သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အီတလီနိုင်ငံ ရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည် အီတလီနိုင်ငံရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည် အီတလီနိုင်ငံရောက်ရှိ

ဥရောပသုံးနိုင်ငံခရီးထွက်နေတဲ့ မြန်မာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မေလ ၃ ရက်နေ့မှာတော့ အီတလီနိုင်ငံကို ရောက်ရှိနေပါတယ်။ အီတလီဝန်ကြီးချုပ်ရဲ့ တရားဝင်ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အီတလီနိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်ဖို့ စီစဉ်ထားကြောင်းသိရပြီး အစိုးရအရာရှိတွေနဲ့ တွေ့ဆုံချိန်မှာတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို အလေးထား ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ ဥရောပအခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ အင်္ဂါနေ့က ဘယ်လ်ဂျီယံ ဘရက်ဆဲလ်မြို့မှာ အီးယူ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ သူ့ရဲ့ဥရောပခရီးစဉ် ဒုတိယတထောက်ဖြစ်တဲ့ အီတလီနိုင်ငံကို ရောက်ရှိ သွားပါပြီ။ အီတလီ ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ အခုခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အီတလီနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်ဖို့ စီစဉ်ထားတာသိရတယ်လို့ ဥရောပအခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဦးနွယ်အောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အီတလီကို ဒီနေ့ရောက်နေပြီဆိုတာကို ကြားပါတယ်။ ဒါကလည်း အီတလီဝန်ကြီးချုက်ရဲ့ ဖိတ်ကြားချက်အရပေါ့လေနော် အီတလီအနေနဲ့ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို အမြဲအစဉ်တစိုက် ကူညီပြီးတော့ ပံ့ပိုးလာတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လေ။ အခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ပြီးတော့ သူတို့က Honorary Citizenship ဂုဏ်ထူးဆောင် နိုင်ငံသားဆု ကို ပေးဖို့ အစီအစဉ်ရှိတယ်။ ပေးလည်းပေးမှာပါပဲ ဒီဟာကတော့ အီတလီက အမြဲပဲလုပ်လာတဲ့အစဉ်အလာ ဖြစ်ပါတယ်။”

အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အီတလီဝန်ကြီးချုပ် Paolo Gentiloni၊ နိုင်ငံခြားရေးဝန်ကြီး Angelino Alfano နဲ့ တေ့ွဆုံဖို့ရှိသလို၊ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ လူမှုရေးဆိုင်ရာ အကူအညီတွေကိစ္စ အလေးထား ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ ဦးနွယ်အောင်က ပြောပါတယ်။

“အီတလီနိုင်ငံကတော့ ကျနော်တို့ဒီမြန်မာနိုင်ငံအပေါ်မှာ တော်တော့် ကိုစေတနာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဥရောပကို လာပြီး အီတလီကိုရောက်နေပြီးတော့ သူတို့နိုင်ငံရေး Cooperation ပေါ့လေ၊ ဆက်လက်ပြီးတော့ Development တို့ Trade တို့ Economic တို့ အဲဒီကိစ္စတွေမှာ တော်တော့်ကို အဆင်ပြေပြေလုပ်မယ်လို့ ကျနော်ယူဆပါတယ်။ ကျနေ်ာထင်တာကတော့ မပါတဲ့အချက်၁ ချက်ကတော့ စစ်လက်နက်ကူညီရေးပဲ ဖြစ်မယ်လို့ထင်ပါတယ်။ ဒါလည်းပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်လာတုန်းကလည်း သူတို့က ဒီတွေကို ပြောဖြစ်မယ်လို့ထင်ပါတယ်။ အဲဒီတော့ ဒေါ်စုအနေနဲ့ကတော့ Development cooperation အဲဒါတွေပဲ အများအားဖြင့် ပါမယ်လို့ အဲဒါတွေယူဆပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအီတလီခရီးစဉ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း နိုင်ငံတော် ထိပ်တန်း တာဝန်ရှိသူတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အီတလီကို ပထမဆုံး လာရောက်တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က အီတလီခရီးစဉ်မှာ တုန်းကတော့ အီတလီအစိုးရ အရာရှိတွေပြင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် သီးခြား တွေ့ဆုံခဲ့ပါတယ်။ ဒီတကြိမ်မှာလည်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့နိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်နေပေမဲ့ အတည်တော့ မပြုနိုင်သေးပါဘူး။ အီတလီ အထက်လွှတ်တော်မှာ ကျင်းပမယ့် အီတလီ အမျိုးသမီးများအဖွဲ့ဆိုင်ရာ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားမယ်လို့လည်း သိထားရပါတယ်။

ဥရောပသုံးနိုင်ငံ ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ အီးယူ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့သလို၊ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk အပါအဝင် အီးယူ တာဝန်ရှိသူတွေအပြင်၊ ဘယ်လ်ဂျီယံဘုရင် Philippe နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အခု အီတလီခရီးစဉ်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ခရီးဆက်မှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ ဒုတိယအကြိမ် သွားရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG