သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ပြဿဿ နာ ဆိုးစေဖို့ထက် ကူညီဖြေရှင်း ဖို့ မြန်မာ တိုက်တွန်း


ရခိုင်ပြည်နယ်အတွင်း လူ့အဖွဲ့အစည်းနှစ်ခုအကြားက သဟဇာတဖြစ်စေဖို့ အခြေအနေဟာ အရပ်သား အစိုးရသစ်ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်ချက်တရပ်ဖြစ်တယ်လို့ မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က မနေ့ကလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မိန့်ခွန်းမှာ ပြောသွားပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ရခိုင်အရေးကိစ္စမှာ အပြစ်တင်ရှုတ်ချတာမျိုးထက် အပြုသဘောဆောင်ချဉ်းကပ်တာဟာ မြန်မာအစိုးရကို အမှန်တကယ်ကူညီရာရောက်မယ်လို့လည်း မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မအိသန့်စင်က တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်တဲ့အစိုးရ တက်လာပြီးကတည်းက အခြေအနေတွေဟာ အရင်နဲ့အတူ ပြောင်းလဲမှုတွေ ရှိခဲ့ပြီလို့ လူ့အခွင့်အရေးကောင်စီကို တတ်ရောက်လာတဲ့ မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့်လို့ အစိုးရသစ်အနေနဲ့ ပြဿနာများစွာကို ရင်ဆိုင်နေရဆဲရှိပြီး၊ အဲဒီအထဲမှာတော့ ရခိုင်ပြည်နယ်အရေးကိစ္စဟာလည်း အစိုးရသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့ လူ့အခွင့်အရေးကောင်စီ မိန့်ခွန်းမှာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

“ နိုင်ငံတကာက အာရုံစိုက်ခံနေရတဲ့ ရခိုင်ပြည်နယ်အတွင်းက လူမှုအသိုင်းအဝိုင်းနှစ်ခုအကြား သဟဇာတ ရှိရေးဟာ အဓိက စိန်ခေါ်ချက်တရပ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ အင်မတန်ရှုပ်ထွေး ပွေလီပြီး၊ ပြဿနာတွေက နက်ရှိုင်းလွန်းပါတယ်။ လူမှုအသိုင်းအဝိုင်း နှစ်ခုအကြားမှာ အမြင်သဘောကွဲပြားမှုက နက်နက်ရှိုင်းရှိုင်းရှိနေပြီး၊ တဘက်ချင်းဆီမှာလည်း သမိုင်းနဲ့ချီ အမြစ်တွယ်လာတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက အခိုင်အမာရှိနေတာပါ။”

ဒါကြောင့်လည်း ရခိုင်ပြည်နယ်ပြဿနာကို မြန်မာနိုင်ငံအနေနဲ့ ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ အချိန်ကာလ တခု ယူရလိမ့်မယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ ရခိုင်အရေး ပြောဆိုဆောင်ရွက်ချက် တွေဟာ ပြဿနာမဖြစ်စေပဲ၊ ပြဿနာအဖြေထုတ်မှု အစိတ်အပိုင်းတရပ်ဖြစ်စေလိုတယ်လို့လည်း ဦးကျော်တင်က နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေနဲ့ချီ ပြည်တွင်း ပဋိပက္ခတွေ ပြည်တွင်းစစ်တွေ ရင်ဆိုင်ခဲ့ရတာမို့၊ အစိုးရသစ်ရဲ့ ဦးစားပေးလုပ်ငန်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ဖြစ်တယ်လို့ ဒု နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဗြိတိသျှကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရအပြောင်းအလဲနဲ့ ဒီမိုကရေစီရေးအသွင်ကူးပြောင်းမှု တိုးတက်လာတာတွေကို ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်အရေးနဲ့ တိုင်းရင်းသားဒေသတွေက မတည်ငြိမ်မှုတွေအပေါ်မှာတော့ စိုးရိမ်ကြောင်း လူ့အခွင့်အရေးကောင်စီမှာ ပြောသွားပါတယ်။

“ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ရလဒ်အရ အရပ်သားအစိုးရတက်လာခဲ့တာနဲ့ ဒီမိုကရေစီ လမ်းကြောင်းဘက် ပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။ ဒါပေမယ့် ရခိုင်ဒေသက ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်တွေ က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ တင်ပြချက်တွေအပေါ်မှာ အင်မတန် စိုးရိမ်မိပါတယ်။ ဒါ့ပြင် ကချင်နဲ့ ရှမ်းပြည်ဒေသတွေမှာ ပိုပြင်းပြင်းထန်ထန်ဖြစ်လာတဲ့ ပဋိပက္ခတွေ အပေါ်မှာလည်း စိုးရိမ်မိပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထားရှိရေး သက်တမ်းတိုးပြီး၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချသွားနိုင်ဖို့အတွက် ထောက်ခံသွားမှာဖြစ်ပါတယ်။”

ဥရောပသမဂ္ဂကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်သက်တမ်းတိုးရေးလုပ်မယ့် ဆုံးဖြတ်ချက်တရပ်ကို တင်သွင်းသွားဖို့ရှိတယ်လို့ ဒီနေ့မှာပဲ ပြောသွားပါတယ်။ အခု ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမှာ အခြားနိုင်ငံတကာက အထူးစိုးရိမ်နေကြတဲ့ ကိစ္စရပ်တွေ နဲ့အတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးကိစ္စဟာလည်း ထိပ်တန်း ဆွေးနွေးပြောဆိုစရာ ဖြစ်လာနိုင်တယ်လို့ ယူဆသုံးသပ်နေကြပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တော ဒေသအကြမ်းဖက်မှုဖြစ်ရပ်နောက်ပိုင်း အစိုးရစစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အစီရင်ခံစာတွေကြောင့် ရခိုင်အရေးကိစ္စဟာ နိုင်ငံတကာမှာ စိတ်ဝင်စားစရာဖြစ်လာတာပါ။ မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကတော့ ဒီ စွပ်စွဲချက်တွေ ပြင်းထန်လွန်ပြီး၊ လုပ်ကြံပြောဆိုမှုတွေလည်း ရှိနေတယ်လို့ လူ့အခွင့်အရေးကောင်စီမှာ တုံ့ပြန်ထားပါတယ်။

“ ဘင်္ဂလားဒေ့ရ်ှဘက်မှာရှိတဲ့ လူတစုကို တွေ့ဆုံမေးမြန်းပြီး တဖက်သတ် ထုတ်ပြန်လာတဲ့ OHCHR လူ့အခွင့်အရေးမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေကြောင့် အတော်လေး အံအားသင့်တုန်လှုပ်ရပါတယ်။ ဒီ စွပ်စွဲချက်တွေ မှန်မမှန် အတည်မပြုနိုင်သေးပေမယ့်လို့ ၊ ဒီ စွပ်စွဲချက်တွေဟာ ပြင်းထန်လွန်းတာကြောင့် ကျနော်တို့ အတော်လေး စိုးရိမ်တကြီးဖြစ်ရပါတယ်။ လုပ်ကြံသတင်းမှားတွေလည်း ရှိနေတဲ့အခါကျတော့၊ ဒီ စွပ်စွဲချက်တွေကို ယုံကြည်ဖို့ အတော်လေး သတိထားရမှာပါ။”

လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာတော့ အခုလို ရခိုင်ပြည်နယ် မွတ်စလင်အရေးကိစ္စနဲ့ ပတ်သက်လို့ မွတ်စလင်နိုင်ငံတွေဖြစ်ကြတဲ့ ဆော်ဒီအာရေဗီးယား အယ်ဘေးနီးယားနဲ့ ဘရိန်းနိုင်ငံတို့ကလည်း စိုးရိမ်ကြောင်း ထောက်ပြ ပြောဆို ခဲ့ကြပါတယ်။ ရခိုင်ကိစ္စအပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့တော့ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee က လူ့အခွင့်အရေးကောင်စီကို အစီရင်ခံဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG