သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစွပ်စွဲချက်များစစ်ဆေးဖို့ အစိုးရစုံစမ်းရေးအဖွဲ့ ထွက်ခွာ


မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုစုံစစ်းစစ်ဆေးရေး ကော်မရှင် အစည်းအဝေး ဖေဖော်ဝါရီလ ၈ ရက် ၂၀၁၇ (MOI)
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုစုံစစ်းစစ်ဆေးရေး ကော်မရှင် အစည်းအဝေး ဖေဖော်ဝါရီလ ၈ ရက် ၂၀၁၇ (MOI)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုစုံစစ်းစစ်ဆေးရေး ကော်မရှင် အနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို အမှန်တရားပေါ်ပေါက်တဲ့အထိ စုံစမ်း ဖော်ထုတ် သွားမှာဖြစ်ပြီး မဟုတ်မမှန်တာတွေကို စွပ်စွဲနေတာဆိုရင်တော့ လုံးဝလက်သင့်ခံမှာ မဟုတ်တဲ့အကြောင်း ပြော ဆိုလိုက်ပါတယ်။ ဒီအခြေအနေတွေကို စုံစမ်းဖို့အတွက် ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ မနက်ဖြန်က စပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ နေရာတွေကို သွားရောက်လေ့လာဖို့ ရှိနေတာပါ။ ဒီ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင် ပြထားပါတယ်။

မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေကို စုံစမ်းဖော်ထုတ်ဖို့ ရခိုင်ပြည်နယ်၊ မောင်တော ဒေသ အကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးကော်မရှင်အနေနဲ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အခင်းဖြစ်ပွားရာနေရာ တွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို ကော်မရှင် အနေ နဲ့ သေချာစုံစမ်း ဖော်ထုတ်သွားမှာဖြစ်ပြီး မဟုတ်မမှန်တာတွေ စွပ်စွဲနေတာဆိုရင်တော့ လက်သင့်ခံမှာ မဟုတ် ဘူးလို့ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦး အောင်ကြည်က ပြောပါတယ်။

“ကျနော်တို့ အထူးသတိထားတာကတော့ ဒီလူ့အသိုင်းအဝိုင်း ၂ ခု ပြန်လည်ပြီးတော့မှ သဟဇာတ ဖြစ်ရေးဟာ ဒါကျနော်တို့အတွက် အဓိက ရည်မှန်းချက်ပဲ ၊ တဘက်ကကျတော့ ကိုယ့်အကျိုးစီးပွားကို ဦးစားပေးကြတဲ့ လူတွေရှိကြတာပေါ့၊ သူတို့စိတ်ဝင်စားမှုတွေ သူတို့အကျိုးစီးပွားတွေ ဦးစားပေးကြတာတွေရှိတဲ့အခါကျတော့ သူ့တဘက်တည်းရဲ့အကျိုးစီးပွားတွေပဲ သူစဉ်းစားတဲ့အခါကျတော့ ကျနော်တို့နဲ့ ချဉ်းကပ်ဖို့ ကွဲလွဲသွားတာပေါ့နော်၊ ခုနက ပြောသလိုပါပဲ ကျနော်တို့က Healing Process နဲ့သွားတယ်၊ သူတို့ကတော့ အနာပေါ်မှာ အနာထပ်အောင်၊ ဒဏ်ရာပေါ်မှာ ဒဏ်ရာထက်ရအောင် လုပ်တဲ့ပုံစံမျိုးလို့ ကျနော်မြင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အဲဒါကိုကျနော်တို့ မကောင်းတဲ့ အပြစ်လို့ မမြင်ပါဘူး။ဒီအထဲကနေပြီးတော့ ကျနော်တို့ အခွင့်အရေးရနိုင်တာက ဘာတွေချို့ယွင်းချက်တွေရှိသလဲ ၊ ဘာတွေမှားယွင်းမှုတွေရှိသလဲ ဒါတွေကို ကျနော်တို့ အမှန်အတိုင်းသိရရင် ကျနော်တို့က သိရသလောက်ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားဖို့ တက်နိုင်သမျှ ကျနော်တို့အဖွဲ့အနေနဲ့က ကြိုးစားအားထုတ်သွားမှာဖြစ်ပါတယ်။ သို့ရာတွင် အမှန်တရားမဟုတ်တာတွေကိုပဲ ပြောနေမယ်ဆိုရင်တော့ ကျနော်တို့က လက်ခံမှာ မဟုတ်ပါဘူး။”

ကုလသမဂ္ဂ အစီအရင်ခံစာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မိသလို မြန်မာ အစိုးရ စုံစမ်းရေး ကော်မရှင် အနေ နဲ့ စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ သက်သေအ ထောက်အထား ခိုင်လုံရင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဇန်နဝါရီ ၇ရက်နေ့ ရက်စွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်ထားတာလည်းရှိပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေနဲ့ မြန်မာအစိုးရကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေ ကွဲလွဲနေတာ အပေါ် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်မှုအပြီး ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ရာမှာ မြန်မာအစိုးရ ကော်မရှင်နဲ့ ကုလသမဂ္ဂရဲ့ ချဉ်းကပ်ပုံမတူသလို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ပုံကြီးချဲ့ထားတဲ့ အချက် အလက်တွေကိုပဲ ရွေးချယ်မှတ်တမ်းတင်နေမယ်ဆိုရင် တရားမျှတမှုဆိုတာမရှိနိုင်ဘူးလို့ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောပါတယ်။

“ခုနက ကျနော်တို့ပြောခဲ့သလိုပါပဲ၊ စွပ်စွဲမှုမှန်သမျှကို အချက်အလက်အထောက်အထားနဲ့သာ ပေးလို့ကတော့ ကျနော်တို့က မစုံစမ်းစရာ မလေ့လာစရာ အရေးမယူနိုင်စရာ အကြောင်းတစက်မှ မရှိပါဘူး။ ကျနော်တို့က လူသားအချင်းချင်းခွဲခြားဆက်ဆံတာမျိုးတွေ ၊ မတရားပြုမှုတာမျိုးတွေကို ကျနော်တို့က လက်သင့်ခံမှာ မဟုတ်ပါဘူး။ သို့ရာတွင် ခုနကပြောသလို သူတို့ရယူတဲ့သတင်းအချက်အလက်က ဘယ်လိုလူတွေဆီကနေ သတင်းအချက်အလက် ရယူသလဲဆိုတာကို ကျနော်တို့ စဉ်းစားဖို့လိုပါတယ်၊ ဆိုတော့ ဒီလိုအမှားအယွင်းတွေ ပြောတာတွေကိုပဲ ရွေးပြီးတော့ မှတ်တမ်းတင်မယ်ဆိုရင်တော့ ဒါတရားမျှတမှုရှိတယ်လို့ ကျနော်တို့ ပြောလို့မရပါဘူး။ တရားမျှတမှုရှိတဲ့အတိုင်းအတာအထိ အမှန်တရား ဖြစ်တဲ့အထိကတော့ ကျနော်တို့ ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေမှာ သက်သေအထောက်အထားတိတိကျကျမပါတာမို့ ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ စုံစမ်းစစ်ဆေးဖို့ အနည်းဆုံး အချိန် ၂ပတ်၊ ၃ပတ် လောက်ယူရမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းခဲ့တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဇန်နဝါရီ ၃၁ရက်နေ့မှာ တင်ပြ ရမယ့်အစား ရက်အကန့်အသတ်မရှိ အချိန်တိုးမြှင့်ထားတာလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖော်ထုတ်ဖို့ တပ်မတော်အနေနဲ့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင် အသစ်တခု ဒီကနေ့ ဇန်နဝါရီ ၉ရက် နေ့မှာ ဖွဲ့စည်းလိုက်ပါ။

ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်မှုဖြေရှင်းရာမှာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေ အထောက်အထားမတွေ့ရဘူးလို့ မြန်မာ စုံစမ်းစစ်ဆေး ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် ယုံကြည်လို့ မရတဲ့အကြောင်း ကုသမဂ္ဂဘက်က ပြောဆိုမှုတွေရှိနေပြီး လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့မျိုးဖွဲ့စည်းဖို့ မြန်မာအစိုးရကို တိုက်တွန်း နေကြတာပါ။

မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင် အနေနဲ့လည်း ရခိုင်ပြည်နယ်ကို ၅ကြိမ် သွားရောက်လေ့လာထားပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တာလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG