သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေး လုံခြုံရေးတာဝန်ရှိသူတွေကို အရေးယူဖို့ HRW တိုက်တွန်း


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းခလေးငယ်တွေကို မတရားပြုကျင့်တာအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်အရာရှိတွေကို အရေးယူပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Human Rights Watch (HRW) က တိုက်တွန်းလိုက်ပါတယ်။

မျက်မြင်တွေ့ခဲ့သူတွေကို တွေ့ဆုံမေးမြန်းထားတယ်လို့ ဆိုတဲ့ ဒီအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေ အရ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ ဇန်နဝါရီလ ကာလအတွင်း ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ မတရားပြုကျင့် ခံရတဲ့ ဖြစ်ရပ်ပေါင်း ၂၃ ခုရှိတယ်လို့ ဆိုပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့လည်း တောင်းဆိုထားပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်သူတွေကို ရှာဖွေ နှိမ်နင်းတဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာမူစလင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အုပ်စုဖွဲ့ မတရားပြုကျင့်တာ အပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်တဲ့ဖြစ်ရပ်တွေ အများအပြား ရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် ပြောဆိုနေကြတာပါ။

ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မျက်မြင်တွေ့ခဲ့သူတွေကို တွေ့ဆုံမေးမြန်းခဲ့တာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကနေ ဒီနှစ် ဇန်နဝါရီလအတွင်း ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ မတရားပြုကျင့်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၂၈ ခု ရှိခဲ့တဲ့အကြောင်း နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch က ပြောပါတယ်။

“အမျိုးသမီးနဲ့ အသက် ၁၃ နှစ်အရွယ်အထိပါ ပါတဲ့ မိန်းခလေးငယ်တွေကို တဦးချင်းရော၊ အုပ်စုဖွဲ့ပါ မတရားပြုကျင့်တာနဲ့ တခြား လိင်ပိုင်းဆိုင်ရာ ထိပါးတဲ့လုပ်ရပ်ပေါင်း ၂၈ ခု ကျမတို့ တွေ့ခဲ့ရပါတယ်။ မြန်မာစစ်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စနစ်တကျ စီစဉ်ကျူးလွန်ခဲ့ပုံ ရတာကိုလည်း ကျမတို့ တွေ့ခဲ့ရပါတယ်။ သူတို့က ကျေးရွာတွေထဲကိုဝင်၊ အမျိုးသားတွေကို သတ်၊ အမျိုးသမီးတွေကို သီးခြားခွဲထုတ်ပြီး တဦးချင်း ဒါမှမဟုတ် အုပ်စုဖွဲ့ မတရားပြုကျင့်ကြတာပါ။ တချို့ဖြစ်ရပ်တွေမှာတော့ အမျိုးသား အမျိုးသမီးတွေ အားလုံးကို တနေရာတည်းမှာခေါ်ပြီးတော့မှာ အမျိုးသမီးတွေကို သက်သက်တနေရာခွဲထုတ်ပြီး အုပ်စုဖွဲ့ မတရားကျင့်တဲ့ ဖြစ်ရပ်တွေ တွေ့ခဲ့ရတာပါ။”

Human Rights Watch အဖွဲ့ပြောခွင့်ရ Priyanka Motaparthy ပြောသွားတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အခုလို စွပ်စွဲ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရကတော့ မဟုတ်မှန်ကြောင်း အစဉ်တစိုက် ငြင်းဆိုထားတာပါ။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိရင် သူတို့ကို ပြောဖို့လည်း မြန်မာအစိုးရဘက်က ပြောဆိုထားတာပါ။ မြန်မာအစိုးရ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဘက်က မတရားပြုကျင့်ခံရတဲ့ အမျိုးသမီး နှစ်ဦးကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်ပြီးတော့လည်း ကော်မရှင်ရဲ့ မျှတမှုအပေါ် HRW က မေးခွန်းထုတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့် ခံရသူတွေကို မေးမြန်းရာမှာ လိုက်နာသင့်တဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လိုက်နာခြင်း မရှိဘဲ၊ သူတို့လိုရာ ရအောင် ဖိအားပေး မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ HRW က ဝေဖန်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ အရေးကြီးတဲ့ အကြောင်းလည်း HRW ပြောခွင့်ရ အမျိုးသမီး Priyanka Motaparthy က ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်းက ကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ကိုင်တွယ် ဖြေရှင်းမှ ရလိမ့်မယ်လို့ ကျမတို့ ယူဆပါတယ်။ ဒီလို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခွင့်ပြုဖို့ မြန်မာအစိုးရကို ကျမတို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ မတရားပြုကျင့်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သတိပေးခံနေရတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကိုယ်တိုင်က ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အပြစ်ကျူးလွန်သူတွေကို ဖော်ထုတ် အပြစ်ပေးဖို့လိုပါတယ်။ ဒါမှသာ နောက်ထပ် ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။”

ဒီအတောအတွင်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း သိပ်မကြာခင်ကပဲ အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့တာမှာ မြန်မာအစိုးရရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၀၁ ယောက် မတရားပြုကျင့်ခံရတာ ဒါမှမဟုတ်ရင်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ ရှိခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid al- Hussein ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်တွေ အခုလို ညှင်းပမ်းခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းကတဆင့် တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြန်ပြောခဲ့တဲ့အကြောင်း လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Zeid al- Hussein ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG