သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာအရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးနိုင်ဖို့ Guterres မျှော်လင့်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် António Guterres က ဂျီနီဗာရှိ ကုလသမဂ္ဂ၀န်ထမ်းများနှင့်တွေ့ဆုံစဉ် (ဇန်န၀ါရီလ ၁၈၊ ၂၀၁၇)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် António Guterres က ဂျီနီဗာရှိ ကုလသမဂ္ဂ၀န်ထမ်းများနှင့်တွေ့ဆုံစဉ် (ဇန်န၀ါရီလ ၁၈၊ ၂၀၁၇)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ညှမ်းပန်းနှိပ်စက်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်ဆိုတဲ့ OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်ကြီးရုံးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက ဆွေးနွေးမယ်ဆိုရင် အစီရင်ခံဖို့ အဆင်သင့်ရှိတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က ပြောကြားလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအပေါ်ထိခိုက်မှုကြီးမားတဲ့ ရက်စက်ကြမ်းကြုတ်မှု ခေါင်းစဉ်နဲ့ရေးသားထားတဲ့ OHCHR အစီရင်ခံစာနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် နိုင်ငံတနိုင်ငံက ရိုဟင်ဂျာအရေးကို ဆွေးနွေးသင့်ကြောင်း မနေ့က အလွတ်သဘော တင်ပြရာမှာ နောက်အဖွဲ့ဝင် တနိုင်ငံက ကန့်ကွက် ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေဖို့အဆိုကို အဖွဲ့ဝင်တနိုင်ငံက ကန့်ကွက်ရင် အဆိုတင်သွင်းဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် António Guterres အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆိုင်ရာပြဌာန်းချက် (၉၉)အရ နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆတဲ့ကိစ္စရပ်ကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ တင်ပြနိုင်မယ့် အလားအလာရှိမရှိ မနေ့က နယူးရောက်ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက် တဦးက မေးမြန်းခဲ့ရာမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က လုံခြုံရေးကောင်စီအနေနဲ့ ဒီအဆိုတင်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အခုလို ပြောကြားသွားပါတယ်။

"လုံခြုံရေးကောင်စီအနေနဲ့ သူတို့ အစီအစဉ်မှာ တင်ပြဆွေးနွေးဖို့ သဘောတူလိမ့်မယ်လို့ ကျနော်တို့ သိပ်ကို မျှော်လင့်ထားပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးကိုယ်စားလှယ်ထံက အရင်တင်ပြတဲ့ အစီရင်ခံမှုတွေကို ကြားနာခဲ့ကြရပြီးလည်းဖြစ်ပါတယ်။ တကယ်လို့ လုံခြုံရေး ကောင်စီက တောင်းဆိုလာမယ်ဆိုရင် အတွင်းရေးမှူးချုပ်ဘက် အစီရင်ခံဖို့ အဆင့်သင့်ပါပဲ။"

အခုလို OHCHR ရဲ့ အစီရင်ခံစာပါအချက်အလက် အထောက်အထားတွေအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုမြောက်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Adama Dieng ကဖေဖေါ်ဝါရီလ (၆)ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ မြန်မာအစိုးရအနေနဲ့ တာဝန်ရှိကြောင်းနဲ့ ဒီလို ချိုးဖောက်မှုတွေကို အမြန်ဆုံးရပ်တန့်အောင် တားဆီးဖို့ လည်း သူက မြန်မာအစိုးရကိုတိုက်တွန်းခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က အခုလို ပြောသွားပါတယ်။

"အစီရင်ခံစာပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လက်ရှိမြန်မာအစိုးရကဖွဲ့ထားတဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ကို ယုံကြည်လို့မရဘူးလို့ သူကပြောပါတယ်။ နိုင်ငံတကာစုံစမ်းရေးမှူးတွေပါဝင်တဲ့ စစ်မှန်၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ မျိုးနဲ့ ဒီကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို သူက တိုက်တွန်းလိုက်ပါတယ်။"

အခုလို ပြင်းထန်တဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က အထောက်အထားတွေ ခိုင်ခိုင်မာမာပြဖို့ မြန်မာအစိုးရ ဘက်ကလည်းတုန့်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Adama Dieng ရုံးက ဗွီအိုအေ မြန်မာပိုင်းကို အီမေးလ်ကတဆင့် တုန့်ပြန့်ရာမှာ OHCHR အပါအ၀င် ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို သွားရောက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး၊ အဲဒီက ရခဲ့တဲ့ အထောက်အထားတွေအပေါ် Mr. Dieng ရုံးအနေနဲ့ အဓိကမှီငြမ်းတာဖြစ်ပြီး၊ တကယ်လို့ OHCHR က ထောက်ပြတဲ့ အချက်အလက်တွေမှန်ကန်မယ်၊ နောက်ပြီး နောက်ထပ်စုံ စမ်းစစ်ဆေးမှုတွေကနေ နိုင်ငံတကာဥပဒေအရ ချိုးဖောက်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်း တွေ့ရှိရမယ်ဆိုရင် ဒါတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ အဲဒီစာမှာ ရေးသားထားပါတယ်။

အထူးသဖြင့် Mr.Dieng ရဲ့ကြေညာချက်ရဲ့ အဓိကရည်ရွယ်ချက်မှာ အရေးကြီးတဲ့အချက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေ ထပ်ပြီး ဆိုးရွားမသွားအောင်နဲ့ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ ဆိုးရွားပြင်းထန်တဲ့ ညှမ်းပမ်းနှိပ်စက်မှုတွေ ဆက်ပြီးမဖြစ်အောင် တားမြစ်ဖို့အတွက် မြန်မာအစိုးရကို သတိပေးလိုက်တာဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပေးပို့တဲ့ အီးမေးလ်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG