သုံးရလွယ်ကူစေသည့် Link များ

ကချင်စစ်ရှောင်စခန်းဒုက္ခသည်များ ဒေါ်စုသွားရောက် တွေ့ဆုံ


နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ဘေးရှောင်စခန်းတွေရဲ့ အခက်အခဲကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်တွင်း စစ်ဘေးရှောင်စခန်းက ဒေသခံလူထုနဲ့ တွေ့ဆုံစဉ်အတွင်း ဒေသခံတွေရဲ့ တောင်းဆိုချက်အပေါ်မှာ မူတည်ပြီးတော့ အဲဒီ့လို ပြောသွားတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်လူထု အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြစ်ကြီးနာမြို့မှာ တွေ့ဆုံသလို ဝိုင်းမော်မြို့နယ်အတွင်းက စစ်ရှောင် စခန်းတွေကိုလည်း သွားရောက်တာပါ။ NLD အစိုးရအနေနဲ့ စစ်ရှောင်စခန်းတွေရဲ့ အခက်အခဲကို အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောဆိုပါတယ်။

“ စစ်ရှောင် စခန်းက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကျမတို့ အတတ်နိုင် ဆုံးဖြည့်ပေးမယ်။ အဲဒီလိုဖြည့်တဲ့နေရာမှာ အနာဂတ်ကိုကြည့်ပြီးတော့ ဖြည့်ပေးပါမယ်။ ကျမတို့က ဘယ်လိုပဲပြောပြော ကျမတို့ရဲ့ ရည်ရွယ်ချက်က ၊ ကျမ အိမ်မက်ကတော့ စစ်ရှောင် စခန်းထဲကို မရှောင်သာလို့ မလွဲသာလို့ ရောက်လာကြပြီ ။ ရောက်လာတဲ့ ပြည်သူတွေက မိမိတို့ ရပ်ရွာကို ပြန်သွားတဲ့အခါမှာ ဘာပဲပြောပြော စစ်ရှောင် စခန်းထဲမှာ ၅ နှစ် ၆ နှစ်လောက်နေရတဲ့အတွက် အကျိုးအမြတ် တချို့တော့ရခဲ့တယ်ဆိုတာကို ဖြစ်စေချင်ပါတယ်။ အရည်အချင်းတချို့၊ပညာတချို့၊ စိတ်နေစိတ်ထား တချို့၊ အဲဒီဘက်ကနေ အကျိုးအမြတ်တွေရှိခဲ့တယ်ဆိုတာကို ကျမတို့ခံယူစေချင်ပါတယ်။”

ဝိုင်းမော်မြို့နယ် မိုင်းနား နှစ်ခြင်း စစ်ရှောင် စခန်းမှာ စခန်းနေလူထုနဲ့ တွေ့ဆုံချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောသွားတာပါ။ အဲဒီတွေ့ဆုံပွဲကို တတ်ရောက်တဲ့ စစ်ရှောင် ဒုက္ခသည် တစ်ဦးကလည်း ဒုက္ခသည်တွေရဲ့ ဆန္ဒတွေကိုထင်ဟပ်တဲ့ လိုလားချက် တွေကို အခုလို ပြောသွားပါတယ်။

“ပြည်တွင်းတိုင်းရင်းသားအချင်းချင်း ထိုးစစ်ဆင်မှုကို အမြန်ဆုံးရပ်တန့်ပေးပါ၊ ပြည်တွင်းတိုင်းရင်းသား အချင်းချင်းလေယာဉ်သုံးပြီး တိုက်စစ်ဆင်မှုကြောင့် ပြည်သူများရဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း အမြန်ဆုံး တားဆီးပေးပါ။ ပြီးရင် ၂၀၁၁ နောက်ပိုင်းတိုးချဲ့ထားတဲ့ ၂ ဘက်ရှေ့တန်း တပ်စခန်း အားလုံးကို ရုပ်သိမ်းပေးပါ။ ရပ်ရွာဒေသ ပတ်ဝန်းကျင်မှာ မြေမြုပ်မိုင်းအပါအဝင် အန္တရာယ်ပြုနိုင်သော အရာအားလုံးကို ရှင်းပေးပါ။ အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းမှ တိုးလာသော IDP များကို အသိအမှတ်ပြုစာရင်းသွင်းပေးပါ။”

အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး မရှိတာကြောင့် အခုလိုမျိုး စစ်ဘေးရှောင် စခန်းတွေရှိနေ တာ ဖြစ်တယ်လို့ ပြောဆိုသလို ငြိမ်းချမ်းရေး ရဖို့ ဦးစားပေးလုပ်သင့်တဲ့အကြောင်းကိုလည်း ထောက်ပြသွားပါတယ်။ လက်ရှိအစိုးရအနေနဲ့ အနာဂတ်မှာ စစ်ရှောင်စခန်းတွေ မရှိအောင်အတွက် လုပ်ဆောင်သွားမယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လက်ရှိ IDP စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ ပြည်သူပြည်သားများရဲ့ဘဝတွေကို သက်သာစေချင်တယ်။ ဒါပေမယ့် ဒါဟာ ရေတိုပဲ၊ ရေရှည် ကတော့ ဒီလိုစစ်ဘေးရှောင် စခန်းတွေမရှိအောင်လို့ ကျမတို့လုပ်ရမှာဖြစ်ပါတယ်။ အဲဒီလို မရှိအောင်လုပ်ရမှာက ကျမတို့က နံပတ်၁ ငြိမ်းချမ်းရေးရအောင်လုပ်ရမှာ။ ကျမတို့ ဒီနေ့ မြစ်ကြီးနားကို လာတာလည်း အကြောင်း ၂ ခုရှိပါတယ်။ ၂ ခုဆိုပေမယ့် ၁ ခုတည်းဖြစ်သွားပါတယ်၊ တခုကတော့ ငြိမ်းချမ်းရေးစကားပြောဖို့၊ နောက်တခုကတော့ IDP စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ ပြည်သူတွေကို တွေ့ဖို့ IDPနဲ့ ငြိမ်းချမ်းရေး- ငြိမ်းချမ်းရေးနဲ့ IDP က ခွဲခြားလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးမရှိလို့ IDPတွေ ရှိလာတာပါ။”

စစ်ရှောင်စခန်းတွေမှာ ရှိတဲ့ အရွယ်ရောက်ပြီးတဲ့ ကလေးသူငယ်တိုင်း ကျောင်းနေနိုင်ဖို့နဲ့ ကျန်းမာရေး ကဏတို့ကိုလည်း ပြည်နယ်အစိုးရ၊ ပညာရေး ဝန်ကြီးဌာနနဲ့ လူမှူဝန်ထမ်း ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်း တစ်ချို့ကို အစိုးရအနေနဲ့ ဖန်တီးပေးသွားမယ် လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်တွင်းက စစ်ရှောင်စခန်းတွေကို အခုလိုမျိုးသွားရောက်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG