သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ အမျိုသမီးကျောင်းဆရာများ ပြောင်းရွှေ့ခွင့်ပြု


 မောင်တောမြို့နယ်က ကျောင်းတကျောင်း (MOI)
မောင်တောမြို့နယ်က ကျောင်းတကျောင်း (MOI)

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက ပညာရေး ဝန်ထမ်း အမျိုးသမီး ၁၈၀ ကျော်ကို နယ်ပြောင်းရွှေ့ခွင့်ပေးလိုက်ပါတယ်။ လစ်လပ်သွားတဲ့ ပညာရေး ဝန်ထမ်းတွေ နေရာမှာ ဒေသခံ အမျိုးသား ဝန်ထမ်းတွေ ခန့်အပ် တာဝန်ပေးသွားဖို့လည်း စီစဉ်နေတာပါ။ အမျိုးသမီး ပညာရေး ဝန်ထမ်းတွေနေရာမှာ အမျိုးသားတွေနဲ့ အစားထိုးဖို့ ဘာကြောင့် ဆောင်ရွက်ရပါလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း ဒေသတွင်းက အမျိုးသမီး ကျောင်းဆရာတွေကို နယ်ပြောင်းရွှေ့ခွင့် ရခိုင်ပြည်နယ် အစိုးရက ပေးလိုက်ပါတယ်။ ဒီ အမျိုးသမီး ပညာရေး ဝန်ထမ်းတွေ နေရာမှာ အမျိုးသား ပညာရေး ဝန်ထမ်းတွေနဲ့ အစားထိုးမှာ ဖြစ်တယ်လို့လည်း ရခိုင် အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

“ပြောင်းရွှေ့ခွင့်ပြုထားပါတယ်။ အဲဒါ မြို့နယ်ပညာရေးမှူးရုံးက နေပြီးတော့ ပြောင်းရွှေ့ခွင့် ၊ အမျိုးသား ကျောင်းဆရာတွေနဲ့ အစားထိုးပြီးတော့ သင်ကြားသွားမှာပေါ့နော်။”

အစိုးရ နယ်ခြားစောင့် စခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ဒေသတွင်း လုံခြုံရေး စိုးရိမ်ချက်နဲ့ မောင်တော ဒေသတွင်းက ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။ အခု ကျောင်းတွေ ပြန်ဖွင့်ပြီးနောက် ပညာရေး ဝန်ထမ်း အမျိုးသမီးတွေ နေရာမှာ အမျိုးသားတွေနဲ့ အစားထိုးဖို့ ဆုံးဖြတ်ချက် ထွက်လာတာပါ။ ဒါနဲ့ ပတ်သက်ပြီး မောင်တော လွှတ်တော် အမတ် ဦးမောင်အုန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာရှိပါတယ်။ သူတို့ကိုယ်တိုင် စိုးရိမ်စိတ်နဲ့ မနေရဲတာတွေလည်းရှိပါတယ်။ ဒေသခံတွေကို ဦးစားပေးပြီးတော့ ခန့်မယ်လို့ ပြောပါတယ် ခင်ဗျ။

မောင်တော ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေ ရှိနေပေမယ့်လည်း ပညာရေး၊ ကျန်းမာရေး ဌာနတွေ ဝန်ထမ်းတွေ အပေါ်မှာ တိုက်ခိုက်မှုတွေ မရှိသလို စိုးရိမ်စရာလည်း မရှိဘူးလို့ ရခိုင် အစိုးရ ပြောခွင့်ရ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

“ဒီအရပ်ဖက်ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ အပေါ်မှာဆိုရင်တော့ ဒီလို ပညာရေး၊ ကျန်းမာရေး အနေအထားမှာတော့ သိပ်စိုးရိမ်စရာတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အမျိုးသားတွေက ပိုပြီးတော့ သင့်တော်မယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတာ ရှိပါတယ်။ ပညာရေးဌာနကလေ။”

မောင်တော ဒေသတွင်း နယ်ခြားစောင့် စခန်း သုံးခု အကြမ်းဖက် တိုက်ခိုက်ခံရမှု အတွင်း အစိုးရ လုံခြုံရေး ဝန်ထမ်းတွေ ကျဆုံးပြီး လက်နက်တွေ ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း မွတ်စလင် အများစု နေထိုင်ရာ ဒေသတွင်း လုံခြုံရေးစိုးရိမ်ချက်ကြောင့် ရခိုင် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ပညာရေး ဝန်ထမ်း ကျောင်းဆရာတွေကိုလည်း ဘေးလွတ်ရာ မောင်တော မြို့ပေါ်ကို အာဏာပိုင်တို့ ပို့ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG