သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသအချို့ ကုလကိုယ်စားလှယ်သွားခွင့်မရ


 မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ဟာ ဒီကနေ့ သူ့ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြန်မာအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရခဲ့ဘူးဆိုပြီး သူ့ရဲ့ စိတ်ပျက်မှုကို ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရဖက်ကတော့ လုံခြုံရေးအခြေအနေကြောင့် ကချင်ပြည်နယ်တွေ နေရာအချို့ကို သွားရောက်ခွင့်မပြုခဲ့တာလို့ တုံ့ပြန်ပါတယ်။ သူ့ခရီးစဉ်မစခင်ကတည်းက လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ စွပ်စွဲခံနေရတဲ့ နေရာတွေကို သွားဖို့ စီစဉ်ထားပေမယ့် လုံခြုံရေးအကြောင်းပြချက်နဲ့ ကချင်ပြည်နယ်ဒေသအချို့ သွားရောက်ခွင့်ပိတ်ပင် ခံခဲ့ရတာပါ။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ၅ ကြိမ်မြောက် ခရီးစဉ် ဒီကနေ့ အစမှာပဲ ကချင်ပြည်နယ်ကို သွားရောက်ခဲ့တာဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရနဲ့ရော စစ်ဘေးရှောင်ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံပါတယ်။ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ် ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နဲ့၊ ကချင်ပြည်နယ် ဖားကန့်ဒေသတွေကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် ဒီခရီးစဉ်တွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ Ms. Yanghee Lee က ဗွီအိုအေကို ပြောပါတယ်။

“ကျမသွားခွင့်တောင်းထားတဲ့နေရာတွေနဲ့ ကို သွားခွင့်ပြုဖို့ ပန်ကြားချက်နဲ့ ပတ်သက်လို့ို့ ပြည်နယ်အစိုးရဘက်ကရော ပြည်ထောင်စုအစိုးရဘက်ကပါ ပူးပေါင်းဆောင်ရွက်မှုမရှိပါဘူး။ ကျမကိုပေးအပ်ထားတဲ့ တာဝန်အရ အဲဒီနေရာဒေသတွေမှာ လူ့အခွင့်အရေးချိုးဖေါက်တာတွေ၊ နှိပ်စက်ညှဉ်းပမ်းတာတွေ ရှိမရှိ စုံစမ်းဖို့ဖြစ်ပါတယ်။ လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖေါက်ပြီး နှိပ်စက်ညှဉ်းပမ်းတာတွေရှိနေတယ်ဆိုတဲ့ နေရာဒေသတွေကို ကျမကိုသွားခွင့်မပြုပါဘူး။”

တိုက်ပွဲတွေ ရှိနေတဲ့ ကချင်ပြည်နယ်ဒေသအချို့မှာ လုံခြုံရေးအခြေအနေကြောင့် သွားရောက်ခွင့်မပြုခဲ့တာလို့ မြန်မာသမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့ နယ်မြေအခြေအနေအရ မပေးဘူးပေါ့ ၊ တကယ်ကျတော့ သွားဖို့က တော်တော်လေးခက်တယ်၊ မိုင်းတွေရှိတယ်၊လမ်းကြောင်းက တိုက်ပွဲတွေဖြစ်နေတယ်၊ သွားတဲ့အခါမှာ ဟိုဘက်ဒီဘက်တပ်တွေက ညှိရမှာပေါ့နော်၊ ညှိရမယ့်အခါကျတော့ အခြေနေအရ ဟိုဘက်ဒီဘက်လည်း ညှိဖို့အဆင်မပြေဘူး၊ အဲဒါကြောင့် နယ်မြေအခြေအနေအရ အဲဒါသွားလို့မရဘူးဖြစ်နေတယ်"

မေး။ ။ ဖားကန့်ကိုရော ခွင့်ပြုသွားဖို့ရှိပါသလားခင်ဗျ။

ဖြေ။ ။ လောလောဆယ်တော့ ဖားကန့်လည်း ဒီတိုက်ပွဲနယ်မြေထဲမှာပါတဲ့အတွက် သွားခွင့်ပြုလို့မရဘူးဖြစ်နေတယ်။”

ဒါပေမယ့်လည်း Ms.Yanghee Leeအနေနဲ့ ရခိုင်ပြည်နယ်ကိုတော့ သွားရောက်ခွင့်ပေးမယ်လို့ ဦးဇော်းဌေးက ပြောပါတယ်။

Ms. Yanghee Lee ဟာ ကချင် စစ်ဘေးရှောင် စခန်းတွေက တာဝန်ရှိသူတွေနဲ့ မြစ်ကြီးနားမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်အတွင်း ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်း ဆွေးနွေးခဲ့တယ်လို့ ကချင် ခရစ်ယာန် နှစ်ချင်း အဖွဲ့ချုပ် KBC က ဦးခါးလီက ပြောပါတယ်။

“ဒီ ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိရန်အတွက် Yanghee Lee အနေနဲ့ ကျနော်တို့ စစ်ပွဲတွေကို အမြန်ဆုံးငြိမ်းနိုင်အောင် ဒါ အကုန်လုံးတာဝန်ဟုတ်တယ်ဆိုတဲ့အကြောင်း ကျနော်တို့ပြောပါတယ်။ ပြီးတော့ နယ်စပ်မှာ ရှိနေတဲ့ ပြည်သူလူထုတွေကအများကြီး ဘယ်သူပဲ ဒုက္ခရောက်နေနေ ၊ နိုင်ငံသူနိုင်ငံသားတွေ ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်း၊ ဒီ ဒုက္ခရောက်နေတဲ့ လူတွေကို အမြန်ဆုံးကူညီရန်အတွက်နဲ့ စစ်ကိုပြေငြိမ်းနိုင်ဖို့အတွက် အားလုံးမှာ တာဝန်ဖြစ်ပါတယ်ဆိုတာကို ကျနေ်ာတို့ ဆက်တိုက် ဒါကို Reporting လည်း လုပ်ပေးပါဆိုတဲ့အကြောင်း ဒါကိုဆွေးနွေးခဲ့ပါတယ်။”

Ms. Yanghee Lee ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာလည်း ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်လေ့လာခဲ့ပေမယ့်လို့ ဒီတစ်ခေါက် ခရီးစဉ်မှာတော့ မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကချင်ပြည်နယ်ရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါးနေတာ တွေ့ရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကျမအရင်တစ်ခေါက် ရောက်ခဲ့တုန်းက အခြေအနေထက်ကို ကချင်ပြည်နယ်ရဲ့အခုအခြေအနေက ပိုဆိုးလာနေတာတွေ့ရပါတယ်။ ရှင်တို့ သိတဲ့အတိုင်းပါဘဲ၊ စစ်ရေးအရ တိုက်ခိုက်တာတွေပိုတိုးလာသလို ထပ်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသူတွေလည်းတိုးလာတာတွေ့ရပါတယ်။”

ဒီတခေါက် မြန်မာနိုင်ငံကို ၁၂ ရက် ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ Ms. Yanghee Lee ကတော့ ပြီးခဲ့တဲ့ လအနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေမှာ လူ့အခွင့်အရေးစိုးရိမ်ချက်တွေကြောင့် အခြေအနေတွေအပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေက အာရုံစိုက်နေကြတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအပြင် ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ပွဲတွေ အရှိန်မြင့်လာတဲ့အပေါ်မှာလည်း တနှစ်သက်တမ်းပဲရှိတဲ့ အစိုးရသစ်အတွက ်စိုးရိမ်စရာဖြစ်တယ်လို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး အကြံပေး ပုဂ္ဂိုလ် Yanghee Lee ဟာ ဒီတစ်ခေါက် ခရီးစဉ်အတွင်း ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဖားကန့်နဲ့ လိုင်ဇာ၊ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောမြို့တွေ အပြင် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေ ကိုလည်းသွားဖို့ စီစဉ်ထားပြီး အစိုးရ တာဝန်ရှိသူတွေအပြင် ၊ တပ်မတော်ဘက်က တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေး တတ်ကြွ လုပ်ရှားသူတွေနဲ့ရော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းတာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ သူမရဲ့ မြန်မာနိုင်ငံ ၁၂ ရက်တာ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို မတ်လမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံစာ တင်သွင်းမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG