သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်းတွေရဲ့ စရိုက်လက္ခဏာနဲ့ မဲဆန္ဒရှင်တွေအပေါ် လွှမ်းမိုးမှု


ကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ Hillary Clinton နဲ့ Donald Trump
ကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ Hillary Clinton နဲ့ Donald Trump

အမေရိကန်ပြည်သူတွေအနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ သမ္မတသစ် တယောက်ကို ရွေးချယ်ပေး ကြပါတော့မယ်။ နိုင်ငံအတွက် စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ အရေးကြီးပေမဲ့၊ မဲဆန္ဒရှင်အများစုကတော့ အဓိကပြိုင်ဘက်သမ္မတလောင်း ၂ ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စရိုက်လက္ခဏာတွေ အပေါ် သူတို့ ဘယ်လိုခံစားရသလဲဆိုတာကို အခြေခံပြီး ဆုံးဖြတ်နေကြတာကို လူထုစစ်တမ်းတွေမှာ တွေ့နေရပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေရဲ့ စရိုက်လက္ခဏာတွေက မဲဆန္ဒရှင်တွေအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိနေသလဲဆိုတာကို VOA သတင်းထောက် Jim Malone ကသတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက်တွေမှာ သမ္မတလောင်း Hillary Clinton နဲ့ Donald Trump တို့ဟာ တယောက်နဲ့တယောက် အပြစ်အနာအဆာတွေကို အခြေခံတိုက်ခိုက်ပြီး အာရုံစိုက် မဲဆွယ်စည်းရုံးနေကြပါတယ်။ Hillary Clinton က သူ့ကိုယ်ပိုင် e-mail server အသုံးပြုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးရုံးဗျူရိုက တကျော့ပြန်ထုတ်ပြန်လိုက်တဲ့အချိန်မှာ Donald Trump က အချိန်မဆိုင်းဘဲ ဒီကိစ္စကိုဆုတ်ကိုင်ပြီး အခုလို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

“ဒီကိစ္စဟာ Watergate ပြီးရင် အကြီးကျယ်ဆုံး နိုင်ငံရေးအရှုပ်တော်ပုံကြီးပါဘဲ။ ဒါကြောင့် တရားဥပဒေအရအရေးယူဖို့ လူတိုင်းရဲ့ နက်နဲလှတဲ့မျှော်လင့်ချက်ဖြစ်ပါ တယ်။ နောက်ဆုံးမှာတော့ ဒီကိစ္စကို လှလှပပ ထုတ်ဖေါ်သွားကြမှာပါ။”

Hillary Clinton ကတော့ စလယ်ဆုံး သူ့အပေါ်ယုံကြည်ကိုးစားလာအောင် ဖိဖိစီးစီး စည်းရုံးနေပါတယ်။ Clinton အနေနဲ့ မဲဆွယ်စည်းရုံးရေးနောက်ဆုံးနေ့တွေမှာ ခုခံကာကွယ်ပြောဆိုရင်း Donald Trump ရဲ့ စရိုက်လက္ခဏာ၊ အပြစ်အနာအဆာတွေကို ထုတ်ဖေါ်ပြောဆိုနေပါတယ်။

“Donald Trump က အကြောက်တရားတွေတိုးအောင်၊ ကျမတို့ရဲ့ ဒီမိုကရေစီ အနှစ်သာရကို သိက္ခာချပြီး အမေရိကန်ပြည်သူတွေအကြား အုပ်စုတစုနဲ့ တစုအကြား အပြန်အလှန် စော်ကားကြဖို့ ဆော်သြနေတာပါ”

အစဉ်အလာအားဖြင့်တော့ သမ္မတရွေးကောက်ပွဲ မဲဆွယ် စည်းရုံးကြတဲ့ အခါ နိုင်ငံခြားရေး၊ စီးပွားရေးနဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေ ကိုဇောင်းပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ အတော်လေးကွဲပြားခြားနားတာတွေ့ရတယ်လို့ George Washington တက္ကသိုလ်က ပါမောက္ခ Matthew Dallek ကပြောပါတယ်။

“ဒီရွေးကောက်ပွဲကတော့ ပုဂ္ဂိုလ်ရေး စရိုက်လက္ခဏာနဲ့ အကျင့်သိက္ခာ အပေါ်အခြေခံနေတာတွေ့ရပါတယ်။ စရိုက်လက္ခဏာနဲ့ပတ်သက်လို့ကတော့ စ လယ်ဆုံး အခရာကျနေဆဲဖြစ်ပါတယ်။ ဒါကတော့ ပျက်ပြယ်သွားမယ်လို့ ကျနော်မထင်ပါဘူး။ အစဉ်အလာအရ နိုင်ငံအတွက်အရေးပါတဲ့ကိစ္စရပ်တွေနဲ့ မူဝါဒတွေဟာ မဲဆန္ဒရှင်အများစုက ထည့်သွင်းမစဉ်းစားဘဲ ပုံမှန်မဟုတ်တဲ့ အဆင့်အထိရောက်နေတာတွေ့ရပါတယ်။”

လူထုစစ်တမ်းတွေအရ မဲဆန္ဒရှင်တော်တော်များများက Hillary Clinton ဟာ ယုံကြည်ထိုက်တဲ့သူတယောက်ဖြစ်မှဖြစ်ပါ့မလားလို့ မေးခွန်းထုတ်နေကြတာတွေ့ရသလို၊ Donald trump ကရော သမ္မတတယောက်ဖြစ်ဖို့ စိတ်ဓါတ်နဲ့ အရည်အချင်းက ရှိပါ့မလားလို့ သံသယတွေပွားနေကြတာတွေ့ရပါတယ်။

နောက်ဆုံးမှာတော့ သမ္မတလောင်း ၂ ယောက်ရဲ့ အပြစ်အနာအဆာက မဲဆွယ်စည်းရုံးရေးကို လွှမ်းမိုးနေတာတွေ့ရတယ်လို့ အနောက် Virginia တက္ကသိုလ်ပါမောက္ခ Patrick Hikey က သုံးသပ်ပါတယ်။

“အမေရိကန်ပြည်သူအတော်များများက သမ္မတလောင်း ၂ ယောက်စလုံးကို သဘောမကျသလိုဖြစ်နေတော့ သိပ်ကို ကသိကအောက်နိုင်တဲ့ အမေရိကန်ရွေးကောက်ပွဲလို့ ကျနော်ယူဆပါတယ်။ ပုံမှန်အားဖြင့်တော့ သမ္မတလောင်းတယောက်ကိုဘဲ အပြစ်မြင်တာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ၂ ယောက်စလုံးကိုတော့ အခုလိုမျိုးဖြစ်လေ့မရှိပါဘူး။”

အခုမဲဆွယ်စည်းရုံးရေးကာလတလျှောက်လုံး သမ္မတလောင်းတွေရဲ့ စရိုက်လက္ခဏာက အဓိကကျနေတာတွေ့ရပါတယ်။ ဒုတိယအကြိမ်စကားစစ်ထိုးပွဲမှာ Donald Trump က email ကိစ္စနဲ့ပတ်သက်ပြီး Hillary Clinton ကို အခုလို ထိုးနှက်ခဲ့ပါတယ်။

“ကျနော်သာနိုင်ခဲ့ရင်၊ ခင်ဗျားရဲ့ အခြေအနေကို စစ်ဆေးဖို့ ကျနော်ရဲ့ ရှေ့နေချုပ်ကို အထူးစွဲဆိုရေးမှူးတယောက်ခန့်ထားဖို့ ညွှန်ကြားမှာပါ။”

တတိယအကြိမ်စကားစစ်ထိုးပွဲမှာတော့ Hillary Clinton က အငြင်းပွားနေကြတဲ့ Donald Trump ရဲ့ အမျိုးသမီးတွေအပေါ် မှတ်ချက်ချပြောဆိုခဲ့တာတွေကို ပြန်လည်ထိုးနှက်ခဲ့ပါတယ်။

“အမျိုးသမီးတွေကို နှိမ်လိုက်ရရင် သူကိ ပိုကြီးကျယ်သွားမယ်လို့ Donald ကထင်နေတာလေ။ အမျိုးသမီးတွေရဲ့ သိက္ခာနဲ့ တန်ဖိုးကို ထိပါးနေတာပါ။ သူဒီလိုပြောတာကိုခံစားရတဲ့ အဖြစ်မျိုးကို ဘယ်အမျိုးသမီးဖြစ်ဖြစ် မသိတဲ့သူမရှိပါဘူး။”

အရှည်ကြာဆုံးနဲ့ အမြင်ကွဲပြားခြားနားမှုအများဆုံးဖြစ်တဲ့ ဒီရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလဟာ လာမယ့်အင်္ဂါနေ့မှာ အဆုံးသတ်တော့မှာပါ။ ဒါပေမဲ့ မဲဆန္ဒရှင်အတော်များများအတွက်ကတော့ အဆုံးသတ်ဖို့ ထင်သလောက် ဘဝင်ကျနိုင်မှာမဟုတ်ပါဘူးလို့ VOA သတင်းထောက် Jim Malone က သတင်းပေးပို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG