သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းခရီးစဉ် အတွင်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ ဒေါ်စု စီစဉ်


၂၀၁၂ တုန်းက Mae La ဒုက္ခသည် စခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ်
၂၀၁၂ တုန်းက Mae La ဒုက္ခသည် စခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ၃ ရက်ကြာ ခရီးစဉ် အတွင်းမှာမြန်မာနိုင်ငံသား ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့လည်း စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံတွင်းက မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း လုပ်သားတွေရှိရာ ဒေသတွေကို သွားရောက်လိုပြီး ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ ကိစ္စတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က လေ့လာ လိုတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်းနိုင်ငံတွင်းက မြန်မာ စစ်ပြေး ဒုက္ခသည်တွေကတော့ မြန်မာ အစိုးရသစ် အနေနဲ့ ဒုက္ခသည်ဆိုင်ရာ မူဝါဒ တရပ် တိတိကျကျ ထွက်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီး အဖြစ်လည်း တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသား သန်းနဲ့ချီ နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံကို ဒီလကုန်ပိုင်းမှာ သုံးရက်ကြာ ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်အဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အတည်ပြု ပြောဆိုပါတယ်။

“၂၃၊ ၂၄ ၊ ၂၅ လကုန်ခါနီးသွားမှာပါ အမ အကြမ်းပဲသိတယ်။ သူသွားမှာ IDP camp တွေသွားချင်လို့ သတ်သတ်ကို ထိုင်းဘက်ကိုလည်းသူပြောထားတယ်။ သူမရောက်ဖူးသေးတဲ့နေရာတွေ သူမမြင်ဖူးသေးတဲ့နေရာတွေ ကိုသွားကြည့်ချင်တယ်လို့ သေချာပြောထားတယ်။ နောက်တော့ ဆေးရုံတို့ဘာတို့ပေါ့၊ ကျောင်းတို့ဘာတို့ ဘယ်လိုစီစဉ်တာတွေ ၊ အဓိကတော့ အဲဒီ IDP ကိစ္စရယ် ပြီးတော့ အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေများလုပ်ပေးထားသလဲ ဆိုတာတွေကို အခြေအနေသွားကြည့်ထားပြီးတော့ ထိုင်းအစိုးရနဲ့လည်း ပြောစရာရှိတာတွေပြောလို့ရအောင်။ သူတခု mention လုပ်တာကတော့ ငါးလုပ်ငန်း လုပ်တဲ့ မြန်မာအလုပ်သမားတွေ အများကြီးရှိတဲ့ နေရာကြည့်ချင်တယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒါတွေကတော့ အခုထိကို အမှန်အတိုင်းပြောရရင် program တွေက နှစ်ဘက်မှာ ညှိနေတုန်းလေ။ သွားရေးလာရေးအဆင်ပြေလား ၊ ထိုင်းဘက်ကလည်း သူ့ program တွေ ထည့်ချင်တာတွေရှိတယ်။ ဒီအဖွဲ့နဲ့တွေ့ပေးပါ သူ့တို့ဘက်က စီးပွားရေးသမား၊ ဘာသမားတွေ နဲ့တွေ့ချင်တော့ သူတို့ဘက်ကလည်း အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ နဲ့လေ၊ အချိန်ကပေးနိုင် မပေးနိုင် ညှိနေကြတာပေါ့နော်။”

ခရီးစဉ်နဲ့ ပတ်သက်လို့တော့ နှစ်နိုင်ငံ အသေးစိတ် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။ စစ်ပြေးဒုက္ခသည် စခန်းတွေထံကို သွားရောက်လိုတယ်လို့ ပြောဆိုပေမယ့် ဘယ်စခန်းတွေကို သွားမယ်ဆိုတာတော့ မသိရသေးပါဘူး။ စစ်ပြေး ဒုက္ခသည် ထောင်နဲ့ချီ နေထိုင်နေပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း ထောက်ပံ့မှု လျော့ကျလာလို့ ပညာရေး၊ ကျန်းမာရေးမှာပါ လိုအပ်ချက်တွေ ရှိနေတဲ့ အုန်းဖြန် ဒုက္ခသည် စခန်း တာဝန်ခံ တဦးကတော့ ဒေါ်အောင်ဆန်းစုကြည် သူတို့ စခန်းကို လာစေချင်တယ်လို့ ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာရှိနေတဲ့ ကျနော်တို့ မြန်မာပြည်သားအားလုံးကတော့ အမိနိုင်ငံကခေါင်းဆောင်က လာမှာကိုတော့ လူတိုင်းက လက်ကမ်းပြီးတော့ ကြိုဆိုတာပဲ။”

မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်ကြောင့် ထိုင်း - မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေအတွက်ကတော့ အရင် စစ်အစိုးရ လက်ထက် ကရော၊ ပြီးခဲ့တဲ့ ဦးသိန်းစိန် လက်ထက်ကရော မူဝါဒ ချမှတ် ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေမျိုး မရှိသေးပါဘူး။ ဒါပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရသစ် လက်ထက်မှာတော့ ဒုက္ခသည်ဆိုင်ရာ မူဝါဒတွေ တိတိကျကျ မှန်မှန်ကန်ကန် ထွက်ပေါ်လာဖို့ မျှော်လင့်တယ်လို့လည်း အုန်းဖြန် ဒုက္ခသည် စခန်း တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့လည်း မြန်မာနိုင်ငံသားတယောက်ပဲ။ မြန်မာနိုင်ငံသားတယောက် ရရှိတဲ့အခွင့်အရေးမျိုးကိုတော့ ကျနော်တို့က အတိအကျလိုအပ်တယ်။ မြန်မာနိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို လိုချင်မှတော့ မြန်မာနိုင်ငံထဲမှာပြန်နေမှပဲ မြန်မာနိုင်ငံသားတယောက်ရဲ့အခွင့်အရေးကို ရမယ်လို့ကျနော်ထင်တယ်။ ကျနော်တို့လည်း အမိ နိုင်ငံက အစိုးရ ကျနော်တို့အပေါ်မှာထားတဲ့သဘောထား တိကျမှန်ကန်မှု ၊ ပွင့်လင်းမှု ယနေ့အထိ ကျနော်တို့ ဘာမှ အတိအကျကျနော်တို့ မသိရသေးတဲ့အတွက် အဲဒါကို ကျနော်တို့အနေနဲ့များစွာသော အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်။”

နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်းမှာ NLDပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ၂၀၁၂ ခုနှစ်က သွားရောက်ခဲ့တာမှာလည်း မြန်မာနိုင်ငံသား ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း လုပ်သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ် ထိုင်းနိုင်ငံ ခရီးစဉ်ကတော့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ တဦးအနေနဲ့ သွားရောက်မှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရကို တွန်းအားပေး ဆောင်ရွက်မှုတွေ ရှိလာမယ်လို့လည်း အများက ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG