သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်တော်ရှင်ပြန်ထမြောက်တော်မူနေ့ အကြိုဆုတောင်း


တနင်္ဂနွေနေ့ဟာဆိုရင် ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့ လို့ခေါ်တဲ့ ယေရှု ခရစ်တော် ရှင်ပြန်ထမြောက် လာတဲ့နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေက Easter Sunday ကို ကျင်းပမယ့်အစီအစဉ်တွေနဲ့ ဆုမွန်ကောင်းတောင်းပေးထားတာတွေကို မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။

St. Peter Square မှာ Easter Sunday ကျင်းပ
St. Peter Square မှာ Easter Sunday ကျင်းပ

ကမ္ဘာတဝှမ်းမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေက Easter ပွဲတော်အထိမ်းအမှတ် အခမ်းအနားတွေကို ကြီးကျယ်ခမ်းနားစွာ ဆင်နွှဲကျင်းပနေချိန် မြန်မာနိုင်ငံမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီး Cardinal Charles Bo က ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းသွားမှာ ဖြစ်ပါတယ်။ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းနေ့ Easter ရဲ့ ဘာသာရေးအရ အရေးပါပုံကို Father Robert ဝင်းတင်က ရှင်းပြပြီးတော့ ခုလို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

“Easter ရဲ့အဓိပ္ပါယ်ကတော့ ဓမ္မဟောင်းမှာတော့ ကျွန်ဘဝကနေ လွှတ်မြောက်တယ် အီဂျစ်လူမျိုးကို၊ ဒါကြောင့်ဘုရားသခင်ကလည်း ဒီအပြစ်ကျွန်ဘဝကနေပြီးတော့ လူတွေကို ကယ်ထုတ်တာ။ ရှင်ပြန်ထမြောက်ခြင်းဆိုတာက သေတဲ့အသက်တာကနေပြီးတော့ ရှင်ပြန်ထမြောက်တဲ့အသက်တာကိုပို့ဆောင်ပေးတာ ဒါကြောင့်မို့လို့ အဓိကအားဖြင့်တော့ ဆုတောင်းပေးချင်တာကတော့ လူတွေအပြစ်ကနေပြီးတော့ လွတ်မြောက်ပြီးတော့ ကောင်းမွန်တဲ့ စိတ်ကောင်းနှလုံးကောင်းရှိတဲ့အသက်တာနဲ့ ရှင်သန်ပါစေလို့ လူတိုင်းလူတိုင်းကို ဆုတောင်းပေးချင်ပါတယ်။”

ဒီနှစ်မှာ နှစ်သစ်ကူးအတာသင်္ကြန်ကာလနဲ့လည်း တိုက်ဆိုက်တဲ့အကြောင်းနဲ့ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းနေ့Easter နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေအတွက် Father Robert ကျော်သူက ခုလို ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

“ကျနေ်ာတို့အနေနဲ့ကျတော့လည်း ဘုရားသခင်ရှင်ပြန်ထမြောက်တဲ့ပွဲဆိုတော့ ကျနော်တို့အားလုံး ခရစ်ယာန်တွေအားလုံးအတွက်အင်မတန်အဓိပ္ပါယ်ရှိတဲ့ပွဲတော်တခုဖြစ်တယ်။ ပြီးတော့ ဒီနှစ်က တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်ရဲ့ သင်္ကြန်နဲ့လည်းတိုက်ဆိုင်တယ်ဆိုတော့ မြန်မာပြည်သူပြည်သားတွေအားလုံးပွဲတော်မှာ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပဖို့အတွက် ကျနေ်ာတို့ ဆုတောင်းပါတယ်။ ဒီတပတ်ကတော့ ကျနေ်ာတို့ သန့်ရှင်းသောရက်သတ္တပတ်ဆိုပြီးမှ ကျနေ်ာတို့ သတ်မှတ်ထားတယ်။ ကျနေ်ာ့အနေနဲ့ကမြန်မာပြည်သူပြည်သားတွေအားလုံး ဒီသင်္ကြန်မှာ အကောင်းဆုံးပျော်ရွင်နိုင်ပြီးတော့ ဒီနှစ်သစ်ကူးမှာ ကောင်းသောပြောင်းလဲခြင်းသူတို့ရရှိကြပါစေ ၊ ပြီးတော့ လိုအင်ဆန္ဒတွေလည်း ပြည့်ဝပါစေ ပြီးတော့ အထူးသဖြင့် မြန်မာပြည်မှာ ငြိမ်းချမ်းရေးအတွက် ကျနေ်ာတို့ ခရစ်ယာန်တွေအနေနဲ့ကတော့ အင်တိုက်အားတိုက်ဆုတောင်းပေးနေပါတယ်။ ဒီနှစ်ပွဲမှာလည်း ထူးထူးခြားခြားငြိမ်းချမ်းရေးအတွက် ထူးထူးခြားခြားထည့်သွင်းပြီးတော့ ဆုတောင်းပါတယ် ကျနေ်ာတို့အားလုံးပေါ့နော် ။ ဆိုတော့ အဓိကတော့ ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲနဲ့ အတူပေါ့လေ ကောင်းသောပြောင်းလဲခြင်းတွေရရှိပါစေ၊ ပြီးတော့ ငြိမ်းချမ်းရေးကို ကျနော်တို့ ဦးတည်ပြီးတော့ ကောင်းသောငြိမ်းချမ်းရေး ရရှိပါစေပေါ့နော်။ အထူးသဖြင့်ကတော့ တိုင်းရင်းသားတွေ နဲ့ အစိုးရတွေကြားမှာ ပြေလည်မှု ညှိနှိုင်းမှုတွေအကောင်းဆုံးရရှိပါစေလို့ ကျနေ်ာ့အနေနဲ့ ဆုတောင်းပေးပါတယ်။”

စစ်ပွဲတွေ ရပ်ပြီး တိုင်းရင်းသားတွေလည်း ငြိမ်းချမ်းရေးရဖို့ကိုလည်း ဆုမွန်ကောင်း တောင်းပေးကြပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်တော်မွေးတဲ့နေ့ ခရစ်စမတ်နေ့ကို အလေးအမြတ်ထားကြသလို ခရစ်တော် ကားစင် တင်ခံရတဲ့နေ့ Good Friday နေ့အပြီး သုံးရက်တာ လွန်မြောက်ပြီးတဲ့နေ့မှာ သခင်ယေရှု တဖန်ရှင်ပြန် ထမြောက်လာတဲ့နေ့အဖြစ် Easter Sunday နေ့ကို ခရစ်ယာန်ဘာသာဝင်တွေက ယုံကြည်သက်ဝင်ကြပြီး အထိမ်းအမှတ်တွေကို ကျင်းပကြတာဖြစ်တယ်။

ဒီလို Easter Sunday မှာ ကျင်းပမယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီးကချင်နှစ်ချင်းအဖွဲ့က ကိုထွယ်အောင်က ခုလို ပြောပြပါတယ်။

“ကျနေ်ာတို့ KBC က Easter Sunday ဆိုပြီးတော့ KBC ထဲမှာပါတဲ့ အသင်းတော်တွေက မနက်ဖြန်ကျင်းပဖို့ရှိတယ်။ အသင်းတော်တိုင်းမှာလည်း ဆုတောင်းဝတ်ပြုဖို့ပဲ ။ Easter Sundayမှာတော့ တနိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ပါစေလို့။ ကျနော်တို့ KBC ကတော့ Program ပေါ့နော် ဝတ်ပြုဆုတောင်းဖို့ အစီအစဉ်လုပ်ပေးတယ်။ ပြီးတော့ အသင်းတော်မှာ သူတို့အစီအစဉ်နဲ့ ပြန်လုပ်ကြမှာ အဲဒီ Program ထဲမှာပါမယ့် ဒေသနာတို့ ၊ သီချင်းတို့ပေါ့နော်။”

Easter ပွဲတော်နေ့မှာ မိသားစုတွေ ဆုံတွေ့ကြသလို နှစ်စဉ်နှစ်တိုင်း ယေရှုခရစ်တော် ပြန်လည် ရှင်ပြန်ထမြောက်ခြင်း Easter ဘာသာရေးနေ့ ကို ဗာတီကန် နန်းတော်က St. Peter Square မှာ ကျင်းပကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း အိမ်ဖြူတော်မှာ သမ္မတ မိသားစုကလည်း ကလေးငယ်တွေနဲ့အတူ အီစတာဆန်းဒေးပွဲတော် ကြက်ဥကောက်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG