သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အပေါ် သဘောထားကြီးဖို့ Clinton တိုက်တွန်း


အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာဖို့ ကြိုးပမ်းနေမှုမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က အများမျှော်လင့်ထားခဲ့သလို မဖြစ်ဘဲ အနိုင်မရခဲ့ပါဘူး။ သူက အစဉ်အလာအတိုင်း သူ့ရဲ့ပြိုင်ဘက် ရီပတ်ဘလစ်ကန်သမ္မတလောင်း - Donald Trump သမ္မတအဖြစ် ရွေးချယ်ခံရမှုကို ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲ ရှုံးနိမ့်တဲ့အကြောင်း မိန့်ခွန်းကိုလည်း နယူးယောက်ရုံးမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အမေရိကန်မဲဆန္ဒရှင်တွေဟာ နောက်တက်မယ့်သမ္မတသစ် Donald Trump ကို ရွေးချယ်လိုက်တဲ့သတင်းဟာ အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက စောင့်ကြည့်သူတွေကိုပါ အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာလည်း ဒုတိယကမ္ဘာစစ်ကြီးအပြီး စောင့်ကြည့်အခံရဆုံး ရွေးကောက်ပွဲတရပ်လည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက် သမ္မတသစ်ဟာ အမေရိကန်မှာ ပထမဦးဆုံး အမျိုးသမီးသမ္မတ ဖြစ်လာလေမလားလို့လည်း အမျိုးသမီးတို့က စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာတဲ့အခါမှာတော့ ရီပတ်ဘလစ်ကန် သမ္မတလောင်းက အနိုင်ရရှိတဲ့ အတွက်ကြောင့်လည်း ပြိုင်ဘက် ဟီလာရီ ကလင်တန်အနေနဲ့ အနိုင်ရသူ ယှဉ်ပြိုင်ဘက်ကို တယ်လီဖုန်းနဲ့ ဆက်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအစဉ်အလာအရလည်း အဲဒီနေ့မနက်မှာပဲ သူ့အတွက် မဲဆွယ်လှုပ်ရှားပေးခဲ့တဲ့ ထောက်ခံသူတွေကို ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း မိန့်ခွန်းကို ဟီလာရီ ကလင်တန်က နယူးယောက်မှာ ပြောကြားခဲ့ပါတယ်။ တဘက်နဲ့တဘက် နှစ်နှစ်ကာကာ ဝေဖန်ပြောဆို တိုက်ခိုက်ခဲ့တဲ့ မဲဆွယ်လှုပ်ရှားမှုကြောင့်လည်း နိုင်ငံမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် သူ့ပြိုင်ဘက် အနိုင်ရသူ Donald Trump အပေါ် သဘောထားကြီးဖို့ကိုလည်း ဟီလာရီ ကလင်တန်က သူ့အပေါ် ထောက်ခံသူတွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျမတို့နိုင်ငံဟာ ဒီရွေးကောက်ပွဲအတွင်း ပိုပြီး စိတ်ဝမ်းကွဲနေတယ်ဆိုတာကို ကျမ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လို့လည်း အမေရိကန်ပြည်ထောင်စုအပေါ်မှာ ကျမ ခုထက်ထိ ယုံကြည်ချက် မပျက်ပါဘူး။ ဘယ်တော့မှလည်း ပျက်မှာ မဟုတ်ပါဘူး။ ယုံကြည်ချက်မပျက်ဘူးဆိုရင် ဒီရွေးကောက်ပွဲရလဒ်ကို ကျမတို့ လက်ခံကြိုဆိုရမှာဖြစ်သလို၊ အနာဂတ်ကိုလည်း မျှော်မှန်းကြရမှာဖြစ်ပါတယ်။ Donald Trump က ကျမတို့ရဲ့ သမ္မတဖြစ်လာမှာပါ။ ကျမတို့ သူ့အပေါ် သဘောထားကြီးဖို့လိုပြီး၊ နိုင်ငံ့ကို ခေါင်းဆောင်နိုင်မယ့် အခွင့်အလမ်းကိုလည်း သူ့ကို ပေးနိုင်ရမှာဖြစ်ပါတယ်” - လို့ ဟီလာရီ ကလင်တန်က ပြောကြားသွားတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒီမိုကရေစီရဲ့ အနှစ်သာရကို ဆက်လက် ပံ့ပိုးထောက်ခံသွားဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေးကို ဦးထိပ်ထားတာ ဖြစ်ပါတယ်။ ကျမတို့ အဲဒီအချက်ကို လေးစားယုံမက မြတ်နိုးတန်ဖိုးထားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေး၊ တန်းတူအခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်စွာ ဘာသာကိုးကွယ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စတဲ့ စံတန်ဖိုးတွေလည်း ပါရှိတာ ဖြစ်ပါတယ်။ ဒီစံတန်ဖိုးတွေကို ကျမတို့ ထွေးပိုက်ကြရမှာဖြစ်သလို၊ ကာကွယ်စောင့်ရှောက်ကြရမှာဖြစ်ပါတယ်” လို့ ဟီလာရီ ကလင်တန်က ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရရှိရေးအတွက် ကြိုးပမ်းပေးခဲ့ကြတဲ့ မဲဆွယ်လှုပ်ရှားခဲ့ကြသူတွေကိုလည်း အခုလို အရေးရှုံးနိမ့်တဲ့အတွက်ကြောင့် သူက တောင်းပန်စကား ပြောကြားပြီး ဘဝမှာ အနိုင်အရှုံးနဲ့ ရင်ဆိုင်ကြရပေမဲ့လို့လည်း ယုံကြည်ချက်မပျက်ကြဖို့ လူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

“ဒီရှုံးနိမ့်မှုဟာ သိပ်ကို စိတ်ဆင်းရဲစရာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း အနိုင်ရဖို့ ကြိုးစားထိုက်မယ်ဆိုရင်တော့ ဘယ်တော့မှ လက်မြှောက်အရှုံးမပေးပါနဲ့” လို့ ဟီလာရီ ကလင်တန် က တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်လာဖို့ ဟီလာရီကလင်တန်အနေနဲ့ သမ္မတကတော်၊ အထက်လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဝန်ကြီး စသဖြင့် တာဝန်တွေကို အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး အသက် ၆၉ နှစ်အရွယ်မှာ ဖန်မျက်နှာကျက်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမဲ့လို့လည်း သူဟာ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့လို့လည်း အထူးသဖြင့် မိန်းကလေးငယ်တွေအနေနဲ့ ဒီပန်းတိုင်ရောက်နိုင်ဖို့ အားမလျှော့ကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

“အမြင့်ဆုံးနဲ့ အမာဆုံး ဖန်မျက်နှာကျက်ကို ကျမတို့ ထိုးဖောက်နိုင်ခြင်း မရှိသေးပါဘူးဆိုတာကို ကျမ သဘောပေါက်မိပါတယ်။ ဒါပေမဲ့လို့လည်း တနေ့မှာတော့ တယောက်ယောက်က ကျမတို့ အခု ထင်ထားတာထက်တောင် ပိုမြန်ပြီးတော့ ဒီဖန်မျက်နှာကျက်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဒီမိန့်ခွန်းကို ကြည့်ရှုနေကြတဲ့ မိန်းကလေးငယ်အားလုံးကို ကျမပန်ကြားလိုတာကတော့ ကိုယ့်ရည်မှန်းချက်အောင်မြင်ဖို့ ကမ္ဘာပေါ်မှာ လူတိုင်းဟာ အခွင့်အရေး ရထိုက်ကြသလို ကိုယ့်မှာလုပ်နိုင်စွမ်းရှိပြီး ကိုယ်ဟာတန်ဖိုးရှိတဲ့ လူတဦးဖြစ်တယ်ဆိုတာကို ဘယ်တော့မှ သံသယမရှိကြပါနဲ့” - လို့ ဟီလာရီ ကလင်တန်က တိုက်တွန်းပြောကြားသွားပါတယ်။

ဟီလာရီ ကလင်တန်အနေနဲ့ အခုလို စင်မြင့်ပေါ်မှာ မိန့်ခွန်းပြောကြားစဉ် ခင်ပွန်းသည်ဟောင်း ဘေလ် ကလင်တန်နဲ့အတူ သမီး ချာစီးလ် ကလင်တန်တို့လည်း ရှိခဲ့ပြီး၊ သူ့အတွက် မဲဆွယ်လှုပ်ရှားပေးခဲ့ကြသူတွေကလည်း အင်တိုက်အားတိုက် သြဘာပေး ထောက်ခံခဲ့ကြတာလည်း ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG