သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၆၆ (ဃ) အမြန်ဆုံးပြင်ဆင်ဖို့ မီဒီယာလောကသားတွေ တိုက်တွန်း


အစိုးရနဲ့ စစ်တပ်အကြီးအကဲတွေကို ထိခိုက်ပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူဖို့ ကြိုးပမ်းရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖို့၊ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းမှုတွေ သတင်းမီဒီယာ လောကသားတွေကြားမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေပါတယ်။ သတင်းသမားတွေ၊ အင်တာနက်လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေအသွင် ဆောင်လာနေတာကြောင့် လွှတ်တော်က အမြန်ဆုံး သုံးသပ်သင့်တယ်လို့ တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ထက်အောင်ခန့် က သတင်းပေးပို့ ထားပါတယ်။

မရေရာတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပါဝင်နေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အာဏာပိုင် အဖွဲ့အစည်းတွေ အပါအဝင်၊ လိုရာဆွဲ အသုံးချနေကြတဲ့အတွက် နစ်နာမှုတွေ ရှိနေတာကြောင့် အမြန်ဆုံး ပြန်လည်သုံးသပ်ဖို့ Pen Myanmar အဖွဲ့က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ဥပဒေစတင်ပြဌာန်းခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဒီဥပဒေနဲ့ တရားစွဲဆိုခံရသူ ၇ ဦးရှိခဲ့ပြီး၊ အပြစ်ပေးခံရသူ ၅ ဦး ရှိခဲ့ကာ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ တရားစွဲဆိုတဲ့အမှုပေါင်း ၂၉ မှုထက်မနည်း ရှိနေပြီလို့လည်း ပြောပါတယ်။ ဒီအမှုတွေမှာတော့ ကာယကံရှင်ကိုယ်တိုင် မဟုတ်တဲ့သူတွေရဲ့ တရားစွဲဆိုမှုတွေ ပါဝင်နေသလို၊ စွပ်စွဲခံရသူဟာ ချက်ခြင်းဖမ်းဆီးထိန်းသိမ်းခံရတာကြောင့် နစ်နာမှုတွေ ရှိနေတယ်လို့လည်း ထောက်ပြထားတာပါ။ ဒါကြောင့်လည်း ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အမြန်ဆုံး ဆွေးနွေးဖို့ လိုနေပြီလို့ Pen Myanmar အဖွဲ့ က ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ဦးမျိုးမြင့်ညိမ်း ကပြောပါတယ်။

“အဓိက ဒီမှာ အားနည်းချက်က ဘာလဲဆိုရင် သူက ရဲအရေးပိုင်အမှုဖြစ်နေတယ်လေ။ ဒီအမှုက ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ဘယ်သူမဆို ဒီကိစ္စကို ရဲစခန်းမှာသွားတိုင်ပြီးတော့ အမှုဖွင့်လိုက်တယ်ဆိုရင် အရေးယူလို့ရတာဖြစ်နေတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ကိစ္စတော်တော်များများပေါ့နော် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ အများကြီးပေါ်လာတဲ့အခါမှာ တရားစွဲ ဆိုမှုတွေဖြစ်လာတယ်။ ဘယ်သူမဆိုပေါ့နော် တယောက်နဲ့တယောက် မကျေနပ်တာနဲ့ ထတိုင်လိုက်တာနဲ့ သွားပြီး ဆွဲဖမ်းတော့တာပဲ။ တကယ်တမ်း ဒီဟာတွေက အဓိကတော့ Facebook ပေါ်သွားတင်တာတွေပေါ့။ Facebook အပေါ်မှာ လုပ်လိုက်တဲ့ကိစ္စက တကယ် ကာယံကံရှင်က ကာယံကံမြောက် ကျူးလွန်လား မကျူးလွန်ဘူးလားဆိုတာကို စုံစမ်းစစ်ဆေးခြင်းမရှိပဲနဲ့ ပြောဆိုတာတွေ ကျနော်တို့ တွေ့နေရတယ်လေနော်။ အဲဒီဟာတွေအရဆိုရင် ပုဒ်မ ၆၆ (ဃ) မှာ အားနည်းချက်တွေရှိတယ်။ အဲဒီအတွက် ဒီဟာကို ပြန်စီစစ်ဖို့ပေါ့နော် ပြည်ထောင်စုလွှတ်တော်မှာ ပြန်ပြီးသုံးသပ်ဖို့အတွက် တိုက်တွန်းထားတာပါ။”

မြန်မာအစိုးရ ဝန်ကြီးတဦးဟာ လုပ်ငန်းရှင်တယောက်ထံက ဒေါ်လာသိန်းချီတန်တဲ့ နာရီတလုံး လက်ခံရယူခဲ့တယ်လို့ Daily Eleven သတင်းစာက စွပ်စွဲရေးသားခဲ့တဲ့အပေါ် ရန်ကုန်တိုင်း အစိုးရက တရားစွဲဆိုခဲ့ရာက Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံခဲ့ရပြီး နောက်မှာပဲ ဒီဥပဒေအပေါ် ဝေဖန်သံတွေ ပိုမိုကျယ်လောင်လာခဲ့တာပါ။ ဒီမတိုင်ခင်မှာတုန်းကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပေါ် ပုတ်ခတ်ရေးသားမှု စွပ်စွဲချက်နဲ့ NLD ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း ဟာ အလားတူ ပုဒ်မနဲ့ပဲ တရားစွဲဆို ဖမ်းဆီးခံထားရပါတယ်။ ဒီအတွက်လည်း မူလရည်ရွယ်ချက်တွေနဲ့ ကွဲလွဲလာနေတဲ့ ဥပဒေကို ဖျက်သိမ်းဖို့၊ ဒါမှမဟုတ် ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ ကြီးထွားလာခဲ့တာပါ။ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း ကတော့ ဥပဒေကို ပြန်လည် သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။

“ပြင်သင့်တယ်ဆိုရင်လည်း ဒီလို Facebook တွေကနေပြီးတော့ ရေးလာတဲ့အကြောင်းအရာတွေပေါ့ဗျာ၊ အဲဒီဟာရဲ့ ပြဿနာ ပေါ်တာကို။ ကျနော်တို့က ဘာလဲဆိုရင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာရေးသားပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ပေးထားတဲ့ ဖွဲ့စည်းပုံရဲ့ အခွင့်အရေးပေါ်မှာကတော့ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်ပါ ပေးရတဲ့သဘောဖြစ်နေရင်တော့ မကောင်းဘူးပေါ့နော်။ အဲဒါကတော့ လွတ်လပ်မှုကိုရောပြီးအသုံးချကြတဲ့ လူတွေပေါ့နော်။ ဒီဥပဒေတခုလုံးမရှိဘူးဆိုရင် လူပုဂ္ဂိုလ်တဦးနဲ့တဦးစော်ကားမှှုတွေဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲဆိုတာလည်း ကျနော်တို့ဘက်က စဉ်းစားဖို့လိုမှာပေါ့နော်။ အဲဒီလို မဟုတ်ပဲနဲ့ ဒါကြီးတခုလုံး ပယ်ဖျက်လိုက်မယ်ဆိုရင် တခြားဥပဒေတွေနဲ့ အရေးယူတဲ့အခါမှာ ဒီရဲ့နည်းပညာကို သေချာ update ဖြစ်အောင်လုပ်ပြီးတော့ အရေးယူဆောင်ရွက်ဖို့လည်း လိုမယ်လို့ထင်တယ်။ ဒါပေမယ့် ပြစ်ဒဏ်အတိုင်းအတာအနေအထားအရကတော့ ကျနော်တို့ အတိုးအလျှော့လုပ်ဖို့ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ လုံးဝပယ်ဖျက်ဖို့ဆိုတော့လည်း တမျိုးစဉ်းစားရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက လွှတ်တော်တရပ်က အတည်ပြုထားတာလေနော်။”

နိုင်ငံတကာ သတင်းမီဒီယာအခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကတော့ ရန်ကုန်တိုင်း အစိုးရရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ Eleven Media Group တာဝန်ရှိသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေကို မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။ အမေရိကန်အခြေစိုက် CPJ အဖွဲ့ဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ ဥပဒေတွေ ပြင်ဆင်ဖို့ တိုက်တွန်းတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကိုလည်း ဒီနှစ်ဆန်းပိုင်းမှာပဲ သမ္မတ ဦးထင်ကျော်ထံ ပေးပို့ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG