သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ် ကချင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ


လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ကချင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ (ဇွန်လ ၂၀၁၆)
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ကချင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ (ဇွန်လ ၂၀၁၆)

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ ကချင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး သူ့ရဲ့ ကချင်ပြည်နယ် ခရီးစဉ်ကို အဆုံးသတ်လိုက်ပါပြီ။ လုံခြုံရေး အခြေအနေကြောင့် လိုင်ဇာမြို့နဲ့ ဖားကန့်မြို့ တို့ကို သွားရောက်လေ့လာခွင့် မရခဲ့တဲ့ ကုလ အထူးကိုယ်စားလှယ်ဟာ မနက်ဖြန်မှာတော့ မွန်ပြည်နယ်ကို သွားရောက်ဖို့ ရှိပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သတ်လို့ လေ့လာဖို့ ရောက် ရှိနေတဲ့လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. YangHee Lee ဟာ ဒီကနေ့မှာတော့ ကချင်ပြည်နယ်တွင်းက စစ်ဘေးရှောင် စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ကချင်ပြည်နယ် တွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ စွပ်စွဲခံနေရတဲ့ နေရာတစ်ချို့ကို သွားရောက်လေ့လာခွင့် မရခဲ့ပါဘူး။ ဒါကြောင့်လည်း မနက်ဖြန်မှာတော့ မွန်ပြည်နယ်ကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ Ms.Yanghee Lee ရဲ့ ဒုတိယနေ့ ခရီးစဉ်နဲ့ ပတ်သတ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“ဦးအေးဝင်း။ ။ ဒီနေ့ IDP camp တွေသွားတယ်၊ ပြီးရင် ရန်ကုန်ဆင်းမယ်လေ။

မေး။ ။ ကျနော်တို့ကြားနေတာ မွန်ပြည်နယ်ကိုလည်း သွားဖို့ရှိတယ် လို့ပြောထားလို့လေ အဲဒီဘက်ကို ဘယ်တော့များသွားမှာလဲ။

ဦးအေးဝင်း။ ။မနက်ဖြန်ဖြစ်ဖို့များတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ သူ့ရဲ့ ဒီတစ်ခေါက် ခရီးစဉ်အတွင်း အစိုးရ အာဏာပိုင်အဖွဲ့အစည်းတွေ ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရရှိခဲ့ဘူးလို့ ဗွီအိုအေကို ပြောဆိုထားပါတယ်။ ဒီကနေ့မှာတော့ ဝိုင်းမော်မြို့ ၊ မိုင်းလား ကျေးရွာက ကချင် ခရစ်ယာန် နှစ်ခြင်း အဖွဲ့ချုပ် KBC စစ်ရှောင်စခန်းနဲ့ စိန့်ဂျိုးဇက် ယာယီခိုလုံစခန်းတို့ကိုလည်း သွားရောက်ခဲ့တာပါ။

လူဦးရေ ၂၀၀၀ ကျော်ရှိတဲ့ KBC စခန်းမှာတော့ လက်တလော ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အသစ်ရောက်ရှိလာတဲ့ စစ်ရှောင် ဒုက္ခသည်တွေနဲ့ကော စခန်း တာဝန်ရှိသူတွေ နဲ့ပါ သီးခြားတွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နဲ့ တွေ့ဆုံစဉ်အတွင်းမှာ စစ်ရှောင် ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ဖို့နဲ့ ငြိမ်းချမ်းရေး ရဖို့ ဆောင်ရွက်သင့်တဲ့အကြောင်း ဆွေးနွေးတင်ပြခဲ့တယ်လို့ မိုင်းလား KBC စခန်းရဲ့ တာဝန်ခံ ဦးခေါင်ဒေါင်က ပြောပါတယ်။

“သူ့အနေနဲ့ကတော့ မေးမြန်းတာတော့ လုံခြုံရေးပေါ့နော်၊ ကျနော်တို့ ဒေသလုံခြုံရေး အခြေအနေ။ ပြောင်းလာရတဲ့ အခက်အခဲ၊ သူတို့က နယ်စပ်ပြောင်းလာတယ်ဆိုရင် ခက်ခဲတဲ့ အနေအထားလေးတွေ မေးတာပါ။ ကျနော်တို့က အခု IDP တွေ ဒီမှာ ပြောင်းရွှေ့လာတာလည်း တော်တော်ကြာပြီပေါ့နော် ၅ နှစ် ၆ နှစ်အထဲ ဝင်လာပြီပေါ့နော် အဲဒီအတွက် သုူတို့ကို နေရာချပေးနိုင်အောင် စီစဉ်ရမယ်။ ပထမဦးဆုံးကတော့ ငြိမ်းချမ်းရေးကိစ္စပေါ့နော်။ ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးရမှာပေါ့။ အခုက ငြိမ်းချမ်းရေး စကားထက် တိုက်ပွဲသံတွေက ပိုကျယ်နေတယ်လို့ ထင်တယ်။ အဲဒါကြောင့်မို့လို့ အမြန်ဆုံးအကောင်အထည်ဖော်ဖို့အရေးကြီးတယ်ပေါ့။ ဒါမှလည်း သူတို့ နေရပ်ပြန်နိုင်ရေး ကို ဆွေးနွေးရမှာပါ အဲဒါကို လုပ်ပေးဖို့ပေါ့။”

Ms.Yanghee Lee ဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်လေလ့လာတာဖြစ်ပါတယ်။ ဒီတစ်ခေါက်ခရီးစဉ်အတွင်း ကချင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် ရခိုင်ပြည်နယ် ၊ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုကိခိုက်မှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်း က ဝေဖန်ပြောဆိုနေကြတဲ့ ရခိုင်ပြည်နယ် မောင်တော နဲ့ ဘူးသီးတောင်တို့ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ဒါ့အပြင် အစိုးရ တာဝန်ရှိသူတွေ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ လွတ်တော် အမတ်တွေ၊ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူတွေနဲ့ကော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမှာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပြင် ကချင်နဲ့ ရှမ်းပြည်နယ် အတွင်းက စစ်ပွဲတွေ အရှိန်မြင့်လာတဲ့အပေါ်မှာလည်း တစ်နှစ်သက်တမ်းပဲ ရှိတဲ့ အစိုးရသစ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ Ms. Yanghee Lee ဟာ သူ့ရဲ့ ၁၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို မတ်လမှာကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG