သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကူအညီအတွက် သံတမန်လမ်းကြောင်းသုံးဖို့ မြန်မာတိုက်တွန်း


ဒုက္ခသည်များ
ဒုက္ခသည်များ

ရခိုင်ပြည်နယ်အတွက် နိုင်ငံတကာကနေ လူသားချင်းစာနာမှု အကူအညီတွေပေးအပ်လိုရင် သံတမန် လမ်းကြောင်း ကနေတဆင့် ဆက်သွယ်ဖို့ မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်မှုဟာ ရခိုင်ဒေသတခုထဲကိုဘဲသီးသန့် ကြပ်မတ်ဆောင်ရွက်ဖို့ မဟုတ်ဘနဲ့ဲ မြန်မာနိုင်ငံရဲ့ဘယ် နေရာ ဒေသကိုမဆို အဲဒီနည်းအတိုင်းသာလက်ခံမှာဖြစ်တယ်လို့ နိုင်ငံခြား ရေးဝန်ကြီး ဌာနကပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရဘက်ကတော့ ဘယ်အလှုကိုမှထိန်းချုပ်တာမျိုးမရှိပဲ လှုဒါန်းခွင့် ပေး မှာ ဖြစ်ပေမယ့် လုံခြုံရေးအရလိုအပ်ရင်တော့ ဘေးအန္တရယ် မဖြစ်စေဖို့ လိုအပ်တဲ့စီမံခန့်ခွဲမူတွေကို လုပ်သွားမယ်လို့ပြောပါတယ်။ ရခိုင်ဒေသက နိုင်ငံတကာအကူအညီတွေအကြောင်း အပြည့် အစုံကိုစည်သူကပြောမှာပါ။

လှုဒါန်းမှုတွေ လုပ်ဆောင်လိုတဲ့ ဘယ်နိုင်ငံတကာအဖွဲ့ အစည်းဖြစ်ဖြစ် သံတမန် လမ်းကြောင်း ကနေ ဆက်သွယ်ပေးဖို့ နဲ့ လှုဒါန်းမယ့် ပစ္စည်းတွေကို ကြိုတင်အကြောင်းကြားပေးဖို့ မြန်မာအစိုးရက ထုတ် ပြန်လိုက်ပါတယ်။ လှုဒါန်းမှုတွေနဲ့ပတ်သတ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကအကောင်းဆုံးပူးပေါင်း သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဇေယျကပြောပါတယ်။

“ရခိုင်ပြည်နယ်ကို အာဆီယံနိုင်ငံတွေကလိုပဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဒါနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကလည်း သတင်းထုတ်ပြန်ထားပါတယ်။တဘက်က လှူဒန်းချင်တဲ့သူကလည်း ကျနော်တို့ပြောတဲ့အချက်တွေကို အသေအချာဖတ်ပြီးတော့ အလေးအနက်လိုက်နာဆောင်ရွက်ဖို့ပြောချင်ပါတယ်။”

အကူအညီတွေ ရောက်လာတဲ့အခါ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ပြည်နယ်တိုင်း အစိုးရတွေနဲ့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဦးကျော်ဇေယျကပြောပါတယ်။ ဒီလိုထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ပါ သတ်မှတ်ချက်တွေဟာ ရခိုင်ဒေသတခုထဲကိုဘဲ ရည်ရွယ်တာမဟုတ်ကြောင်း ဦးကျော်ဇေယျက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီလာမယ်ဆိုရင်တော့ ရှင်းပါတယ်။ ဒီသံတမန်နည်းလမ်းကြောင်းကပဲ အကြောင်းကြားမယ် ၊ ညှိနှိုင်းတဲ့အနေအထားမျိုးပါ။”

လာရောက်လှုဒါန်းတဲ့ အကူအညီတွေကို ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်း ၂ ခုလုံးကို ခွဲခြားမှု မရှိဘဲ လှူဒါန်းပေးဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ လှုဒါန်းတဲ့နေရာမှာ အလှုပစ္စည်းမဟုတ်ဘဲ ငွေသားနဲ့ပေးမယ်ဆိုရင်လဲနိုင်ငံတကာဘဏ်စာရင်းတွေကနေ လက်ခံပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရဘက်ကတော့ ဘယ်အလှုကိုမှထိန်းချုပ်တာမျိုးမရှိပဲ လှုဒါန်းခွင့်ပေး မှာ ဖြစ်ပေမယ့် လုံခြုံရေးအရလိုအပ်ရင်တော့ ဘေးအန္တရယ် မဖြစ်ဖို့ စီမံခန့်ခွဲမူတွေကို ဗဟိုအစိုးရ နဲ့အတူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြည်နယ်ပြန်ကြားရေးတာဝန်ခံ ကိုမင်းအောင်က ခုလိုပြော ဆိုလိုက်ပါတယ်။

“ဘယ်နေရာတွေမှာလိုအပ်တယ်၊ ဘယ်နေရာတွေမှာတော့ မလိုအပ်ဘူး၊ ဘယ်အချက်က သဘောတူတယ်၊ မတူဘူးဆိုတာတွေကို ဒါမျိုးတွေကို ကျနော်တို့ စီစဉ်ပေးရတာရှိတယ်လေ။ နိုင်ငံတကာအဖွဲ့အစည်းတွေ UN အောက်က အဖွဲ့အစည်းတွေလာကူနေတာတွေရှိတယ်လေ။ ရှိတဲ့နေရာမှာ ဘယ်နေရာကတော့ လှူသင့်တယ်၊ ဘယ်နေရာကတော့ မလှူသင့်ဘူး ဆိုတဲ့အနေအထားတွေကိုတော့ ကျနော်တို့ ပြောပြတာတော့ရှိတာပေါ့။ မောင်တောမြို့နယ်မှာဆိုရင် တချို့ရခိုင်တိုင်းရင်းသားရွာတွေဆိုရင် ထွက်သွားလာဖို့ အခက်အခဲရှိနေတာပေါ့။ ကျနော်တို့မွတ်ဆလင်အများစုကြားမှာ ရှိနေတဲ့ရွာလေးတွေပေါ့နော်။ အဲဒီလိုမသွားရဲ၊ မလာရဲတဲ့အနေအထားလေးတွေမှာ အဲဒီလိုမျိုးတွေကျတော့ လူတွေပေးလို့ရတာပေါ့။”

ရခိုင်ဒေသတွင်းမှာ နေထိုင်ကြတဲ့ အစ္စလမ်ဘာသာဝင် အချို့ကတော့ အကူအညီတွေကို ပိတ်ထား တာတွေမလုပ်ဘဲ တကယ် အကျိုးရှိရှိသုံးနိုင်ဖို့ အစိုးရကခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ ငါးခူရ ဒေသခံ အစ္စလမ်ဘာသာဝင်တဦးက လက်ရှိ အကူအညီရရှိမှုအပေါ်ခုလိုပြောဆိုသွားပါတယ်။

“နိုင်ငံခြားကလာပြီးတော့ ပေးမယ်လုပ်နေတဲ့အပေါ်မှာတောင်မှာ နိုင်ငံတကာက ဖိအားကတော့ ကောင်းကောင်းမရှိဘူး ၊ ကျနော်တို့ကို လာမပေးခိုင်းဘူးဆိုတော့လည်း။”

မကြာခင်မှာ အစိုးရထုတ်ပြန်ထားတဲ့ မူဝါဒနဲ့အညီ လှုဒါန်းဖို့ အင်ဒိုနီးရှားနိုင်ငံက တရားဝင် အဆိုပြုကမ်းလှမ်းထားပြီး လာမယ့် ဇန်နဝါရီ ၁၅ရက်မှာ အလှုပစ္စည်းတွေရောက်လာမယ်လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ဒီပစ္စည်းတွေကို ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်လိုလှုဒါန်းမလဲ ဆိုတာကိုတော့ အသေးစိတ် ညှိုနှိုင်းရခြင်းမရှိသေးလို့ ထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူး။ ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းကတော့ မလေးရှားနိုင်ငံ အစ္စလာမ်အဖွဲ့အစည်းတခုကနေ မြန်မာနိုင်ငံ ရခိုင်ပြည်ထဲက မွတ်ဆလင်တွေကို အကူအညီပေးဖို့ သင်္ဘောစေလွှတ်မယ်ဆိုပြီး ပြောဆိုခဲ့ဖူးတာရှိပါတယ်။ မြန်မာဖက်ကတော့ ခွင့်ပြုချက်မရပဲ မြန်မာပိုင်နက်ထဲဝင်ရောက်လာမယ်ဆိုရင် ဒါဟာ နိုင်ငံရဲ့အချုပ်အချာအာဏာကိုထိပါးတယ်လို့ ယူဆစရာရှိပြီး၊ အကူအညီတွေ ပေးဖို့ဆိုရင်တော့ သံတမန်လမ်းကြောင်းကနေ ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG