သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကျော့ ငြိမ်းညီလာခံအတွက် ပြင်ဆင်ဆွေးနွေး


၂၀၁၆ စက်တင်ဘာတုန်က ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပစဉ်
၂၀၁၆ စက်တင်ဘာတုန်က ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပစဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံ တနိုင်ငံလုံးငြိမ်းချမ်းရေး၊ အားလုံးပါဝင်ရေးနဲ့ လက်ရှိ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ မွန်းလွဲပိုင်းမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ကို ကိုယ်စားပြုတဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နဲ့ ဆွေးနွေး (Myanmar State Counsellor Office)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ကို ကိုယ်စားပြုတဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နဲ့ ဆွေးနွေး (Myanmar State Counsellor Office)

အမျိုးသားပြည်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ကို ကိုယ်စားပြုတဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နဲ့ မနက် ၉နာရီခွဲကနေ ၁၁နာရီခွဲအထိ နေပြည်တော်က အမျိုးသားပြည်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးဖြစ်တဲ့ အချက်တွေကို PPST အဖွဲ့ဝင် ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“အဓိကတော့ ၂၀၁၇က ငြိမ်းချမ်းရေးနှစ် လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောထားတော့ ဒီငြိမ်းချမ်းရေးနှစ်၊ ငြိမ်းချမ်းရေးရရှိဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲပေါ့နော် ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာတာပေါ့နော်၊ ဒါနံပတ် ၁ ပေါ့။ နံပတ် ၂ ကတော့ လာမယ့် ၂၁ ရာစုပင်လုံက မကြာခင်ကျင်းပမယ်ဆိုတော့ အားလုံးပါဝင်နိုင်ဖို့နဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲပေါ့။ နံပတ် ၃ကတော့ အဖွဲ့ဝင် ၈ ဖွဲ့ထဲမှာ ၁ ဖွဲ့၊ ၂ ဖွဲ့က အမှုအခင်း နည်းနည်းပါးပါးရှိတော့ အဲဒါလေးတွေကို ဘယ်လိုနည်းနဲ့အဖြေရှာမလဲ ၊ ကူညီဆောင်ရွက်ပေးရမလဲပေါ့ အဲဒါပါပဲ အဲဒီ ၃ ခု ဒီမနက်ဆွေးနွေးကြပါတယ်။”

ဆွေးနွေးပွဲက ရရှိလာတဲ့ ရလဒ်တွေကို ဗိုလ်မှုးကြီး ခွန်ဥက္ကာက အခုလို ဆက်ပြောပါတယ်.

“ NCA မထိုးရသေးတဲ့အဖွဲ့တွေ ၂၁ ပင်လုံမှာဖြစ်ဖြစ် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာပဲဖြစ်ဖြစ် ပါဝင်လာနိုင်အောင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ပေါ့ ဒါကို ဝိုင်းပြီးတာဝန်ယူကြဖို့လိုတယ်ပေါ့ ဒီအချက်ကို ကျနော်တို့ ဆွေးနွေးပါတယ်။ နောက်ပြီးတော့ အမှုအခင်းတွေနဲ့ ပတ်သက်ပြီးတော့ Rule of law Principle အောက်မှာမှ ဖြစ်နိုင်ခြေရှိတဲ့ သက်သာခွင့်တွေ၊ ကင်းလွှတ်ခွင့်တွေကို ရှာဖွေမယ်ဆိုပြီးတော့ ကျနော်တို့ အဲလိုဆုံးဖြတ်တော့ အစိုးရဘက်က ရှေ့နေချုပ် ဦးထွန်းထွန်းဦးရဲ့ အကြံဉာဏ်တွေကိုလည်း ရယူတာရှိပါတယ်။အဲဒီလိုနည်းနဲ့ ကြိုးပမ်းနေတာဖြစ်ပါတယ်။”

NCA လက်မှတ် ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအ ဝင် သုံးဦးဟာ AK-47 သေနတ် ၁၉ လက်နဲ့ အတူ ကရင်ပြည် နယ်ဘားအံမြို့မှာ ဒီဇင်ဘာလ ၉ရက်နေ့ကနေ ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDFက ဗဟိုကေ်ာမတီဝင် တဦးကတော့ ဒီဇင်ဘာလ ၂၈ရက်နေ့က လိုင်ဇာအသွား စိန်လုံပူးပေါင်းဂိတ်မှာ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁နဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပြီး သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှုး ဦးဇော်ဌေးက ဆွေးနွေးတဲ့ အချက်တွေကို အခုလို ပြောပါတယ်။

“နံပတ် ၁ ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားနေတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသက်ရောက်နိုင်မှုအလားလာပေါ့။ နံပတ် ၂ အချက်ကတော့ ကျနော်တို့ မကြာခင်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ခိုင်မာတဲ့ ရလဒ်တွေထွက်ပေါ်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ။ နံပတ် ၃ အချက်ကတော့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားနယ်မြေဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အဲဒါကို ပြည်တွင်းပြည်ပ ကူညီထောက်ပံ့မူတွေနဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးရေးကိစ္စ၊ နောက်ပြီးတော့ နံပတ် ၄ အချက်က NCA ထိုးထားတဲ့အဖွဲ့တွေထဲက တချို့အဖွဲ့ဝင်တွေက အမူအခင်းတွေဖြစ်နေတယ် အဲဒီကိစ္စတွေကို ဆွေးနွေးတယ်။ နောက် နံပတ် ၅ အချက်ကတော့ NCA မထိုးသေးတဲ့အဖွဲ့တွေ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေ့ါ။ ၂၁ ရာစုပင်လုံမှာ ပါဝင်လာဖို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အချက်ပေါ့နော်။ နောက်ဆုံးအချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာတခြားကိစ္စတွေပေါ့နော် အဲဒါတွေဆွေးနွေးတယ် ဟုတ်ကဲ့”

ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေး သည့်အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးညှိနှိုင်းတာတွေ တစ်စိုက်မတ်မတ် ပြုလုပ်ရေးကို အခြေခံ၍ စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးနေ ရှိကြောင်း၊ ဆွေးနွေးညှိနှိုင်းတာကနေ အဖြေထွက်လာမယ်လို့ ယုံကြည်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲဟာ အားရဖွယ်ရှိတဲ့ဆွေးနွေးပွဲဖြစ်ကြောင်းလည်း ပြောပါတယ်။

“တိုင်းရင်းသားခေါင်းဆောင်တွေကလည်း တကယ့်ကို သံဓိဌာန်နဲ့ ငြိမ်းချမ်းရေးအတွက် လုပ်နေကြတာဖြစ်တော့ တော်တော်လေး ကျေနပ်အားရဖွယ်ဖြစ်တဲ့ တွေ့ဆုံမူဖြစ်တယ်။ နောက်တခုက ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးပေါ့ အဲဒီအတွက်လည်း ကျနော်တို့ ပိုပြီးတော့ မူပိုင်းဆိုင်ရာပေါ့လေ အဲဒါလေးတွေလည်း ကျနေ်ာတို့ ပြောခဲ့ပါတယ်။ အထူးသဖြင့်ပေါ့နော် ကျနေ်ာတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကျနော်တို့ နိုင်ငံရေးအရ အောင်မြင်မူတွေအများကြီးရနေတယ်။ ရနေတဲ့ဟာကို ကျနော်တို့ ဒီဘက်က ဖွံ့ဖြိူးရေးဘက်ပေါ့နော် လူမှုစီးပွား ဖွံ့ဖြိူးရေးဘက်ကနေပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာကို ကျနော်တို့ ဒါတွေတော်တော်လေးဝိုင်းပြီးတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတာတွေ တွေ့ရပါတယ်။”

ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်နဲ့ ဒေါက်တာတင်မျိုးဝင်းတို့ ပါဝင်တက်ရောက်ခဲ့သလို PPST အဖွဲ့ဖက်ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးခေါင်းဆောင်ပြီး တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်အဖွဲ့ဟာ မွန်းလွဲ၂နာရီမှာ မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဆွေးနွေးတဲ့အချက်တွေကိုတော့ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG