သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee သိသင့်တဲ့ ကချင်လူ့အခွင့်အရေးအခြေအနေ


ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ရဲ့ ကချင်ပြည်နယ် ခရီးစဉ် (MOI)
ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ရဲ့ ကချင်ပြည်နယ် ခရီးစဉ် (MOI)

မြန်မာနိုင်ငံက လူ့အခွင့်အခြေအနေတွေကို လေ့လာဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee အနေနဲ့ ကချင်ပြည်နယ်ထဲက တချို့မြို့တွေဆီကို သွားခွင့်မရပါဘူး။ လုံခြုံရေးအရ စိတ်မချရတဲ့အတွက်သွားခွင့်မရတာလို့ အစိုးရကပြောပါတယ်။ ခုလိုသွားခွင့်မရတဲ့ဒေသတွေမှာ လူ့အခွင့်အရေးနဲ့ပါတ်သက်လို့ ဘယ်လို စိုးရိမ်စရာတွေရှိပါသလဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် အခြေအနေမှန်ကို သိအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြန်မာနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee အနေနဲ့ အစိုးရထိန်းချုပ်ထားတဲ့ ဖားကန့်ဒေသနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ လိုင်ဇာမြို့တွေဆီကို လုံခြုံရေးအခြေအနေကြောင့် အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်မှာ သွားခွင့်မရပါဘူး။ ညှင်းပမ်းနှိပ်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ဆိုတဲ့အခြေအနေတွေကို သူကိုယ်တိုင်သွား စုံစမ်းဖို့ဖြစ်တယ်လို့ Ms. Yanghee Lee က VOA မြန်မာပိုင်းကိုပြောပါတယ်။ ခုလို သူသွားခွင့်မရတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးအတွက် ဘယ်လို စိုးရိမ်စရာ အခြေအနေတွေရှိပါသလဲ။ ကချင်ငြိမ်းချမ်းရေးကွန်ယက် KPN ကဒေါ်ခွန်ဂျာက ခုလိုပြောပါတယ်။

“နံပတ်၁ ကတော့ အသက်အန္တရာယ်ထိခိုက်အောင်လုပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မူတွေပေါ့။ ဥပမာ လိုင်ဇာဒေသမှာဆိုရင်အသက်အန္တရာယ်ထိလောက်အောင်ကို မော်တာနဲ့ ပစ်တာမျိုး၊ ပြီးတော့ ဒုက္ခသည်စခန်းတွေကို တမင်သတ်သတ် Target ထားပြီးတော့မှပစ်တာမျိုး ဒါမျိုးတွေကို သူတို့ ကိုယ်တိုင်ပြောပြနိုင်မှာပါ။ ဒုတိယအချက်အနေနဲ့ကတော့ စားနပ်ရိက္ခာဖြတ်တောက်မှုနဲ့ လမ်းကြောင်းဖြတ်တောက်မှုတွေဖြစ်ပါတယ်။ လောလောဆယ်အနေနဲ့ ပိုက်ဆံရှိရင်တောင် စားနပ်ရိက္ခာတွေကို သွားပို့ခွင့်မရဘူး။ ဒါ့အပြင် နိုင်ငံတကာရဲ့ ရန်ပုံငွေတွေလည်းဖြတ်တောက်ထားတဲ့အတွက်ကြောင့် ဒုက္ခသည်တွေအနေနဲ့ အင်မတန်မှအခက်အခဲရှိနေပါတယ်။ ဥပမာဆိုရင် သဘာဝတောထဲကရတဲ့ သစ်ရွက်တွေနဲ့ ဆန်ကိုပဲ ဆန်ပြုတ် ပြုတ်စားနေရတဲ့အဆင့်မျိုးတွေရောက်နေပါတယ်။ မကြာသေးခင်ကပဲ ရန်ကုန်မှာလည်း သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ပြီးတော့မှ ဒုက္ခသည်စခန်းမှာ ဘယ်လောက်အထိ စားနပ်ရိက္ခာပြတ်လပ်နေသလဲ ဆိုတာကို အဖြူရောင်တွဲလက်ကနေပြီး သူတို့အတွေ့အကြုံကို မျက်ဝါးထင်ထင် မြင်ရအောင်ကို သူတို့ တင်ပြပြီးသားဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို Yanghee Lee သူကိုယ်တိုင်မြင်ခွင့်ရမှာဖြစ်သလို၊ဒုက္ခသည်တွေအနေနဲ့လည်း သူတို့ကိုယ်တိုင်ပြသနိုင်မှာဖြစ်ပါတယ်။

ပြီးရင်ဖားကန့်ဒေသအတွက်ဆိုရင်လည်း ခေတ်အဆက်ဆက် ဖားကန့်ဒေသမှာရှိနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကုမ္ပဏီကနေပြီးတော့မှ လုပ်တဲ့ မြေပြိုတာတွေ၊ ပြီးလို့ရှိရင် ရွာသွားတွေရဲ့ ရေလမ်းကြောင်း ကိုပြောင်းလိုက်အောင် ဖောက်လိုက်တာဖြစ်တဲ့အတွက် မိုးရာသီမှာ ရောက်တဲ့အခါမှာ ရွာတွေကို ရေလွှမ်းမိုးတာတွေ ၊ ပြီးရင် အသက်အိုးအိမ်ဆုံးရှုံးရတာတွေ၊ နေအိမ်တွေ ဆုံးရှုံးရတာတွေ ဒါတွေကို တာဝန်ယူဖြေရှင်းမှုမရှိတာတွေ ကိုပါ သူတို့ ပြောပြနိုင်မှာလို့ ယူဆပါတယ်ရှင့်။

မေး။ ။ အခုတော့ ကုလ အထူးကိုယ်စားလှယ်က သွားခွင့်မရဘူးပေါ့လေ။ အဲဒီတော့ ခုလိုသူကိုယ်တိုင်မသွားနိုင်တဲ့အတွက် သူသိသင့်တဲ့ စောစောက ပြောတဲ့ ကိစ္စတွေသိရှိသွားအောင် ဒေါ်ခွန်ဂျာတို့လိုပေါ့နော် ကချင်အရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေ ဆောင်ရွက်နေသူတွေက ဘယ်လိုလုပ်နိုင်မှာပါလဲ။

ဖြေ။ ။ ကျမတို့အနေနဲ့ကတော့ ရန်ကုန်တွေ့ဆုံပွဲမှာ ကျမပါမှာပါ၊ သို့သော်လည်း ကျမတို့ ပါမယ့်အချိန်မှာ သူ့ရဲ့ မနှစ်တုန်းကလုပ်ထားတဲ့ benchmark ပေါ့နော် ၊ နိုင်ငံတော်အစိုးရကနေပြီးတော့မှ ဒီနှစ်တနှစ်တာကာလအတွင်းမှာ ဘယ်အရာတွေကို ဖြည့်သွားမယ်၊ ဘယ်နေရာတွေကို တိုးတက်အောင်လုပ်မယ် ဆိုပြီးမှ သတ်မှတ်ထားတဲ့အရာတွေကို ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်သလဲဆိုတာကို သုံးသပ်မှာပဲ ဖြစ်ပါတယ်ရှင့်။ အဲဒီနေရာမှာ အချိန်ကတော့ အင်မတန်နည်းပါတယ်။ သို့သော်လည်း ကျမအနေနဲ့ ရနိုင်သလောက် သတင်းအချက်အလက်အားလုံးကို စုစည်းပြီးတော့ ပေးအပ်ဖို့အတွက် ကြိုးစားနေပါတယ်ရှင့်။”

ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာဖြစ်ပါတယ်။ သူအပါအဝင် လူထုအခြေပြုအဖွဲ့တွေနဲ့ Mr. Yanghee Lee တို့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ တေ့ွဆုံမယ်လို့ ပြောပါတယ်။ တနင်္လာနေ့က မြစ်ကြီးနားမြို့မှာ ကချင်စစ်ပြေးဒုက္ခသည်တွေနဲ့ တေ့ွဆုံခဲ့တဲ့ Ms. Yanghee Lee က မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကချင်ပြည်နယ်ရဲ့အခြေအနေဟာ ပိုမိုဆိုးဝါးနေတာ တွေ့ရတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။ အခုခရီးစဉ်ဟာ Ms. Yanghee Lee ရဲ့ ၅ ခေါက်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေကို လေ့လာစုံစမ်းမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG