သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး စိုးရိမ်မှု ကုလဆုံးဖြတ်ချက် EU တင်သွင်းမည်


မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ EU ဥရောပသမဂ္ဂက အထူးစိုးရိမ်နေဆဲဖြစ်သလို၊ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ် လူ့အခွင့်အရေးကောင်စီမှာ EU က တင်သွင်းမယ်လို့ EU ရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဒီကနေ့ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တာဝန်သက်တမ်းတိုးဖို့ အပါအဝင် မြန်မာ့အရေး ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာနိုင်ဖွယ်ရှိတဲ့အပေါ် မြန်မာအစိုးရဘက်က သဘောထား ဘယ်လိုရှိပါလဲ။ စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ လက်ရှိ အရပ်သားအစိုးရ လက်ထက်မှာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတုန်းပဲလို့ EU ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Stavros Lambrinidis က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုသွားတာပါ။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂက အထူး စိုးရိမ်နေဆဲပဲ ဖြစ်ပါတယ်။ ဒီစိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အကြံပြုနိုင်ဖို့၊ တိုးတက်တဲ့ခြေလှမ်းတွေ ဖော်ဆောင်နိုင်အောင်ဖို့နဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ သက်တမ်းတိုးဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ကျနော်တို့ တင်သွင်းသွားပါမယ်။”

မြန်မာ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေ နှစ်စဉ် ဆုံးဖြတ်ချက် ချမှတ်လေ့ရှိပေမဲ့ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ NLD ပါတီ ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် စတင် တာဝန်ယူတဲ့အချိန် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေကို စောင့်ကြည့် လေ့လာတဲ့အနေနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခု EU က မြန်မာ့အရေး ဆုံးဖြတ်ချက်ကို တင်သွင်းမယ် လို့ ဆိုတာကြောင့် ဒီတကြိမ် လူ့အခွင့်အရေး ကောင်စီမှာတော့ ဆုံးဖြတ်ချက် ထွက်လာနိုင်ဖွယ် ရှိနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးနေပြီး အကောင်းဆုံး ပြင်ဆင် တုံ့ပြန်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

“ဒီနှစ်မှာတော့ ကျနော်တို့ဆီကနေပြီးတော့ ဒုဝန်ကြီးကိုယ်တိုင် အဲဒီမှာသွားပြီးတော့ အစည်းအဝေး တက်ရောက်နေပါတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း အကုန်လုံး ထိတွေ့မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ အဲတော့ လုပ်စရာရှိတာကို လုပ်ဖို့ရှိပါတယ်။ ဆိုပါစို့ ပြီးခဲ့တဲ့ Report လေးပြောတယ်။ Report လုပ်ပြီး သေချာပြင်ဆင်ပြီးတော့မှ ကျနော်တို့ဘက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တဲ့ အနေအထားလေး ရှိပါတယ်။ တော်တော်များများက ကျနော်တို့တွေက သေချာ ချိန်ဆပြီးထုတ်တဲ့ သတင်းထုတ်ပြန်ချက်ဆိုရင်လည်း အများက တုံ့ပြန်တဲ့ အနေအထားရှိပါတယ်။ ကျနော်တို့က အဲဒီအတိုင်းလေးပဲ ဆက်ပြီးတော့ သွားဖို့ပေါ့နော်။ ဆိုပါစို့။ ဒီမှာပါတဲ့ စွပ်စွဲချက်တွေရှိတယ်။ အဲဒါကိုတော့ အလေးအနက် ကျနော်တို့အနေနဲ့ ရှုမြင်တဲ့ အနေအထားမျိုးလေး ပြောတယ်။ ကျနော်တို့ဆီမှာက လောလောဆယ် ဥပမာဆိုရင် စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်တခု ရှိတယ်။ အဲဒီကော်မရှင် မထွက်ခင်မှာ တမင်တကာ ချိန်ကိုက်လုပ်တဲ့ အနေအထားမျိုးလို့ ကျနော်တို့က ယူဆတယ်ပေါ့။ Report အနေအထားနဲ့။ အဲဒီအပေါ် မူတည်ပြီးတော့မှ Yanghee Lee သွားတယ်။ လည်တယ်။ သွားကြည့်တယ်ဆိုတဲ့ အနေအထားမျိုးလေး ပါတယ်ပေါ့လေ။ ကျနော်တို့ဘက်ကလည်း သက်ဆိုင်ရာ ထိတွေ့စရာရှိ ထိတွေ့ပြီးတော့မှ ဒါလေးတွေ တုံ့ပြန်သွားဖို့ ပြင်ဆင်ထားပါတယ်။”

လက်ရှိ အစိုးရအနေနဲ့ လူ့အခွင့်အရေးကိစ္စတွေ၊ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အလေးအနက်ထား ကိုင်တွယ် ဆောင်ရွက်နေသလို နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အမာ ရှိတယ်ဆိုရင် မြန်မာအစိုးရ အနေနဲ့ ဒါတွေကို စိစစ်သွားမှာ ဖြစ်တယ်လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။

“လူ့အခွင့်အရေး အခြေအနေမှာဆိုရင် ကျနော်တို့ ဒီအစိုးရအနေနဲ့ ဒါ အများကြီးပဲ သေချာ လက်ရှိ အစိုးရလက်ထက်မှာ အလေးပေး ဆောင်ရွက်နေတဲ့ အနေအထားမျိုး ရှိပါတယ်။ တကယ်လို့ ဘာပဲပြောပြော သက်ဆိုင်တဲ့ အထောက်အထား ဘာညာ ဒါတွေ ပြနိုင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒါကို သေချာ ပြန်စိစစ်သွားမယ့် အနေအထားမျိုး ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း မူစလင်လူနည်းစုတွေအပေါ် နှိပ်စက်ညှဉ်းပမ်းမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee အပါအဝင် ကုသလမဂ္ဂ ထိပ်တန်း အရာရှိ အတော်များများက အပြင်းအထန် ဝေဖန်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်း လေ့လာဖို့ အထူးကိုယ်စားလှယ် Yanghee Lee ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ မြန်မာနိုင်ငံကို သီတင်းနှစ်ပတ်နီးပါးကြာ သွားရောက်ခဲ့သလို၊ အဲဒီနောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း သွားရောက် ခဲ့တာပါ။ သူ့ရဲ့ လေ့လာတွေ့ရှိချက် အသေးစိတ် အစီရင်ခံစာကို လူ့အခွင့်အရေး ကောင်စီမှာ ဒီလ ၁၃ ရက်နေ့ တင်သွင်းမှာဖြစ်ပါတယ်။

မြန်မာ့အရေးဆုံးဖြတ်ချက် ထွက်ပေါ်လာနိုင်တဲ့အပေါ်မှာတော့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး တက်ရောက်နေတဲ့ မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း သူ့ရဲ့ Twitter လူမှုကွန်ယက်စာမျက်နှာမှာ Ms. Yanghee Lee က ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG