သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EMG သတင်းသမား ၂ဦး ချက်ခြင်းလွှတ်ဖို့ နိုင်ငံတကာလွတ်ငြိမ်းခွင့်အဖွဲ့ တောင်းဆို


 Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ ရဲစခန်း လာရောက်အဖမ်းခံစဉ်။
Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ ရဲစခန်း လာရောက်အဖမ်းခံစဉ်။

သတင်းမမှန်မကန်ရေးသားမှုနဲ့ အင်တာနက် အသေရေဖျက်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ Eleven Media Group အမှုဆောင်အရာ ရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ဦးလုံးကို ချက်ခြင်းပြန်လွှတ်ပေးဖို့ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက မနေ့က မြန်မာအစိုးရ ကို တောင်းဆို လိုက်ပါတယ်။

အခုလို သတင်းသမားနှစ်ဦးကို ဖမ်းဆီးတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက် လွတ်လပ်စွာဖေါ်ထုတ်ခွင့်အပေါ် စိုးရိမ်မှုတွေမြင့်တက်စေ တယ်လို့ AI အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Rafendi Djamin ကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နှစ်ပေါင်းအတော်ကြာရှိခဲ့တဲ့ ဖိနှိပ်တဲ့ ဥပဒေတွေကို အစိုးရသစ်ကိုယ်တိုင် ပြင်ဆင် ကြိုးပမ်းမှုတချို့ လုပ်ဆောင်ပြီးချိန်အတွင်း အခုလိုဖြစ်ရပ်ကြောင့် အစိုးရရဲ့ ကြိုးပမ်းမှုဟာ လုံလောက်တဲ့ အခြေအနေထိ မရောက်ဘူးဆိုတာ ပြသနေတယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့ဝင်တွေကို ဝေဖန်ပြောဆိုရုံနဲ့ ဖိနှိပ်တဲ့ ဥပဒေတွေကို အသုံးပြုတာ ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အခြား သတင်းသမားတွေအနေနဲ့လည်း သတိနဲ့ကိုယ့် ဘာသာကိုယ် ထိန်းချုပ်ရေးသားမှုတွေဖြစ်လာစေတယ်လို့ သူကထောက်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ တနှစ်ကြာသော်ဆိုတဲ့ အယ်ဒီတာအာဘော်ဆောင်းပါးကြောင့် Eleven သတင်းမီဒီယာက ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့နှစ်ဦးကို ရန်ကုန်တိုင်းအစိုးရက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ တာမွေရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းကို ရည်ညွန်းပြီး ရန်ကုန်မြို့မှာ မြို့သစ်စီမံကိန်းအတွက် ခရိုနီသူဌေးကြီးတဦးက လက်ဆောင်ပေးထား တဲ့ ဒေါ်လာတသိန်းလောက်တန်တဲ့ နာရီကို လက်ခံခဲ့တယ်လို့ စွပ်စွဲရေးသား ထားတဲ့ အယ်ဒီတာအာဘော်ဆောင်းပါးပါအချက်တွေအပေါ်မှာ ရန်ကုန်တိုင်း အစိုးရက Eleven သတင်းမီဒီယာကို တရားစွဲခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG