း ယုံကြည်ထားသလို တကယ်လည်း ဖြစ်လာပြီး ဒီပြဿနာ ပြေလည်သွားတဲ့အတွက် မဲဆွယ်ရေးအဖွဲ့တွေက ဝမ်းမြောက်ကြောင်း မစ္စက် Clinton ရဲ့ ဆက်သွယ်ရေး ဆိုင်ရာ တာဝန်ခံ Jennifer Palmieri က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့် မစ္စက် Clinton ဟာ ယိုယွင်းနေတဲ့ စနစ်ရဲ့ အကာကွယ်ကို ရနေတယ်လို့ Republican ပါတီက သမ္မတလောင်း Donald Trump ကတုန့်ပြန်ခဲ့ပါတယ်။

မစ္စက် Clinton ရဲ့ နောက်ထပ် အီးမေးလ်အသစ်တွေ ထပ်တွေ့ရကြောင်း လွန်ခဲ့တဲ့ သီတင်း ၂ ပတ်မှာ မစ္စတာ Comey ရဲ့ ကြေညာချက် ထွက်လာခဲ့ပြီးတဲ့ နောက်မှာ သမ္မတလောင်း ၂ ဦး ကို ထောက်ခံမှု အရေအတွက် သိပ်မကွာပဲ ဖြစ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG