သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာသတင်းထောက် အသတ်ခံရမှု CPJ စိုးရိမ်


အသတ်ခံရသည့် မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း (ကိုစိုးမိုးထွန်း Facebook)
အသတ်ခံရသည့် မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း (ကိုစိုးမိုးထွန်း Facebook)

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းထောက်တဦး အသတ်ခံရ တာနဲ့ ပတ်သက်ပြီး သေခြာစုံစမ်းဖော်ထုတ်အရေးယူသင့်ကြောင်း စာနယ်ဇင်း သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ - CPJ အဖွဲ့ က ပြောဆိုလိုက်သလို အစိုးရ အနေနဲ့ အနာဂတ်မှာ သတင်းထောက်တွေကို အကာအကွယ်ပေးဖို့ လိုတယ် လို့လည်း CPJ အဖွဲ့ရဲ့ အာရှဆိုင်ရာတာဝန်ခံက ပြောပါတယ်။ အသေးစိတ်ကို စုံစမ်းမေးမြန်းထားတဲ့ ရှားဖောင်က တင်ပြထားပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ညက အသတ်ခံလိုက်ရတဲ့ Eleven Media Group ရဲ့ မုံရွာ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အမှုနဲ့ပတ်သက်ပြီး သေခြာ စုံစမ်းဖော် ထုတ် အရေးယူ သင့်တယ်လို့ နိုင်ငံတကာ စာနယ်ဇင်းသမားများ ကာကွယ်စောင့် ေ ရှာက်ရေးအဖွဲ့ - CPJ က ပြောဆိုလိုက်ပါတယ်။ ဒီကိစ္စဟာ သတင်းထောက်ဖြစ်နေ လို့ အသတ်ခံရတာ ဖြစ်တယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ ယူဆသင့်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ CPJ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ကိုစိုးမိုးထွန်း ဘာကြောင့် အသတ်ခံရသလဲဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပေမယ့် သူမသေဆုံးခင် လတ်တလော အတွင်းမှာေ တာ့ ဒေသတွင်း သစ်ခိုးထုတ်မှုကိစ္စကို စုံစမ်း သတင်းယူဖို့လုပ်နေတယ်လို့ Eleven Media Group ရဲ့ မန္တလေးမြို့တာဝန်ခံကပြောကြောင်း CPJ ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြ ထားပါတယ်။ သေဆုံးနေတဲ့ ကိုစိုးမိုးထွန်းရဲ့ ဦးခေါင်းနဲ့ မျက်နှာပေါ်မှာ ဒုတ်နဲ့ အရိုက်ခံ ထားရတယ်လို့ ရဲတွေကပြောပါတယ်။

အခုလို ကိုစိုးမိုးထွန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အရမ်းကို ထိလွယ်ရှလွယ်တဲ့ သတင်းတွေ လုပ်တဲ့အခါမှာ မြန်မာနိုင်ငံက သတင်းထောက်တွေ အတွက် ဘယ်လောက်ထိ အန္တရာယ်ရှိလဲဆိုတဲ့အပေါ်မှာတော့ CPJ ရဲ့ အာရှဆိုင်ရာ တာဝန်ခံ Steven Butler အခုလိုပြောပါတယ်။

“ဒီလို ကိစ္စမျိုးတွေမှာ သတင်းရယူတဲ့အခါ ဘယ်လောက်အထိ အန္တရာယ်ရှိသလဲ ဆိုတာကို အဝေးမှာပြော ရတာခက်ပါတယ်။ သူ့ကို ဘယ်သူသတ်တယ်၊ လူသတ် သမားက ဘယ်သူလည်း ဆိုတာကို ကျနော်တို့ကလည်း မေးဖို့လိုပါတယ်။ ဒါပေမယ့် အတိုင်းအတာ တခုထိတော့ သူလုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်နေပါတယ်။ အဂတိ လိုက်စားမှုတွေ၊ ရာဇဝတ်မှု ကျူးလွန်ရာရောက်တဲ့ အပြုအမူတွေ၊ အထူးသဖြင့် အရမ်း ချမ်းသာတဲ့လူတွေ အကြမ်းဖက်တတ်တဲ့ ရာဇဝင် ရှိတဲ့သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စုံစမ်းဖော်ထုတ် သတင်းယူတဲ့အခါ သတင်းထောက်တွေ အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အထူး သတိထားဖို့ လိုပါတယ်”

ကိုစိုးမိုးထွန်းဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီက ၁ ရက်နေ့ကနေစပြီး Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် အဖြစ်နဲ့ စတင် တာဝန်ထမ်းဆောင် ခဲ့တာဖြစ်ပါတယ်။ Eleven Media Group ရဲ့ ထုတ်ပြန်ချက်အရ သူတို့ရဲ့ မုံရွာ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးနေတဲ့ အလောင်းကို စစ်ကိုင်း တိုင်း မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စု လမ်းမကြီးအနီး တနင်္လာနေ့ ညသန်းခေါင်ယံ အချိန်လောက်မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုစိုးမိုးထွန်းသေဆုံး ရမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို Eleven Media Group က ဆောင်ရွက်နေသလို သက်ဆိုင်ရာ ရဲစခန်း အနေနဲ့ကလည်း အမှုမှန် အမြန်ဆုံးပေါ်အောင် စုံစမ်းစစ်ဆေး မှုတွေလုပ်ပေးဖို့ တိုက်တွန်းကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရဲတွေက ဒီအမှုကို လူသတ်မှုရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထား တယ်လို့လည်း ဆိုပါ တယ်။ သတင်းထောက် ကိုစိုးမိုးထွန်း အခုလို အသတ်ခံရတဲ့ အပေါ် CPJ အဖွဲ့ အနေနဲ့ ရှုတ်ချသလို ဒီအမှုနဲ့ ပတ်သက်ပြီးတော့လည်း အမြန်ဆုံး ဖော်ထုတ် အရေး ယူနိုင်အောင် မြန်မာအစိုးရကိုတောင်း ဆိုကြောင်းလည်း Steven Butler ကပြော ပါတယ်။

“တကယ့်ခြေခြေမြစ်မြစ်လုပ်ရမှာကတော့ စောစော စုံစမ်းစစ်ဆေးဖော်ထုတ် ဖို့လို ပါတယ်။ အဲဒီလို စုံစမ်းဖော်ထုတ် တဲ့အခါမှာ သူအပေါ် မကျေနပ်ကြတဲ့ လူတွေ ကိုလည်း စုံစမ်းဖို့ လိုပါတယ်။ တခါတရံ စုံစမ်းစစ်ဆေး မှုတွေမှာ ကြုံတွေ့ ရလေ့ ရှိတဲ့ ပြဿနာတွေ ကတော့ ဒေသန္တရအစိုးရရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ ကိစ္စမျိုးတွေမှာ ရဲတွေအတွက် မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေး အရေးယူဖို့ ခက်ခဲ တတ်ပါတယ်။ ဒါကြောင့်မို့ ဒေသန္တရအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးမှုမှာ ဝင်ရောက် စွက်ဖက်လို့ မရအောင် ကျနော်တို့က ဗဟိုအစိုးရကို ဒီကိစ္စမျိုးတွေမှာ ပါဝင် ပတ်သက်စေ ချင်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာတာဝန်ရှိသလဲ ဆိုတာကို စုံစမ်းစစ်ဆေးဖို့ အတွက် အစိုးရအနေနဲ့ ထဲထဲဝင် လုပ်ဆောင်သင့်သလို အနာဂတ်မှာ သတင်းထောက်တွေ ကို အကာအကွယ်ပေး သွားဖို့က အကောင်းဆုံး နည်းလမ်းတရပ် ဖြစ်တယ်လို့ လည်း CPJ ရဲ့ အာရှဆိုင်ရာ တာဝန်ခံ Steven Butler ကပြောပါတယ်။

၁၉၉၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ သတင်းထောက် လေးယောက် ထက်မက အသတ် ခံရပြီး၊ သူတို့ကို သတ်တဲ့လူတွေကလည်း အခုထိ အရေးယူမခံရပဲ လွတ်မြောက်နေ တယ်လို့ CPJ က လေ့လာ တွေ့ရှိထားပါတယ်။

ကိုစိုးမိုးထွန်းသေဆုံးမှုနဲ့ ပတ်သက်ပြီး အရပ်သားတွေရဲ့ လုံခြုံရေးနဲ့ အမှုမှန်ကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ဆောင်ရွက်ပေးဖို့ မြန်မာ ဂျာနယ်လစ် ကွန်ယက် (MJN) ကလည်း တောင်းဆိုလိုက်ပါတယ်။ ကိုစိုးမိုးထွန်းမှာ ဇနီးနဲ့ အသက် ၈ နှစ်အရွယ်သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG