သုံးရလွယ်ကူစေသည့် Link များ

ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်ခရီးစဉ် ကန့်သတ်ခံရမှု HRW ဝေဖန်


Yanghee lee kachin trip (MOI)

Yanghee lee kachin trip (MOI)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Yanghee Lee ရဲ့ နှစ်ရက်ကြာ ကချင်ပြည်နယ် ခရီးစဉ်အတွင်း လိုင်ဇာနဲ့ ဖားကန့်ဒေသ ဘက်တွေကို သွားရောက်ကြည့်ရှုခွင့်မပြုတဲ့အပေါ်မှာ စိတ်ပျက်မိကြောင်း နယူးရောက် အခြေစိုက် HRW နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့အစည်းက ပြောကြားလိုက်ပါတယ်။

အခုလို Yanghee Lee ကချင်ပြည်နယ်ကို ရောက်ရှိနေချိန်မှာပဲ တိုက်ပွဲတွေကြောင့် IDP ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေကြုံတွေ့နေ ရတဲ့ အခက်အခဲတွေဟာ ပိုပြီးဆိုးရွားလာနေတယ်လို့ ကချင်အမျိုးသမီးအရေးအဖွဲ့အစည်းတွေကလည်း ဆိုပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

Yanghee Lee ဟာ သူရဲ့ မြန်မာနိုင်ငံခရီးစဉ် မစတင်ခင် သူသွားရောက်လေ့လာမယ့် ဒေသတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ကြိုတင်အကြောင်းကြား ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဖားကန့်နဲ့ လိုင်ဇာ ဒေသဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သွားရောက်စုံစမ်း မယ့် အစီအစဉ်အတွက် ပြည်ထောင်စုအစိုးရရော၊ ပြည်နယ်အစိုးရဘက်ကရော ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ဘူးလို့ Yanghee Lee က ဗွီအိုအေ ကိုပြောပါတယ်။

အခုလို ကုလသမဂ္ဂပေးအပ်ထားတဲ့ တာဝန်ရှိပုဂ္ဂိုလ်တဦးအနေနဲ့ သွားမယ့် အစီအစဉ်ကို အစိုးရဘက်က ဆောင်ရွက်မပေးနိုင်ခဲ့တဲ့အပေါ်မှာ HRW အနေနဲ့ စိတ်ပျက်မိကြောင်း အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။

"ဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ တကယ့်အစိုးရဟာ စစ်တပ်ဖြစ်နေပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချတာလဲ သူတို့ပဲဆိုတာ ပြောလို့ရပါတယ်။အရင် အရပ်သားတပိုင်းအစိုးရလက်ထက်မှာလည်း စစ်တပ်က ဒီအတိုင်းပဲလုပ်ခဲ့တာပါ။ အခု NLD အရပ်သားအစိုးရ လက်ထက်မှာလည်း ပြောင်းလဲ မလာပါဘူး။ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်တဦးအနေနဲ့ မြန်မာနိုင်ငံအတွင်း သူသွားချင်တဲ့ နေရာတွေဆီကို သွားရောက်ကြည့်ရှုခွင့်ရှိပါတယ်။သူ့ကို အန္တရာယ်ဖြစ်စေမယ့်နေရာတွေကို Yanghee Lee က သွားမှာမဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာဆိုရင်လည်း လုံခြုံရေးအခြေအနေကို Yanghee Lee က နားလည်ပါတယ်။ ဒါကို မြန်မာစစ်တပ်ကနေ သူ့သွားမယ့်နေရာတွေအတွက် လုံခြုံရေးမပေးနိုင်ဘူးဆိုတာ ကျနော်တို့ မယုံပါဘူး။ စစ်တပ်ဘက်က တခုခုကို ဖုန်းကွယ်ထားစရာရှိနေတယ်လို့ပဲ ကျနော်တို့ ထင်ပါတယ်။"

မြန်မာအစိုးရဘက်ကတော့ နယ်မြေလုံခြုံရေး အခြေအနေအရ စိတ်ချရမှုမရှိတာကြောင့် Yanghee Lee ကို အဲဒီဒေသတွေဘက်ကို သွားခွင့်မပြုတာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်ခရီးစဉ်အတွင်း ယန်ဟီလီဟာ မြစ်ကြီးနားမြို့ အနီးမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခုကို မနေ့က သွားရောက်ကြည့်ရှုခဲ့သလို၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့လည်း တနင်္လာနေ့က တွေ့ဆုံခဲ့တာပါ။ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေတဲ့ ကချင်ဒေသမှာ ပဋိပက္ခကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ပိုပြီး ဒုက္ခရောက်နေတဲ့အပြင် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တဲ့အတွက် သူတို့ရဲ့ အခြေအနေတွေဟာ စိုးရိမ်စရာကောင်းနေကြောင်း ယန်ဟီလီနဲ့ တနင်္လာနေ့က တွေ့ဆုံရာမှာ တင်ပြခဲ့တယ်လို့ Htoi Gender အဖွဲ့ တာဝန်ခံ နန်ပုက ပြောပါတယ်။

“ အခုဆိုရင် ကလေး (၈၀၀)လောက်က လိုင်ဇာမြို့နားက IDP စခန်းတခုထဲကို စစ်လက်နက်ကြီးကျတဲ့အတွက်ကြောင့် ကလေးတွေ ကျောင်းဆက် တက်ဖို့ အခြေအနေမရှိဘူး။ အဲဒီထဲမှာ မိန်းကလေးတွေက ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေပါတယ်။ စီးပွားရေးမှာဆိုရင်လည်း အမျိုးသမီးတွေ ပုံမှန်ဝင်ငွေရရှိဖို့ အရမ်းအခက်အခဲဖြစ်နေတယ်။ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ လူတွေဟာ ပိုပိုပြီးဒုက္ခရောက်လာတဲ့အကြောင်း ကျမတင်ပြခဲ့ပါတယ်။ နောက် မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုပြဿနာတွေကိုလည်း အမျိုးသမီးတွေက ဆိုးဆိုးရွားရွားရင်ဆိုင်နေရတဲ့အကြောင်း သူ့ကိုပြောပြခဲ့တယ်။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အဓိကထား အကောင်အထည်ဖေါ်ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ NLD အစိုးရဟာ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပဋိပက္ခဖြစ်နေတဲ့ဒေသက အမျိုးသမီးတွေ ပါဝင်ရေး သူတို့ တင်ပြထားတဲ့ အဆိုကို တုန့်ပြန်မှုမရှိသေးတဲ့ အပေါ်မှာလည်း ကချင်အမျိုးသမီးတွေအနေနဲ့ စိတ်ပျက်မိကြောင်း နန်ပုက ဆိုပါတယ်။

“အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ ၃၀%ပါဝင်ဖို့အရေး EAO လက်နက်ကိုင်တွေဘက်ကတော့ လုံးဝလက်ခံပြီးတော့ အစိုးရဘက်က ရှင်းရှင်းလင်းလင်း ဘာတုန့်ပြန်ချက်မှ မရသေးပါဘူး။ ဘယ်လိုပဲ တိုက်တွန်းတိုက်တွန်း အစိုးရဘက်က ဘာမှ တုန့်ပြန်တာမျိုး မလုပ်တော့ ကျမတို့ မျှော်လင့်ချက် သိပ်မရှိဘူး။”

အခုတခေါက် ကချင်ပြည်နယ် ခရီးစဉ်မှာ တိုက်ပွဲတွေကြောင့် အခြေအနေတွေပိုမို ဆိုးရွားနေပြီး စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသူတွေလည်း ပိုပြီးတိုးလာနေတာကို သူကိုယ်တိုင် တွေ့ရှိခဲ့ကြောင်း Yanghee Lee က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

မနေ့က ကချင်ပြည်နယ်ကထွက်ခွာလာတဲ့ Yanghee Lee ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ နံနက် (၆)နာရီမှာ မွန်ပြည်နယ်မှာရှိတဲ့ ဇင်းကျိုက် အကျဉ်းဦးစီးဌာနကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တဦးအဖြစ် အကျဉ်းဦးစီးရဲဘက်စခန်းကို ပထမဆုံး အကြိမ်သွားရောက်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။

ဇန်န၀ါရီလ (၁၃)ရက်နေ့မှာ ရခိုင်ပြည်နယ် ဘက်ကို ရောက်ရှိမှာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု တွေဖြစ်ခဲ့တဲ့ ဘူးသီးတောင်၊ မောင်းတောနဲ့ ရသေ့တောင် ဒေသတွေဘက်ကို သွားရောက်ကြည့်ရှုမှာဖြစ်သလို အစိုးရဘက်ကလည်း ခွင့်ပြုထားကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

XS
SM
MD
LG