သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုံစမ်းရေး ကော်မရှင်ရဲ့ ဒုတိယအကြိမ် ရခိုင်ခရီး


ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင် ရခိုင်ပြည်နယ် ဒုတိယ ခရီးစဉ် (Myanmar President Office)
ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင် ရခိုင်ပြည်နယ် ဒုတိယ ခရီးစဉ် (Myanmar President Office)

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ဟာ ဇန်နဝါရီလအကုန်မှာ သူတို့ရဲ့ အပြီးသတ်အစီရင်ခံစာ မတင်ပြခင် ပြည်စုံမှန်ကန်တဲ့ အချက်အလက်တွေ ထပ်ပြီး လိုအပ်နေ တဲ့အတွက် ဇန်နဝါရီလ (၆-၇)ရက်နေ့ထိ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို သွားရောက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ မောင်တော ဖြစ်စဉ်မှာ နိုင်ငံတကာက ထောက်ပြနေတဲ့ လူသားချင်းစာနာမှုအကူအညီတွေခွင့်ပြုဖို့ ကိစ္စကို ရခိုင်ပြည်နယ်အစိုးရဘက်ကလည်း စီစဉ်ဆောင်ရွက်ပေးနေကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူကပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ နှစ်ရက်ကြာခရီးစဉ်အတွင်း မောင်တောဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၉)ရက်နဲ့ နိုဝင်ဘာလ (၁၂) ရက်၊ ၁၃ ရက်တွေမှာ အကြမ်းဖက်တိုက်ခိုက်မှု တွေဖြစ်ခဲ့တဲ့ နေရာတွေကို အဓိကထားပြီး ဒုတိယအကြိမ် သွားရောက်စစ်ဆေး မှုတွေလုပ်ခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးမင်းအောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“အခု ဒုတိယတခေါက်ကလည်း စုံစမ်းစစ်ဆေးရေးအတွက် ဆိုပြီးတော့ မောင်တောကို ၂ ရက်သွားခဲ့တာ ။ တနေ့ကရောက်ပြီးတော့ မနေ့က ပြန်လာတယ်၊ ၁ ညအိပ်ခဲ့တာပေါ့နော်။ အဲဒီက သူတို့ တွေ့ဖို့လူတွေ၊ တွေ့သင့်တဲ့လူတွေနဲ့ တွေ့ဆုံပြီးတော့ မေးမြန်းစုံစမ်းခဲ့တယ်ပေါ့။ အဲဒါကတော့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ပါလာမှာပေါ့နော်။”

ဇန်နဝါရီလ (၄)ရက်နေ့က ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာ ထွက်လာတဲ့အချိန်မှာပဲ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့က မွတ်စလင်ရွာသားတချို့ကို ရိုက်နှက်နေတဲ့ ဗွီဒီယိုမှတ်တမ်းဟာ လူမှုအင်တာနက်ကွန်ယက်တွေနဲ့ နိုင်ငံတကာသတင်းဌာနတွေမှာ ပျံနှံခဲ့ပါတယ်။ အခုလို လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေးချိူးဖောက်တဲ့ အချက်တွေကို ရခိုင်စုံစမ်းရေးကော်မရှင်က ထည့်သွင်းမဖေါ်ပြခဲ့ဘူးလို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း ဝေဖန်ထောက်ပြခဲ့ကြတာပါ။

ရခိုင်စုံစမ်းရေးကော်မရှင်ဘက်လည်း သူတို့ရဲ့ ဒုတိယအကြိမ် မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေမှာ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို စစ်ဆေးသုံးသပ်အကြံပြုချက်တွေအဖြစ် အစီရင်ခံစာအပြည့်အစုံကို သတ်မှတ်ချိန်အမှီ သမ္မတကို တင်ပြမှာဖြစ်တယ်လို့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ရွာသားတွေကို ရိုက်နှက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ကို စစ်ဆေးအရေးယူနေကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ရခိုင် ပြည်နယ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးမင်းအောင်က အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီလိုအကြမ်းဖက်တဲ့ အပြုအမှုတွေ လုပ်တဲ့လူတွေကို အရေးယူထားတာရှိတယ်လို့ သိရပါတယ်။ အဲဒီအရေးယူမူအပိုင်းကိုတော့ တဖက်မှာ ရဲလုပ်ငန်းတွေဖြစ်မယ်၊ တပ်မတော်လုပ်ငန်းတွေ ဖြစ်မယ် အဲဒါတွေကို ဥပဒေနဲ့ အညီကိုင်တွယ်နေပါတယ်။

မေး။ ။ ဟုတ်ကဲ့ တဆက်တည်း မေးချင်တာက မလေးရှားနိုင်ငံကနေ ရခိုင်ပြည်နယ်ကိုလာမယ်ဆိုတဲ့ ရိက္ခာတင်သင်္ဘောရဲ့ သတင်းကိုရော ရခိုင်ပြည်နယ်အစိုးရဘက်က ဘယ်လိုတွေကြားထားပါလဲရှင့်။

ဖြေ။ ။ သတင်းတွေအရတော့ လာမယ်လို့တော့ သိတာပေါ့ဗျာ၊ ဒါပေမယ့် လာမယ်ဆိုတာက သံတမန် လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရမှာပဲဗျ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ် သံတမန်လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်လာရင်တော့ ဘာမှ ပြဿနာ မရှိဘူးလေ။”

ဒါအပြင် နိုင်ငံတကာက ထောက်ပြနေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခမှာ အဓိကလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ခွင့်ပြုဖို့ဆိုတဲ့ ကိစ္စမှာလည်း MOU စာချုပ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်ပေးနေကြောင်း ဦးမင်းအောင်ကပြောပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ မကြာခင် ရက်ပိုင်းအတွင်းလာရောက်မယ့် ရခိုင်ပြည်နယ်ခရီးစဉ်အပါအဝင် အခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လာရောက်စုံစမ်းမှုတွေကိုလည်း ရခိုင်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း ဦးမင်းအောင်ကပြောပါတယ်။

“သူ့ရဲ့ခရီးစဉ်အသေးစိတ်ကတော့ မသိရသေးဘူး။ ဒါပေမယ့် ရက်ကတော့ ၁၃ ရက်နေ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ ကော်မရှင်အဖွဲ့တွေ လာတဲ့အခါ လိုအပ်ချက်တွေကို လာတာနဲ့ အမျှ ဖြည့်ဆည်းပေးနေတာ တောက်လျှောက်ရှိနေတယ်ခင်ဗျ။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းမှာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် စတဲ့ ဒေသတွေကို သွားရောက်လေ့လာမှာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာလည်းဖော်ပြထားပါတယ်။

Ms. Yanghee Lee ခရီးစဉ်မတိုင်ခင် ဒုတိယအကြိမ်မြောက် မောင်တောဒေသကို သွားရောက်စစ်ဆေးတဲ့ ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ဟာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ နိုရူလာကျေးရွာ ရဲကင်းစခန်းအပါအဝင် အကြမ်းဖက်သမားတွေကနေ မွတ်ဆလင်ရွာသားတွေကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဇင်ပိုင်ညာကျေးရွာနဲ့ အခြားရွာတွေမှာ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံပြီး ကျေးရွာလုံခြုံရေး၊ ဖွံဖြိုးတိုးတက်ရေးနဲ့ မွတ်ဆလင်ရွာသားတွေရဲ့ လိုအပ်ချက်တွေကို ရခိုင်စုံစမ်းရေးကော်မရှင်က မေးမြန်းခဲ့ကြောင်း သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG