သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးရေး ကချင်ခေါင်းဆောင်တွေနဲ့ ဒေါ်စုဆွေးနွေး


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကို သွားရောက်ခဲ့ပြီး ကချင်လူထုခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ရာမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေး ထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံမှာ ပါဝင်ဖို့ အလေးထားဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့ကို ဒီကနေ့ မနက် ၉နာရီလောက် မှာ ရောက်ခဲ့ပြီး ခရီးရောက် မဆိုက်ပဲ ဘာသာရေး၊ လူမှုရေးနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေအပါအဝင် လူထုခေါင်းဆောင်တွေ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ Palm Spring Hotel မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလို တွေ့ဆုံဆွေးနွေးချိန်မျာ အဓိက အချက်တွေကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က အထွေထွေအတွင်းရေးမှုး ဒေါက်တာ ခလပ်ဆမ်ဆွန်က အခုလို ပြောပါတယ်။

“အဓိကတော့ NCA ကို လက်မှတ်ထိုးပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ကိုယ်လိုချင်တာကို ဆွေးနွေးတင်ပြတောင်းဆိုမှုတွေလုပ်ဖို့ အဓိကတော့ ဒါပဲဖြစ်တယ်။ KIO ကလည်း အဲဒါကို NCA ကိုလက်ခံထားတယ် ဆိုတဲ့ သဘောတွေ လည်း ပြောသွားပါတယ်။ ပင်လုံစာချုပ်မဟုတ်ပဲနဲ့ ပင်လုံစိတ်ဓါတ် က ပိုအရေးကြီးတယ်ဆိုတာပြောပါတယ်။ ဒုက္ခသည်စခန်း ကိုလည်း သူသွားပါတယ် အခုအဲဒီမှာ သွားနေတယ်။”

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးတာ နဲ့ ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သူရဲ့ facebook စာမျက်နှာမှာ NCA ကို အပြီးသတ်မဆွေးနွေးနိုင်သေးလို့ ဆက်ပြီး ဆွေးနွေးနေရတဲ့အနေအထားဖြစ်ကြောင်း၊ လက်ခံနိုင်တဲ့အနေအထားရောက်ရင် NCA ကို လက်မှတ်ရေးထိုးမယ် လို့ ပြောထားကြောင်း တုံ့ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့PCG နဲ့ဆွေးနွေးခဲ့ရာ မှာတော့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေကို တင်ပြခဲ့ကြောင်း PCG က ဦးအင်ရှန်ဆန်အောင် က ပြောပါတယ်။

“ကျနော်တို့ကတော့ ရှည်ရှည်ဝေးဝေးတင်ပြတာကတော့ မရှိဘူး၊ ဒီ Peace Process က ဘယ်လိုလုပ်လာတယ်၊ အဲဒါ ယုံကြည်မှုက ပျက်ပြားနေတယ်။ အရင်တုန်းကတော့ ဒီလို ဒီလို ယုံကြည်မှု တည်ဆောက်လာတယ်၊ အစိုးရပိုင်းမှာ ချိတ်ဆက်မှုတွေ အားနည်းတဲ့ ဟာတွေ အဲဒါတွေ ကျနော်တို့ တင်ပြတာရှိတယ်။ ဆွေးနွေးမှုကို ဆက်လုပ်ဖို့ ဆိုတာကိုတော့ ကျနော်တို့တင်ပြပါတယ်။ ဆွေးနွေးမှု လိုအပ်တဲ့အချက်တွေက ရှိနေသေးတဲ့ အခါကျတော့ ဆွေးနွေးမှုကို အားစိုက်ဖို့ဆိုတာတွေကို တင်ပြတာဖြစ်ပါတယ်။”

NCA လက်မှတ်ရေးထိုးပြီး ၂၁ရာစုပင်လုံမှာ ပါဝင်ဖို့ကတော့ နှစ်ဘက် ယုံကြည်မှုတည်ဆောက်နိုင်မှုအပေါ် မူတည်နေကြောင်းလည်း ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲအပေါ်မှာတော့ ဦးအင်ရှန်ဆန်အောင်က အခုလို သုံးသပ်ပါတယ်။

“အပြုသဘောဆောင် တယ်လို့တော့ ပြောလို့ရပါတယ်။ အားရစရာတော့ မရှိ။ ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတဲ့ အချိန်မှာ တဘက် နဲ့ တဘက်ကို မျှမျှတတတဲ့ ပြောတဲ့အခါကျတော့ တချိုကျတော့ လူထုက နားလည်မှု လွဲတာတွေလည်း ပါတယ် ။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကချင်လူထုခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာ ဝိုင်းမော်မြို့က ခပ်ချိုနဲ့ မိုင်းနား စစ်ရှောင်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ စစ်ရှောင်ပြည်သူတွေကတင်ပြတဲ့ ကလေးငယ်တွေ ပညာရေးအပါအဝင် ကျန်းမာရေး၊ လူမှုရေးကိစ္စတွေ ဆွေးနွေးခဲ့သလို စားနပ်ရိက္ခာနဲ့ ကလေးငယ်တွေ အတွက် အဝတ်အစားတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်း မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ မြစ်ကြီးနားမြို့ ကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG